ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ ဒေသက တောင်ပိုင်းသားတွေနဲ့ အင်တာဗျူး
ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ ဒေသက တောင်ပိုင်းသားတွေနဲ့ အင်တာဗျူး
အာဏာသိမ်းစစ်တပ်ဟာ တနိုင်ငံလုံးမှာ ခုခံစစ်ကို ဆင်နွဲနေရသလို မြို့တွေ၊ တပ်စခန်းတွေကိုလည်း လက်လွှတ်လာရတာ ဆယ်ချီကနေ ရာချီနီးပါး ရှိလာပါပြီ။ ဒီလိုအခြေအနေမှာ စစ်ရေးအသာစီးရဖို့ ဘာမဆို လုပ်ဆောင်ဖို့ ဝန်မလေးတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ သွားလာရေးကိုပါ ပိတ်ဆို့ ဖြတ်တောက်တာတွေ ပိုမိုလုပ်ဆောင်လာပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီစစ်တပ်က ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးပြီး နယ်မြေစိုးမိုးမှုရဖို့ ကြိုးစားနေတဲ့ ဒေသတွေထဲမှာ တနင်္သာရီတိုင်းလည်း ပါဝင်ပါတယ်။ သွားလာတာတွေ၊ ဆက်သွယ်ရေးစနစ်တွေအပြင်ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့်ကိုပါ ပိတ်ဆို့၊ ကန့်သတ်ခံထားရတဲ့ တောင်ပိုင်းဒေသက ပြည်သူတွေ အခက်အခဲတွေ ဘယ်လို ရင်ဆိုင်နေရသလဲ။ ဖြတ်တောက်မှုတွေကို ဘယ်လို ကျော်လွှားနေကြသလဲ ဆိုတာကို မေးမြန်းပြီး ”တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
▪️အိမ်ထောင်ဦးစီးအမျိုးသား၊ မရင်းကြီးရွာ၊ တနင်္သာရီမြို့နယ်
မေး- နေထိုင်တဲ့ဒေသမှာ ဆန်နဲ့စားသောက်ကုန် ဝယ်ယူနေရတဲ့ အခြေအနေ ပြောပြပေးပါ။
ဖြေ - အခုလောလောဆယ်ကတော့ လယ်တွေလုပ်ထားတာရှိတယ်ဆိုတော့ ဆန်တစ်အိတ်ကို ကိုးသောင်းနဲ့ ရှစ်ထောင်ဝယ်ရတယ်ဗျ။ အရင်တုန်းကတော့ ရောင်းပေးတယ်။ အခုကတော့ စပါးပိုင်ရှင်တွေက မရောင်းပေးပြီခင်ဗျ။ ကုန်သွားမှာ ကြောက်လို့လား ဒါမှမဟုတ်ရင် ဈေးတက်လာတာကိုပဲ စောင့်နေတာလား။ လွန်ခဲ့တဲ့ငါးရက်လောက်ကတော့ တစ် အိတ်ဝယ်တဲ့သူကို ငါးပြည်တို့၊ တစ်ပြည်တို့ရောင်းပေးထားတော့ရှိတယ်။ အခုတော့ လုံးလုံးမရောင်းပေးပြီခင်ဗျ။ မရင်းကြီးလမ်းကို စစ်တပ်က ပိတ်ချလိုက်ပြီးကတည်းက အခုလိုဖြစ်နေတာပဲဗျ။
မေး - စားသောက်ကုန်တွေ ဖြတ်တောက်ခံထားရတာ ဘယ်ကတည်းကလဲ။ ဘယ်လိုတွေ ကန့်သတ်၊ ဖြတ်တောက်ခံနေရတာလဲ။
ဖြေ - အခုလထဲမှာပဲ။ အတိအကျတော့ ကျနော်လည်း မသိတော့ဘူး။ ရွာဝင်လမ်း တစ်လမ်းလုံးကိုပိတ်ထားတယ်။ ဘာမှသယ်လို့မရဘူး။
မေး - ဆန်နဲ့ စားသောက်ကုန်တွေ ဖြတ်တောက်ထားတော့ ဘယ်လို ရှာဖွေစားသောက်နေလဲ။
