ဘုတ်ပြင်းမှာ အမျိုးသားတစ်ဦး ဆင်နင်းခံရ
ဘုတ်ပြင်းမှာ အမျိုးသားတစ်ဦး ဆင်နင်းခံရ
ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ငါးကျေးရွာကဆီအုန်းခြံတစ်ခုထဲမှာ ဒေသခံအမျိုးသားတစ်ဦး ဆင်နင်းခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်နင်းခံရသူဟာ အသက် ၃၈ နှစ်အရွယ် ကိုကျော်လွင် ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ရက်၊ အခုလ ၂၂ ရက်၊ မနက် ၆ နာရီဝန်းကျင်လောက်က ဆင်နင်းခံရကာ ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဆင်နင်းခံရတဲ့ လူနာကို ဒေသအခြေစိုက် ဇမ္ဗူမေတ္တာကျန်းမာရေးကူညီမှု့အသင်းက အခင်းဖြစ်ပွါးတဲ့နေ့မှာပဲ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့ပါတယ်။ ဒါပေမယ့် နှစ်ရက်အကြာ ဒီကနေ့မှာတော့ လူနာရဲ့အခြေအနေစိုးရိမ်ရတာကြောင့် ဆေးရုံနောက်တစ်ရုံကိုပြောင်းရွှေ့ပြီး ဆေးကုသမှုခံယူရမယ့်အနေအထားဖြစ်နေတယ်လို့ ပရဟိတအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လူနာက ဒီမှာအခြေနေတိုးတက်မှုမရှိလို့ ဘိတ်(မြိတ်)တို့ရန်ကုန်တို့ကို လွှဲရမယ့်အနေထားမျိုးဖြစ်နေတယ်ဗျ။ ဖြစ်ဖြစ်ချင်းတော့ အောက်ပိုင်းတပိုင်း လှုပ် မရတော့ဘူးဗျ” လို့ သူက ဒီကနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

ဆင်အနင်းခံရတဲ့ ကိုကျော်လွင်ဟာ တစ်ကိုယ်တည်းနေထိုင်သူဖြစ်တာကြောင့် လက်ရှိမှာ ရွာသားတွေက ဝိုင်းဝန်းစောင့်ရှောက်ထားရပြီး အကူအညီလိုအပ်နေတယ်လို့ ပရဟိတအဖွဲ့နဲ့နီးစပ်သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးလခန့်ကလည်း ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းရွာက ဒေသခံတစ်ဦးကို တောဆင် ရိုင်းအနင်းခံရပြီး အသက်ဆုံးရှုံးခဲ့ဖူးတယ်လို့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
တောဆင်ရိုင်းတွေကို ဘုတ်ပြင်းမြို့နယ်ထဲက ချောင်းမွန်၊ ဝါးဒင်း၊ ဝါးချောင်း စတဲ့ကျေးရွာတွေမှာ မကြာခဏတွေ့ရလေ့ရှိပြီး ဆီအုန်းခြံထဲဝင်ပြီး ဆီအုန်းပင်အညွန့်တွေကို လာစားလေ့ရှိသလို၊ စိုက်ခင်း၊ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ လူတွေကိုအသက်သေဆုံးတဲ့အထိအန္တရာယ်ပြုလေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရတယ်။
မြို့နယ်ချင်းကပ်နေတဲ့ ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာဘက်မှာလည်း ဆင်ရိုင်းတွေတွေ့ရလေ့ရှိပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း တဲအိမ်တွေနဲ့ သီးနှံစိုက်ခင်းတွေကို အုပ်စုလိုက်ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

