“အခက်အခဲကတော့ အရင်လို ဝမ်းတစ်နှပ်စာအတွက် စိတ်အေးလက်အေး မရှိတော့တာပဲ။”
“အခက်အခဲကတော့ အရင်လို ဝမ်းတစ်နှပ်စာအတွက် စိတ်အေးလက်အေး မရှိတော့တာပဲ။”
▪️ဆန်နဲ့ စက်သုံးဆီကို ခွဲတမ်းနဲ့သာ ဝယ်ခွင့်ရနေတဲ့ တောင်ပိုင်းသားတို့ အသံ
တနင်္သာရီတိုင်းထဲက ပုလော၊ ဘုတ်ပြင်းနဲ့ လောင်းလုံးမြို့နယ်က နေရာတချို့မှာ ဆန်နဲ့ စက်သုံးဆီပြတ်လပ်တာ၊ လိုသလောက်ဝယ်လို့မရတာတွေ ရှိနေပါတယ်။ ဒီဒေသတွေမှာ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးတိုက်ခိုက်ခံရတာတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ဆန်အိတ်တွေကို ကရင်အမျိုးသားအစည်းအရုံး KNU ကသိမ်းဆည်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း မကြာခင်က ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်တွေ ဖြစ်ပြီးနောက်မှာ ဆန်နဲ့ စားသုံးဆီဝယ်ရတဲ့ ပြဿနာ ပိုကြီးထွားလာခဲ့တာလို့ ဆိုရပါမယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ ဆန်နဲ့ စက်သုံးဆီဝယ်ရဖို့အတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်နေသလဲ ဆိုတာကို တနင်္သာရီတိုင်းက မေးမြန်းပြီး တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
▪️ဘုတ်ပြင်းမြို့နယ်မှာ ခြံလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတစ်ဦး
မေး - ဆန်ဝယ်ရ ခက်နေတယ်ကြားတယ်။ ဘယ်တုန်းကတည်းက အခုလိုဖြစ်နေတာလဲ။ ဘာကြောင့် ဝယ်ရခက်နေတာလဲ။
ဖြေ - အခု ၉ရက်၊ ၁၀ရက်နေ့ကတည်းက ဝယ်မရတာ အခုထိပဲ။ ဝယ်မရတာ မဟုတ်ဘူး၊ ဝယ်လို့ရတယ်။ အရင်လို အိတ်ကြီး၂၂ပြည် အိတ်၂၄ပြည်အိတ်တွေ ဝယ်မရတော့ဘူး။ တစ်အိမ်ထောင် ၃ပြည်ပဲရောင်းပေးတော့တယ်။
ဘာကြောင့်ဝယ်ရခက်နေရတာလဲဆိုတော့ KNU က ဆန်အိတ်ဖမ်းလိုက်တာကြောင့်ရော၊ ကုန်စုံဆိုင် ရောင်းတဲ့ဆိုင်တွေ ညစ်ပတ်တာကြောင့်ရောလို့ ကျနော်မြင်တယ်။ တစ်ချို့ချို့သော ကုန်စုံဆိုင်တွေဆို ဆန်က ရှိနေရဲ့သားနဲ့ ရောင်းမပေးတာ။
မေး - ဆန်လိုသလောက်ဝယ်လို့ မရတော့ ဘယ်လို အခက်အခဲတွေကြုံရလဲ။ ဒီလို အခက်အခဲတွေ ဘယ်လောက်ထိ ဆက်ဖြစ်နေမယ်ထင်လဲ။ အဆင်ပြေပြေနေလို့ရဖို့ ဘယ်လို ဆက်လုပ်သွားမလဲ ။
