စစ်ကောင်စီရဲ့ ဝင်ငွေခွန်အပေါ် ပြည်ပရောက် တောင်ပိုင်းသားတွေရဲ့အမြင်
စစ်ကောင်စီရဲ့ ဝင်ငွေခွန်အပေါ် ပြည်ပရောက် တောင်ပိုင်းသားတွေရဲ့အမြင်
၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မလုံခြုံမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားအများစုဟာ နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံအသီးသီးကို အလုပ်လုပ်ဖို့၊ ခိုလှုံနေထိုင်ဖို့ ထွက်ခွါသွားကြပါတယ်။ ပြည်တွင်းမှာမလုံခြုံလို့ ပြည်ပထွက်တဲ့ မြန်မာနိုင်ငံသားတွေဟာ ခေါင်းပုံဖြတ်ခံရတာ၊ လူမှောင်ခိုကူးခံရတာ၊ လုပ်ငန်းခွင်အန္တရယ်ကာကွယ်မှု မရတာ စတဲ့အခက်အခဲမျိုးစုံ ရင်ဆိုင်ကျော်ဖြတ်နေရတာပါ။ ဒါပေမယ့် စစ်ကောင်စီကတော့ ဒါတွေကို လစ်လျှူရှူလို့ ပြည်ပရောက်နိုင်ငံသားတွေဆီကနေ အခွန်ဆောင်ဖို့နဲ့ ငွေလွဲဖို့ကို ပတ်စပို့သက်တမ်းတိုးခွင့်နဲ့ ခြိမ်းခြောက်ပြီး အကြပ်ကိုင်နေပါပြီ။
အခွန်ဆောင်တဲ့ကိစ္စက နိုင်ငံကြီးသား ပီသမှုရဲ့ ပြယုဂ်ဆိုပေမယ့် အာဏာသိမ်းထားတဲ့ စစ်တပ်အစိုးရကိုတော့ အခွန်ဆောင်ဖို့ လူထုက စိတ်ကော၊ လက်ပါ တွန့်ဆုတ်နေကြပါတယ်။ သူတို့ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ အခွန်နဲ့ပတ်သက်ပြီး သူတို့သဘောထားက ဘယ်လို ရှိနေပါသလဲ။ အခုတစ်ပတ်ရဲ့ တောင်ပိုင်းသားတို့အသံ အစီအစဉ်ကနေ ဆက်သွယ်မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ထိုင်းနိုင်ငံမှာ ၅ နှစ်နီးပါး အလုပ်လုပ်နေတဲ့ ပုလောဒေသခံအမျိုးသားတစ်ဦး
မေး - လစဉ် ဝင်ငွေခွန်ဆောင်ရတာတွေရှိလား။ ဘယ်လိုတွေဆောင်ရလဲ။ဘယ်လောက်ပေးရလဲ။
ဖြေ - ထိုင်းဖက်ကတော့ ကျန်းမာရေးအာမခံအခွန်ဆောင်တာပဲ ရှိတယ်ဗျာ့။ မြန်မာဖက်မရှိဘူးဗျာ့။ ကျန်းမာရေးအာမခံ ထိုင်းအခေါ်အဝေါ် (ပတ်ကန်စံခွန်) ကျနော်တို့အလုပ်ရုံမှာတော့ တစ်လကို ဘတ် ၁၆၀ ပေးရတယ်။ အခြားအလုပ်ရုံတွေဒီထက်ပိုများနိုင်တယ်။ စီအိုင်စာအုပ်(မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်) သုံးလတစ်ကြိမ်တိုးရတယ်။ ဒီနေ့တောင် ဘတ် ၁၅၀ ပေးလိုက်သေး။ စာအုပ်သက်တမ်းတိုးဖို့။
မေး - လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာကိုတရားဝင်ပြန်လွဲရတာမျိုးကောရှိလား။ လွှဲဖြစ်လား။
ဖြေ - မရှိသေးဘူးဗျာ့။