ဖြေ - တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ တကူဘက်ခြမ်းကိုပဲ ကျနော်တို့က အပင်ပန်းခံပြီးတော့ သွားသယ်နေရတာပေါ့ဗျာ။ လမ်းခရီးကတော့ တအားဝေးတယ် ခင်ဗျ။ ဆိုင်ကယ်နဲ့ တကြောင်းတည်းဆိုရင်တောင် သုံးနာရီခွဲလောက်ရှိတယ် ခင်ဗျ။ အရင်တုန်းကတော့ သူတို့တွေကို ကျနော်တို့တွေက ကူညီပေးခဲ့ဖူးတယ် ခင်ဗျ။ အခုကျနော်တို့တွေအကူအညီလိုလာတော့ အပြန်အလှန်တော့အချိတ်ဆက်ရှိနေတယ် ခင်ဗျ။
မေး - ဒီလို ဖြတ်တောက်ခံရတာကို ဘယ်လောက်အထိ တောင့်ခံနိုင်မယ်လို့ ကိုယ့်ကိုယ်ကို တွက်ထားလဲ။
ဖြေ - ရွာရဲ့ ဆန်၊ စပါးရှိတဲ့ အနေအထားနဲ့ တစ်ယောက်ကို တစ်ယောက်မျှပြီး ကိုယ်ချင်းစာတရားနဲ့ မျှမျှတတနေမယ်၊ စားကြမယ်ဟေ့ ဆိုရင်တော့ တစ်နှစ်ပတ်ဝန်းကျင်လောက်ကိုတော့ တောင့်ခံနိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ တောတွင်းအစားအသောက်ပေါတယ်။ ပြောရမယ်ဆို ငှက်ပျောသီးတို့ ပီလောပီနံဥတို့ သင်္ဘောသီးတို့လည်း ရှိတယ်လေ။
မေး - ဒီလိုသာဆက်သွားမယ်ဆိုရင် ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ - တကယ်လို့ တစ်နှစ်သာကျော်သွားရင်တော့ ကျနော်တို့ဒီလောက်ထိတော့ ဒုက္ခမခံနိုင်ဘူး ခင်ဗျ။ အခုဖြတ်တောက်ထားတဲ့အခြေအနေကိုလည်း ကျနော်တို့ကြည့်နေတယ်။ ကြည့်နေတယ်ဆိုတာက နောက်ထပ်ကိုမှ ဆယ့်လေးငါးရက်ထိကို သူတို့ကဒီလိုပဲပိတ်ထားမယ်၊ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးတပ်သားတွေနဲ့ပူးပေါင်းပြီး လုပ်စရာရှိတာတော့ လုပ်မှာပဲခင်ဗျ။
မေး - စစ်ကောင်စီက ဘာကြောင့် အခုလိုဆန်နဲ့ စားသောက်ကုန်တွေဖြတ်တောက်ထားတယ်လို့ထင်လဲ။
ဖြေ - ဒီဘက်ခြမ်းကတော့ တော်လှန်ရေးအားကောင်းတယ်။ အလုပ်လုပ်နေတဲ့သူတွေကလည်း တအားကိုဖိကပ်ပြီး လုပ်နေတော့ စစ်တပ်က ကျနော်တို့ကိုအမြင်ကတ်တာပေါ့ဗျာ။ ကျနော်တို့ကို ငတ်ပြတ်ပြီးတော့ ဖြစ်စေချင်တာပေါ့။
မေး - စားသောက်ကုန်ဖြတ်တောက်ထားတဲ့ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ - ဒီလေလှိုင်းပေါ်ကပဲ ပြောရမယ်ဆိုရင်တော့ သူလည်းလူပဲ၊ လူကမွေးတဲ့လူတစ်ယောက်ဖြစ်ရဲ့သားနဲ့ လူရဲ့စိတ်လေးတောင်မှ လူ့ကျင့်ဝတ်နဲ့ မညီဘူးဆိုရင် သူဟာလူမဟုတ်ပြီပေါ့။
▪️ CDM ကျောင်းသူ၊ သရက်ချောင်းမြို့
မေး - နေထိုင်တဲ့ဒေသမှာ ဆန်နဲ့စားသောက်ကုန် ဝယ်ယူနေရတဲ့ အခြေအနေ ပြောပြပေးပါ။