ဖြေ - အခက်အခဲကတော့ ဥယျာဉ် အလုပ်လုပ်နေတဲ့သူတွေက ပိုပြီးအခက်ခဲဖြစ်များမယ်ထင်တယ်။ သူတို့မှာက ရက်ရှည် တောခုတ်နေရတာဆိုတော့ ရိက္ခာ ဝယ်ရတာ အခက်အခဲတစ်ခုဖြစ်နေတယ်။ ဆန်က တစ်ခါဝယ် ၃ပြည်ပဲရောင်းတာဆိုတော့ ဆန်ကုန်ရင် ပြန်ပြန်ထွက်ဝယ်နေရတာက အလုပ်တစ်ခုမျိုးဖြစ်နေတယ်။
မေး - အခုဆိုရင် ဆန်ဘယ်နှရက်စာလောက်ကျန်သေးလဲ။
ဖြေ - ဘယ်နှရက်စာကျန်သေးလဲဆိုတော့ အတိအကျပြောလို့မရဘူး။ ဘာလို့ဆို တောင်ယာစပါး ရှိနေသ၍ ဆန်အိတ်တွေ ရောက်မလာရင်တောင်မှ ဆန်ရှိနေမှာ။
မေး - ဆက်ပြီးဘယ်လိုဖြေရှင်းမယ်တွေးထားလဲ။
ဖြေ - ဘယ်လိုဖြေရှင်းမလဲဆိုတာကတော့ တောင်ယာ စပါးကိုပဲ ရွေးချယ်ဖြေရှင်းရတော့မယ်။
မေး - ကူညီပေးနေတဲ့အဖွဲ့တွေကောရှိလား။
ဖြေ - မရှိပါဘူး။
မေး - တခြားဖြည့်စွက် ပြောချင်တာများ ရှိသေးလား။
ဖြေ - မရှိတော့ပါဘူး။
▪️ပုလောမြို့ခံ ကုန်တင်ကားယာဉ်မောင်းတစ်ဦး
မေး - ဓာတ်ဆီဝယ်ရခက်နေတယ် ကြားတယ်။ ဘယ်တုန်းကတည်းက အခုလိုဖြစ်နေတာလဲ။ ဘာကြောင့် ဝယ်ရခက်နေတာလဲ။
ဖြေ - ဟုတ်တယ်။ ဓာတ်ဆီက ဝယ်ရခက်နေတာကြာပြီ။ ဘယ်ကတည်းက ဖြစ်နေတာလဲ ဆိုတော့ ပုလော (စ.ရ.ဖ)ရုံး ကို တော်လှန်ရေးတပ်တွေ ဝင်ပြီးမီးရှို့တဲ့အချိန်ကနေ စတာပဲ။ အဲလိုဖြစ်ပြီး မနက်ကျတော့ စစ်တပ်လက်အောက်ခံ အုပ်ကြီးတွေက ဆီဆိုင်တွေကို ဘူးနဲ့မရောင်းဖို့ မှာထားတာတွေလည်း ရှိတယ်။ နောက်ပြီး လမ်းကြောင့်အခြေအနေအရ ဆီသယ်ယူရာမှာ အခက်အခဲတွေလည်း ရှိတယ်ပြောတယ်။
မေး - ဓာတ်ဆီလိုသလောက် ဝယ်လို့မရတော့ ဘယ်လို အခက်အခဲတွေကြုံရလဲ။ ဒီလို အခက်အခဲတွေ ဘယ်လောက်ထိ ဆက်ဖြစ်နေမယ်ထင်လဲ။ အဆင်ပြေပြေနေလို့ရဖို့ ဘယ်လို ဆက်လုပ်သွားမလဲ ။
ဖြေ - ဓာတ်ဆီ လိုသလောက် ဝယ်မရတော့ အဓိကက ဓာတ်ဆီ အင်ဂျင်တပ်ဆင်အသုံးပြုတဲ့ မော်တော်ယာဉ်တွေ သွားရေးလာရေးမှာ အခက်အခဲတော့ ဖြစ်တယ်။ အခက်အခဲတွေက ဘယ်လောက်အထိ ဆက်ဖြစ်နိုင်လဲဆိုတော့ ပြောလို့ မတတ်သေးဘူး။ အခုလောလောဆယ် တော့ ကုန်ပစ္စည်းတွေ သယ်ယူရမှာ မော်တော်ကားတွေထက် ထော်လာဂျီတွေကို ပိုပြီးအသုံးပြုလာကြတယ်။ ဘာလို့ဆို ဓာတ်ဆီပဲဝယ်ရခက်နေတာ ဒီဇယ်ကတော့ အရင်တိုင်းပဲ ရောင်းနေဆဲ။ ထော်လာဂျီတွေက ဒီဇယ်အင်ဂျင်တွေဆိုတော့ ပိုပြီးအဆင်ပြေတယ်လေ။
မေး - လျှပ်စစ်မီးကရောဘယ်လိုရနေလဲ။