မေး - မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လစဉ်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမယ်လို့ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဘယ်လိုပြောရမှန်းတောင်မသိဘူး။ ပြည်ပရောက် နိုင်ငံသားတိုင်းသာ တော်လှန်ရေးကိုအဲ့လောက်ကူရင် အခုဆို အခုအခြေအနေထက်ခရီးရောက်မှာ။ အာဏာရှင်ကတော့သူတို့အာဏာတည်မြဲရေးအတွက်ပြည်သူတွေဆီကရတဲ့နေရာက ညှစ်ယူမှာပဲ။ ဘယ်လိုမြင်လဲ ဆိုတော့ ပြည်သူတွေဆီကမတရားအနိုင်ယူငွေညှစ်တယ်လို့ပဲ မြင်ပါတယ်။
မေး - ထိုင်းနဲ့ မြန်မာနှစ်ဘက်လုံးမှာ ဝင်ငွေခွန်ဆောင်ရတော့မယ်ဆိုတော့ ဝင်ငွေဘယ်လောက်ထိ ထိခိုက်လာနိုင်လဲ။
ဖြေ - ထိုင်းမှာကုန်စျေးနှုန်းက မြှင့်တက်လာပြီးတော့ လုပ်အားခက မတိုးတဲ့အတွက်လုပ်သမားတွေအခြေအနေဆိုးနေတဲ့ကြားထဲ နှစ်နိုင်ငံအခွန်တောင်ရဦးမယ်ဆိုတော့ ထိုင်းရောက်အလုပ်သမားတွေဘဝကတော့ မတွေးရဲစရာပဲ။ မာမားရုပ်ထွက်ဖို့ပဲ ရှိတော့တယ်။
မေး - ဝင်ငွေခွန်ပေးဆောင်တဲ့ အတွက် စစ်ကောင်စီဘက်က စောင့်ရှောက်မှု ဘာပြန်ရတာရှိလဲ။
ဖြေ - စောင့်ရှောက်ကာကွယ်မှုကတော့ဘာတစ်ခုမှမရတာပါ။ ယခုအချိန် ထိုင်းအလုပ်ရှင်ဖက်ကတော့ မလုပ်ချင်မလုပ်နဲ့ အလုပ်သမားအခွင့်အရေးတွေ ဘာမှလာမတောင်းဆိုနဲ့လို့ဆိုတဲ့အတိုင်းဘဲ အမိမဲ့သားရေနဲ့ငါးလိုကို ဖြစ်နေတာပါ။ ပြီးခဲတဲ့တစ်လ လောက်ကတော့ အသိတစ်ယောက်လုပ်နေတဲ့အလုပ်ရုံမှာ ပိုက်ဆံမရှင်းတာ တစ်လနှစ်လလောက်ကြာသွားလို့ အလုပ်သမားတွေဆန္ဒပြတောင်းဆိုကြတာ ဆန္ဒပြတဲ့အလုပ်သမားတွေကို အကုန်လုံးအလုပ်ထုတ်လိုက်တယ်လို့ ပြောပါတယ်။ အဲလိုမျိုးဖြစ်ရပ်တွေ အပါအဝင်ပေါ့။
မေး - အခွန်တိုးကောက်ခံလာတဲ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ - ဘာမှမပြောချင်ပါဘူး။ ကန်တော့ပါရဲ့၊ အော်အော်ကြီးပဲ ဆဲချင်တော့တာပါ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ၂ နှစ်ကျော်ရှိပြီဖြစ်တဲ့ ရေဖြူမြို့နယ်က အမျိုးသားတစ်ဦး
မေး - လစဉ် ဝင်ငွေခွန်ဆောင်ရတာတွေရှိလား။ ဘယ်လိုတွေဆောင်ရလဲ။ဘယ်လောက်ပေးရလဲ။
ဖြေ - အကိုတို့မှာတော့လစဉ်ဝင်ငွေခွန်ဆောင်ရတာမျိုးတော့မရှိသေးပါဘူး။ စက်ရုံလုပ်ငန်းမှာလုပ်နေကြတဲ့သူငယ်ချင်းအချို့ပြောကြတာတော့ စက်ရုံကြီးတွေမှာ စပြီးကောက်ခံနေပြီလို့လည်းကြားတယ်။ ကောက်တယ်ဆိုပေမယ့် ဖြတ်တာပေါ့လေ။ ပိုက်ဆံထွက်တဲ့အချိန်မှာ ရာခိုင်နှုန်းနဲ့ ဖြတ်ခဲ့တာမျိုးဆို အလုပ်သမားတွေအနေနဲ့ ဆန္ဒထပြတာကလွဲလို့ လုပ်နိုင်တာသိပ်မရှိဘူးပေါ့။ဘယ်လောက်လဲတော့ အကိုလည်း သေချာမသိပါဘူး။ အကိုတို့မှာ မပေးဆောင်ရသေးဘူးဆိုတော့လေ တတ်နိုင်သမျှတော့မဆောင်လို့ရအောင်နေမှာပါ။
