တနင်္သာရီက မြို့နယ်နှစ်ခုမှာ ပျူစောထီးစခန်းနဲ့ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရ
တနင်္သာရီက မြို့နယ်နှစ်ခုမှာ ပျူစောထီးစခန်းနဲ့ စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရ
တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ နှစ်ရက်အတွင်း စစ်ကောင်စီယာဉ်တန်းနဲ့ ပျူစောထီးစခန်းတွေတိုက်ခိုက်ခံခဲ့ရပြီးနှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
အခုလ ၂၄ ရက်နေ့ ညသန်းခေါင်အချိန်မှာ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်မှာ စစ်ကောင်စီတပ်ဘက်က မင်းဂုတ်ကျေးရွာထဲကို ၄၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး မြိတ်မြို့က ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ပျူစောထီးအဖွဲ့ဝင်ဆိုသူရဲ့ နှစ်ထပ်တိုက်အိမ်တစ်ဆောင်ကိုလည်း မီးရှို့ခဲ့တယ်လို့ တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
“ကျနော်တို့ မင်းဂုတ်ရွာထဲမရောက်ခင် ၈ နာရီလောက်ကတည်းက အိမ်ရှင်တွေက အိမ်မှာမရှိကြတော့ဘူးတဲ့။ သတင်းကြိုရပြီး ကြိုရှောင်လိုက်တာဖြစ်မယ်။ အိမ်မီးရှို့တုန်းကတော့ အိမ်မှာလူမရှိဘူး။” လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုငါးမန်းကတော့ ပျူစောထီးအဖွဲ့ဝင်ဆိုသူရဲ့အိမ်ဟာ မီးရှို့ခံရတာမဟုတ်ဘဲ ဖျက်ဆီးခံရတာ လို့ ပြောဆိုထားပါတယ်။
မင်းဂုတ်ကျေးရွာ ပစ်ခတ်မှုကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပုလော(ပကဖ)၊ ကျွန်းစု(ပကဖ)တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်အသိပေးထားပါတယ်။
အဲဒီနေ့ မနက် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားကို မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ တနင်္သာရီ(ပကဖ)နဲ့ ပုလော(ပကဖ)အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလ ၂၅ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အမည်းရောင် Vigo ကားတစ်စီးကို ချောင်းညီကိုရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်းအားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီကားဟာ ဇဝဲကျေးရွာဘက်ကနေ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ (၃၀၆)ကိုလာတာဖြစ်ပြီး တနင်္သာရီပကဖ က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးရှိတယ်လို့ သိရပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာတဲ့အခါ စစ်ရေးသတင်းကိုနားစွင့်ပြီးမှ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးမေတ္တာရပ်ခံထားပါတယ်။
The Tanintharyi Times