ဖြေ - လျှပ်စစ်မီးကတော့ အဆင်ပြေပါတယ်။ ဘာလို့ဆို လျှပ်စစ်မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံတွေမှာက ဒီဇယ်သုံးအင်ဂျင်တွေပဲတပ်ဆင်ထားလို့။
မေး - စက်သုံးဆီ ဝယ်ရခက်လို့ အလုပ်အကိုင် ထိခိုက်တာမျိုးရှိလား။
ဖြေ - ဆိုင်ကယ် ကယ်ရီမောင်းတဲ့သူတွေ ကုန်ပစ္စည်းသယ်တဲ့ကားတွေ၊ ဘေးတွဲတွေတော့ အလုပ်အကိုင်က အနည်းနဲ့အများက ပျက်တာပဲ။ နောက်တစ်ခု တောခုတ်၊ ခြံရှင်း လုပ်နေတဲ့သူတွေလည်း အလုပ်ကိုရက်ပြည့်မလုပ်ရဘူး။ ငါးဖမ်းလှေတွေအများစုက တစ်လုံးထိုး ဒီဇယ် အင်ဂျင်ကို အသုံးပြုတာများတယ်ဆိုတော့ ပင်လယ်ရေလုပ်ငန်းအတွက်တော့ အခက်အခဲ မရှိပါဘူး။
မေး - တခြားဖြည့်စွက်ပြောချင်တာများရှိသေးလား။
ဖြေ - ဖြည့်ပြောစရာဆိုလို့ အခုလို ဓာတ်ဆီ ဝယ်ရတာပင်ပန်းနေတယ်ဆိုတော့ သွားရေးလာရေးမှာ အခက်အခဲတော့ ကြုံရတယ်။ တချို့ကျောင်းသူကျောင်းသားတွေဆို မော်တော်ဆိုင်ကယ်နဲ့ သွားရာကနေ စက်ဘီးနဲ့ သွားကြတော့တယ်။ အခက်အခဲကတော့ အမျိုးမျိုးပဲပေါ့။
▪️ဆိုင်ကယ်အရောင်းအဝယ်လုပ်နေတဲ့ လောင်းလုံးဒေသခံ အမျိုးသားတစ်ဦး
မေး - ဆန်ဝယ်ရ ခက်နေတယ် ကြားတယ်။ ဘယ်တုန်းကတည်းက အခုလိုဖြစ်နေတာလဲ။ ဘာကြောင့်ဝယ်ရခက်နေတာလဲ။
ဖြေ - မနှစ် နှစ်ကုန်ကတည်းက ဖြစ်နေတာ။ တိုက်ပွဲတွေကြောင့် ဆန်သယ်လို့မရဘူး။ စစ်တပ်ဂိတ်တွေကလည်း ရေမှာရော၊ ကုန်းမှာပါရှိနေတယ်ကြားတယ်။ ရွာမှာရှိတဲ့ ဆန်လည်းကုန်၊ တခြားကလည်း သယ်လို့မရ၊ ရပြန်တော့လည်း တစ်ပြည်၊ နှစ်ပြည်ခိုးခိုးသယ်တာလောက်ပဲရှိတယ်။
မေး - ဆန်လိုသလောက်ဝယ်လို့ မရတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲ။ ဒီလို အခက်အခဲတွေ ဘယ်လောက်ထိ ဆက်ဖြစ်နေမယ်ထင်လဲ။ အဆင်ပြေပြေနေလို့ရဖို့ ဘယ်လို ဆက်လုပ်သွားမလဲ။
ဖြေ - အခက်အခဲကတော့ အရင်လိုဝမ်းတစ်နှပ်စာအတွက် စိတ်အေးလက်အေးမရှိတော့တာပဲ။ ဆန်က တစ်ဘူးတန်တစ်ဘူး၊ တစ်ပြည်တန်တစ်ပြည်လောက်ကတော့ ရှာလို့ရတယ်။ စိတ်အေးလက်အေးမနေနိုင်တော့တာက အခက်အခဲပဲပေါ့။ ဘယ်လိုမှ ဆက်လုပ်လို့တော့မရဘူး။ အဓိကက တိုက်ပွဲတွေမရှိတော့ရင် ရပြီ။ စစ်ဖြစ်နေသရွေ့ကတော့ ဘာမှဆက်လုပ်လို့မရဘူး။
မေး - အခုဆိုရင် ဆန်ဘယ်နှရက်စာလောက်ကျန်သေးလဲ။ ဆက်ပြီး ဘယ်လိုဖြေရှင်းမယ်တွေးထားလဲ။