မေး - လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာကိုတရားဝင်ပြန်လွဲရတာမျိုးကောရှိလား။ လွဲဖြစ်လား။
ဖြေ - တရားဝင်လွှဲရတာမျိုးမရှိသေးဘူး။နောက်တော့ဘယ်လိုလာမယ်မသိဘူး။
မေး - မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လစဉ်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမယ်လို့ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဒါကတော့သိသာနေတာပါပဲ။ စစ်ရေးရှုံးနိမ့်မှုတွေရယ်၊ နယ်စပ်မြို့တွေဆုံးရှုံးနေတာရယ်၊ နဂိုကတည်းက နိုင်ငံခြားဝင်ငွေ မရှိသလောက်ဖြစ်နေတာရယ်ကြောင့် တတ်နိုင်သမျှ ဝင်ငွေရမယ့်နည်းလမ်းတွေဖြစ်တဲ့ နိုင်ငံသားတွေကိုဒုက္ခပေးမယ်လို့ ခံယူထားပုံရတယ်။ ဖြစ်နိုင်ရင် ၂ ရာခိုင်နှုန်းလောက်နဲ့ဘယ်ကျေနပ်မလဲ ၅၀ ရာခိုင်နှုန်း လောက်တောင်သူတို့လိုချင်မှာပေါ့။ဝင်ငွေရနိုင်တဲ့နည်းလမ်းတွေစဉ်းစားပြီး အခုလိုအခွန်ကောက်တဲ့နည်းလမ်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘေးကြပ်နံကြပ်ဖြစ်အောင်လုပ် တာပေါ့လေ။ ပေးလည်းမပေးချင်၊ မပေးရင်လည်း ပတ်စ်ပို့ သက်တမ်းနဲ့ ခြိမ်းခြောက်နေတော့ အလုပ်သမားတွေအခက်တွေ့နေကြတယ်။ ဆိုတော့အမြင်က မြန်မာနိုင်ငံသားတွေကိုပြည်တွင်းရောပြည်ပ ပါမကျန် လိုက်ဒုက္ခပေးနေတယ်လို့ မြင်မိပါတယ်။ တစ်ခုရှိသေးတယ်၊ သံရုံးတွေပေါ့၊ စကစခိုင်းတဲ့အတိုင်း လုပ်နေကြတော့သူတို့ကို နိုင်ငံရေးအရ မဟုတ်ရင် ပြည်သူတွေရဲ့ဆန္ဒအရ ဖိအားပေးလို့ရနိုင်မယ့်နည်းလမ်းတွေ ရှိရင်ကောင်းမယ်လို့ထင်တယ်။
မေး - ထိုင်းနဲ့ မြန်မာနှစ်ဘက်လုံးမှာ ဝင်ငွေခွန်ဆောင်ရတော့မယ်ဆိုတော့ ဝင်ငွေဘယ်လောက်ထိ ထိခိုက်လာနိုင်လဲ။
ဖြေ - နဂိုကမှရတဲ့လစာကိုချင့်ချိန်သုံးနေရတာ။ မိသားစုကိုလည်းပေးလို့ရအောင်၊ အကြွေးလေးလည်းဆပ်နိုင်အောင်၊ လကုန်ရင်အခန်းခ၊ရေခမီးခ၊ စားဖို့သောက်ဖို့ ဆိုတော့။ အခုလိုသာဝင်ငွေခွန်ဆောင်ရရင်တော့ စုမိတော့မှာမဟုတ်တော့ဘူး။ အကြွေးတွေတောင်ထပ် တင်လာနိုင်တယ်။ ဘာလို့ဆို ပန်းရောင်ဘတ်နဲ့ ပတ်စ်ပို့၊ ဝါ့ပါမစ် ကိစ္စတွေကလည်းပုံမှန်လုပ်နေရတာလေ။
မေး - ဝင်ငွေခွန်ပေးဆောင်တဲ့ အတွက် စစ်ကောင်စီဘက်က စောင့်ရှောက်မှု ဘာပြန်ရတာရှိလဲ။
