ရိက္ခာတင်လာတဲ့စစ်ကောင်စီယာဉ်တန်းနဲ့ PDF တွေ တနင်္သာရီမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ရိက္ခာတင်လာတဲ့စစ်ကောင်စီယာဉ်တန်းနဲ့ PDF တွေ တနင်္သာရီမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

ပုံစာ - တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တနင်္သာရီမြို့နယ်မှ တိုက်ပွဲဖြစ်တာ နှစ်ရက်ရှိပြီလို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

မြိတ်မြို့ဘက်ကလာတဲ့ ရိက္ခာတင်ယာဥ်တန်းရဲ့ ရှေ့ပြေးကား ၄ စီးက စစ်ကောင်စီတပ်သားတွေနဲ့​ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုကျေးရွာအနီးမှာ မနေ့ကမနက် ၁၀ နာရီဝန်းကျင်နဲ့ ဒီကနေ့မနက် ၇ နာရီခွဲဝန်​ကျင်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာပါ။

“ပစ်သံတွေပေါက်ကွဲသံတွေ အကုန်ကြားနေရတာပေါ့။ တိုက်ပွဲပြီးသွားရင် နောက်ထပ် လက်နက်ကြီး ဆက်ပစ်နေတာမျိုးတော့မရှိဘူး။ ခဏဖြစ်ပြီးရင် ငြိမ်သွားတယ်”လို့ အနီးအနားရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲနှစ်ကြိမ်စလုံးဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။

မနေ့ကတိုက်ပွဲကိုတော့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ပကဖရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

မြိတ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲက ရိက္ခာယာဥ်တန်းရဲ့ရှေ့ပွိုင့်ကကားတွေနဲ့ဖြစ်နေတာပါ။ မိုင်းတွေလည်း ထိထားတော့ သူတို့ဘက်က ထိခိုက်မှုလည်းများတယ်။ အသေးစိတ်တော့မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မနေ့ကတိုက်ပွဲဖြစ်ပွားပြီးနောက် ကမ်းတိုရွာတဝိုက်ကဒေသခံလေးဦးလောက်ကိုဖမ်းဆီးသွားပြီး ဒီနေ့ညနေပိုင်းအထိလည်း ပြန်လွှတ်ပေးတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေပြောပြချက်အရ စစ်ကောင်စီတပ်သားတွေ လက်ရှိအချိန်ထိလည်း ဘန်းလမွတ်ကျေးရွာအုပ်စုထဲမှာရှိနေဆဲလို့ ​သိရပါတယ်။

အခုလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ တွေမှာလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁)တပ်ရင်း နှစ်ရက်ဆက်ပစ်ခတ်ခံခဲ့ရတာ ရှိပါတယ်။

မြိတ် ပကဖ ကတော့ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် တနင်္သာရီမြို့နယ်အတွင်းက ပြည်သူတွေ အရေးတကြီးကိစ္စမရှိရင်သွားလာတာ မပြုလုကြဖို့ သတိပေးထားပါတယ်။

The Tanintharyi Times