မကွေးက စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ တိုက်ခိုက်ခံရပြီး စစ်တပ်က ၉ ဦး သေဆုံး

မကွေးက စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ တိုက်ခိုက်ခံရပြီး စစ်တပ်က ၉ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိတ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ အမှတ် ၂၁ တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ အရာရှိ ၂ ဦးနဲ့ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း Brave Warriors for Myanmar BWM အဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်မှာ ဆိတ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ အမှတ် ၂၁ အတွင်းကို BWM နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ၉ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိတာ ဖြစ်ပါတယ်။

ကပစ ၂၁ အတွင်းရှိ အမှတ် ၁၀၆၊ ၁၀၉၊ ၂၀၁ စက်ရုံ (၃) ရုံ ပြိုကျပျက်စီးခဲ့သလို ထုတ်လုပ်ပြီးသား ဗုံးသီးတွေ သိုလှောင်ထားတဲ့ Technical store တစ်ခု ပျက်စီးကာ ယမ်းချက်ဂိုဒေါင် မီးလောင်သွားတယ်လို့ BWM အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ကပစ ၂၁ ဟာ လေတပ်က နိုင်ငံတဝန်း လူထုကို ဗုံးကြဲရာမှာ အသုံးပြုနေတဲ့ ပေါင် ၂၅၀ ပေါင် ၅၀၀ ဗုံးသီးတွေ၊ cluster ဗုံးသီးတွေ အပါအဝင် တိုက်လေယာဉ်သုံး ဗုံးသီး အမျိုးမျိုးကို အဓိကထုတ်လုပ်နေတဲ့ စက်ရုံဖြစ်တာကြောင့် လေတပ် ဆက်စပ်ပစ်မှတ်အဖြစ် စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ခိုက်ခဲ့တာလို့ BWM အဖွဲ့ဘက်က ပြောပါတယ်။

အခု စစ်ဆင်ရေးကို BWM အဖွဲ့ ဦးဆောင်စီမံမှုနဲ့ Eagle Brigade (ANyar Egaies) အဖွဲ့ ၊ No More Dictatorship NMD အဖွဲ့ ၊ Shadow Madalay အဖွဲ့နဲ့ ဒေသခံတော်လှန်ရေးရဲဘော်အင်အားစုတွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Brave Warriors for Myanmar BWM အဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး စစ်တပ်လေတပ်စခန်းတွေ၊ တိုင်းစစ်ဌာနချုပ်တွေ၊ လက်နက်သိုလှောင်ရုံတွေ၊ လက်နက်ထုတ်လုပ်တဲ့စက်ရုံတွေကို ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။

BWM အဖွဲ့ဟာ နေပြည်တော်မှာ စစ်ဆင်ရေး ၅ ခု၊ ရန်ကုန်မှာ စစ်ဆင်ရေး ၇ ခု၊ မန္တလေးတိုင်းမှာ ၃ ခု၊ ပဲခူးတိုင်းမှာ ၅ ခုနဲ့ မကွေးတိုင်းမှာ စစ်ဆင်ရေး ၁ ခု စုစုပေါင်း စစ်ဆင်ရေး ၂၁ ခုတို့ကို အောင်မြင်စွာ ဖော်ဆောင်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times