ဖြေ - ဘာမှရမှာ မဟုတ်တာတော့သေချာပါတယ်။ ကျန်တာကိုယ်ဖြစ်ကိုယ်ခံ ပွဲစားတွေလိမ်တာတို့ဘာတို့ဆိုလည်းAACတို့လိုအဖွဲ့တွေ အရင်အစိုးရလက်ထက်ကပေါ်ပေါက်လာတဲ့အဖွဲ့တွေကိုပဲ တိုင်တော ကြတာများတယ်။ သူတို့လည်းလိုက်လုပ်ပေးကြတယ်။ စကစဘက်က တာဝန်ခံလုပ်ပေးနေတာမျိုး မကြားမိဘူး။
မေး - အခွန်တိုးကောက်ခံလာတဲ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ - စကစ ကိုပြောချင်တာတွေကတော့အများကြီးပါပဲ။ မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလိုပြည်ပတွေ ထွက်ပြေးတိမ်းရှောင် အောင် ဒုက္ခပေးတာလည်း သူတို့ပဲ။ တကယ် ဒုက္ခရောက်နေတုန်းကလည်း ဘယ်နားမှာမှအကူအညီလေးနည်းနည်းလေးမှ မပေးဖူးဘဲနဲ့ အခွန်ကျလိုချင်နေတော့ ဘယ်လောက်ထိဒုက္ခပေးမယ်လို့ကြံစည်ထားလဲဆိုတာ မေးကြည့်ချင်မိတယ်။ စကစအနေနဲ့အရှုံးကိုလက်ခံပြီး ပြည်သူတွေ ကိုဒုက္ခလိုက်မပေးဘဲ ပြေးကြပါတော့လို့။ မြေပြင်မှာရှိတဲ့စစ်သားတွေအနေနဲ့လည်း မြန်မြန်အလံဖြူထောင်ကြပါလို့ ပြောချင်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်တဲ့ ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦး
မေး - လစဉ် ဝင်ငွေခွန်ဆောင်ရတာတွေရှိလား။ ဘယ်လိုတွေဆောင်ရလဲ။ဘယ်လောက်ပေးရလဲ။
ဖြေ - လစဉ်ဝင်ငွေ ဆောင်ရတာတော့ မရှိသေးဘူးရှင့်။ ကြားမိတာတော့ အခွန်မဆောင်ရင် passport သက်တမ်းမတိုးပေးသေးဘူးပဲ ကြားရတာပါရှင့်။ ဘယ်လောက်ဆောင်ရမယ်ဆိုတာကို အတိအကျမသိသေးဘူးပေါ့နော်။ သူတို့ထုတ်ပြန်ထားတာရှိပေမဲ့ သူတိုထုတ်ပြန်ချက်ကိုသိပ်အရေးမစိုက်ဘူးဆိုတော့ တိတိကျကျ မသိဘူးရှင့်။ ထိုငျးအစိုးရကိုဝောာ့ ဆောင်ရတာရှိပါတယ်။ CI ဆိုပြီးခေါ်ကြတဲ့ နေထိုင်ခွင့်လက်မှတ်ကို ဗမာဘက်က လေးနှစ်၊ ထိုင်းဘက်က တစ်နှစ်သက်တမ်းပေးထားပေမဲ့ သီးသန့်သုံးလတစ်ကြိမ် ထပ်တိုးရတာရှိပါတယ်။ တိုးတဲ့အခါ ဝန်ဆောင်မှု ရုံးမှာ တိုက်ရိုက်ဆောင်လုပ်ရသလို ဝန်ဆောင်ပေးတဲ့ ပွဲစားတွေလည်း ရှိပါတယ်။ ဒီမှာတော့ပုံမှန်အားဖြင့် ပွဲစားနဲ့တိုးကြတာချည်းပဲ။ ဘတ် ၂၀၀ (၁၉,၀၀၀ ကျပ်ဝန်းကျင်)ပေးရပါတယ်။
မေး - လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာကိုတရားဝင်ပြန်လွဲရတာမျိုးကောရှိလား။ လွဲဖြစ်လား။
ဖြေ - အဲလိုမျိုးတော့မရှိပါဘူး။ လွှဲလည်း မလွှဲဖြစ်ပါဘူး။
မေး - မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လစဉ်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမယ်လို စစ်ကောင်စီထုတ်ပြန်လိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခပေးယုံမက ပြည်ပရောက်လူတွေပါ ဒုက္ခပေးတာပေါ့။