ဖြေ - အိမ်မှာ ဆန်ရှစ်ပြည်လောက်တော့ ရှိသေးတယ်။ ချွေတာစားရင် တစ်ပတ်လောက်ရအုံးမှာပေါ့။ ဒီဆန်မကုန်ခင် နီးနီးနားနားရွာတွေသွားပြီး ရသလောက် သယ်ရမှာပေါ့။
မေး - ကူညီပေးနေတဲ့အဖွဲ့တွေကောရှိလား။
ဖြေ - ကူညီပေးနေတဲ့အဖွဲ့ရှိတယ် ကြားတယ်။ ဒို့ဆီတော့ ရောက်မလာဘူး။
မေး - တခြားဖြည့်စွက်ပြောချင်တာများရှိသေးလား။
ဖြေ - မရှိတော့ပါဘူး။
▪️လောင်းလုံးဒေသခံအိမ်ထောင်ရှင်အမျိုးသားတစ်ဦး
မေး - ဓာတ်ဆီဝယ်ရခက်နေတယ် ကြားတယ်။ ဘယ်တုန်းကတည်းက အခုလိုဖြစ်နေတာလဲ။ ဘာကြောင့်ဝယ်ရခက်နေတာလဲ။
ဖြေ - သူလည်း ဆန်နဲ့အတူတူပဲ မနှစ်(နှစ်ကုန်ပိုင်း)ကတည်းကခက်လာတာ။ PDF တွေဆီမရောက်စေချင်လို့ ဆီတွေလည်း သယ်ခွင့်မပေးဘူးပြောတာပဲ။ ဘယ်လိုအတွေးနဲ့ ဒီလိုထင်တာလဲဆိုတာတော့ နားမလည်နိုင်ဘူး။
မေး - ဓာတ်ဆီ လိုသလောက် ဝယ်လို့မရတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲ။ ဒီလို အခက်အခဲတွေ ဘယ်လောက်ထိ ဆက်ဖြစ်နေမယ်ထင်လဲ။ အဆင်ပြေပြေနေလို့ရဖို့ ဘယ်လို ဆက်လုပ်သွားမလဲ။
ဖြေ - တစ်ရွာနဲ့ တစ်ရွာသွားဖို့ဆို ဆိုင်ကယ်နဲ့ပဲသွားဖြစ်တာ။ အခုလိုတိုက်ပွဲကာလဆို ပိုဆိုး လမ်းလျှောက်သွားရင် မတော်တဆ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံနေရအုံးမယ်။ ဒီတော့ ရှိတဲ့ဆီ ရေရောပြီး မောင်းနေကြတာပဲ။ ပွဲက ကြာအုံးမယ်ထင်တယ်။ ရေရှည်တော့ အထူးတလေ မတွေးတော့ဘူး။ ပစ္စုပ္ပန်မှာပဲ အဆင်ပြေသလို နေနေတယ်။
မေး- လျှပ်စစ်မီးကရော ဘယ်လိုရနေလဲ။ ဆဓာတ်ဆီနဲ့မီးပေးနေတာလား။ ဆီမရှိတော့ လျှပ်စစ်မီးရရှိမှုက ဘယ်လိုရှိလဲ။
ဖြေ - မီးကတော့ ဖယောင်းတိုင်မီးပဲပေါ့။ ဆိုလာရှိတဲ့ အိမ်တွေမှာ ဖုန်းသွားသွင်းတယ်။ လျှပ်စစ်မီး မရဘူး။
မေး - စက်သုံးဆီ ဝယ်ရခက်လို့ အလုပ်အကိုင် ထိခိုက်တာမျိုးရှိလား။
ဖြေ - စက်သုံးဆီနဲ့ အလုပ်လုပ်နေရတာမျိုးမဟုတ်တော့ မပြောတတ်ဘူး။ အခုသွားရေးလာရေးတော့ထိတယ်။ နှစ်ကြိမ်လောက်သွားရမယ့်နေရာမှာ တစ်ကြိမ်ပဲသွားတော့တာမျိုး ရေရောသုံးရတာမျိုးတွေတော့ ရှိလာတာပေါ့။
မေး - တခြားဖြည့်စွက်ပြောချင်တာများရှိသေးလား။
ဖြေ - မရှိတော့ပါဘူ။ တိုက်ပွဲတွေ မရှိတော့ဖို့ပဲ မျှော်လင့်တယ်။
The Tanintharyi Times