တိုင်းပြည်နိုင်ငံရေးအခြေအနေကြောင့် ဒီနိုင်ငံမှာပြည်ပရောက်လူတွေ အလုပ်အကိုင်ရှားပါးမှုပြသာနာတွေအပြင် ဖိနှိပ်မှုခံနေရတာအများကြီးပါပဲ။ လုပ်အားခမရတာတွေ၊ အချိန်ပိုခိုင်းတာတွေ လုပ်ခတန်ဖိုးအပြည့်အဝမရတာတွေ အများကြီး၊ အများကြီးပါပဲ။ ပြီးတော့ ဒီမှာအလုပ်မရှိသူတွေမှအများကြီး။ အလုပ်မရှိပေမယ့် နေထိုင်ခွင့်တွေအတွက် passportအတွက်ကုန်ကျစရိတ်၊ အိမ်ခန်းခတွေ စားစရိတ်တွေက ပေးနေရတာပါပဲ။ ဘယ်သူဘယ်သူမှတော့ ဒီအခွန်ကိုမဆောင်ချင်ကြဘူး။ သူတို့က passportသက်တမ်းတိုးမရဘူးဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့အကျပ်ကိုင်တယ်။ ဒီနိုင်ငံ တချို့နေရာတွေမှာ passportမရှိရင် အလုပ်ရဖိုမပြောနဲ့ အိမ်ခန်းတောင်ငှားမရပါဘူး။ သူတို့သတ္တိရှိရင် ဘာနဲ့မှ မချုပ်ကိုင်ဘဲ ဒီအတိုင်းအခွန်ဆောင်ကြလို့ပြောကြည့်ကြည့်ပေါ့။ သူတို့လို အဖွဲ့အစည်းကို ဘယ်သူမှ ဆောင်ချင်မှာမဟုတ်ပါဘူး။
မေး - ထိုင်းနဲ့ မြန်မာနှစ်ဘက်လုံးမှာ ဝင်ငွေခွန်ဆောင်ရတော့မယ်ဆိုတော့ ဝင်ငွေဘယ်လောက်ထိ ထိခိုက်လာနိုင်လဲ။
ဖြေ - ဝင်ငွေခွန်ထိခိုက်၊ မထိခိုက်တာထက်ပေါ့နော်၊ သူတို့မို့လိုကို မဆောင်ချင်တာ။ နိုင်ငံခြားရောက်နေပေမဲ့ ကိုယ့်နိုင်ငံအတွက် အခွန်ဆောင်ရတာက တာဝန်ပါပဲ။ တစ်ခြားနိုင်ငံမှာလည်း အဲလိုစည်းမျဉ်းတွေရှိတာပါပဲ။ ဒါပေမဲ့ အခုစစ်ကောင်စီကို ပြန်အခွန်ဆောင်ရမှာက ကိုယ်သေတွင်းကိုယ်တူးနေသလိုလို့ထင်တာပဲ။ ကိုယ်သွင်းလိုက်တဲ့ ဝင်ငွေအခွန်ကနေ ကိုယ့်ကိုပြန်သတ်မှာပါပဲ။ မိမိကိုယ်တိုင်မဟုတ်တောင်မြန်မာပြည်မှာကျန်ခဲ့တဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေလည်း ပါချင်ပါနိုင်တာပဲ။

မေး - ဝင်ငွေခွန်ပေးဆောင်တဲ့ အတွက် စစ်ကောင်စီဘက်က စောင့်ရှောက်မှု ဘာပြန်ရတာရှိလဲ။
ဖြေ - သူတို့ဘက်ကရတဲ့ စောင့်ရှောက်မှုကတော့ အိုးအိမ်တွေမီးလောင်မယ်၊ ကလေး သူငယ်တွေ ပညာသင်ခွင့်ဆုံးရှုံးမယ်။ အိမ်ခြေယာမဲ့နဲ့ စိတ်မလုံမခြုံမှုတွေပဲ ရမှာပါ။
မေး - အခွန်တိုးကောက်ခံလာတဲ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ - အခွန်တိုးကောက်ခံလာတဲ့အတွက်တော့ ပြောစရာတော့မရှိပါဘူး။
ဒါတွေကိုကြိုတွက်ထားပီးသားဖြစ်သလို သူတိုအနေနဲ့ ဒီထက်ရက်စက်တဲ့ လုပ်ရပ်တွေကိုတောင် လုပ်နေနိုင်သေးတာပဲ။
The Tanintharyi Times