ဖြေ - ဆန်တွေ စျေးနည်းနည်း ကြီးလာတာကလွဲလို့ ပုံမှန်အတိုင်းပဲ ရှိသေးတယ်။ ဆန်ဈေးကြီးဆို ဆန်ကြမ်းတစ်အိတ်(ဆယ်ပြည် အိတ်)ကို ၃၀၀၀၀ ကနေ ၃၈၀၀၀ (ကျပ်) ထိဖြစ်နေတယ်။ လွန်လာတဲ့ ငါးရက်လောက်က စပြီး ဈေးတက်လာတာ။ သရက်ချောင်းမှာ ဂိတ်အသစ်လုပ်ဖို့ဆိုပြီး သတင်းတွေထွက်လာတဲ့နေ့ကပဲ ဈေးတွေတက်လာတာ။ ဂိတ်ပေါ်လာရင် ဘာမှသယ်မရတော့ဘူးဆိုပြီး သတင်းတွေ ရုတ်တရက် ထပြန့်တယ်လေ။ အဲ့ကနေ ဝယ်စုဝယ်စု၊ ဈေးက တက်ပြီးရင်း တက်နေတော့တာပဲ။
မေး - စားသောက်ကုန်တွေ ဖြတ်တောက်ခံထားရတာ ဘယ်ကတည်းကလဲ။ ဘယ်လိုတွေ ကန့်သတ်၊ ဖြတ်တောက်ခံနေရတာလဲ။
ဖြေ - ခုနကပြောသလိုပဲ သရက်ချောင်းမှာဂိတ်ပေါ်လာတဲ့နေ့က ပေါက်တိုင်ဂိတ်မှာ ဆန်ပေးမသယ်ဘူးတဲ့။ အဲ့မှာ လှုပ်လှုပ်ရွရွတွေဖြစ်လာပြီး ဆန်တွေဝယ်စုကြတာ၊ ဆန်ဆိုင်မှာဆို လူချည်းပဲ။ ပိုက်ဆံကြိုပေးထားမယ်၊ လာပို့ပေးဆိုပြီး စာရင်းပေးနေကြတာ။ အရင်နှစ်(၂၀၂၂ နှစ်ကုန်)တွေကလည်းရှိတယ်လေ၊ ကားသမားတွေဆန်အများကြီး မသယ်ရဲကြဘူး။ လိုင်းကားကို ဆန်ငါးအိတ် တစ်ခါမှာဖူးတယ်။ မသယ်ရဲဘူးဆိုပြီး တစ်အိတ်ပဲသယ်လာပေးတယ်။
မေး - ဆန်နဲ့ စားသောက်ကုန်တွေ ဖြတ်တောက်ထားတော့ ဘယ်လို ရှာဖွေစားသောက်နေလဲ။
ဖြေ - ဖြည်းဖြည်း ဝယ်စုထားတယ်။ သားတုဆိုလည်းငါးရာဖိုး၊ မှိုခြောက်ဆိုလည်း ငါးရာဖိုး၊ မြို့တက်၊ မြို့ဆင်းဈေးကားတွေကို မှာမှာပြီးစုထားတယ်။ ငါးခြောက်တွေ၊ အခြောက်အခြမ်းတွေပေါ့။ အဲဒါမျိုးလေးတွေ ဝယ်စုထားတယ်။
မေး - ဒီလို ဖြတ်တောက်ခံရတာကို ဘယ်လောက်အထိ တောင့်ခံနိုင်မယ်လို့ ကိုယ့်ကိုယ်ကို တွက်ထားလဲ။
ဖြေ - ကြိုဝယ်စုထားတော့ တစ်လလောက်စာတော့ လုံလောက်မယ် ထင်တာပဲ။
မေး - ဒီလိုသာဆက်သွားမယ်ဆိုရင် ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ - လူတွေရှိတော့မှာ မဟုတ်ဘူး။ ရွာပျက်တွေ ဖြစ်ကုန်မှာပေါ့။ လုံးဝဖြတ်ပစ်လိုက် ရင် ဘယ်သူမှနေနိုင်မှာ မဟုတ်တော့ဘူး။ ရတဲ့နေရာ ရသလို ပြောင်းကြ၊ ရွှေ့ကြမှာပဲ။
မေး - စစ်ကောင်စီက ဘာကြောင့် အခုလိုဆန်နဲ့ စားသောက်ကုန်တွေ ဖြတ်တောက်ထားတယ်လို့ထင်လဲ။
ဖြေ - သူတို ခေါင်းပုံဖြတ်ဖို့ပေါ့။ စစ်တပ်ကကြပ်၊ ပိုက်ဆံရှိတန်းစားတွေက လာဘ်ထိုးထိုးပြီး အခွင့်ရေးယူ။ အဲ့ဆို သူတို့မှာ စားရသောက်ရပြီလေ။ ငတ်ပြတ် နေကြတာလေ။
မေး - စားသောက်ကုန်ဖြတ်တောက်ထားတဲ့ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ - ဘာမှ မပြောချင်ဘူး။
▪️ လက်လုပ်မုန့်ရောင်းသူ စစ်ရှောင်အမျိုးသမီး၊ ပုလောမြို့နယ်
မေး - နေထိုင်တဲ့ဒေသမှာ ဆန်နဲ့စားသောက်ကုန် ဝယ်ယူနေရတဲ့ အခြေအနေ ပြောပြပေးပါ။
ဖြေ - တစ်နေ့ နည်းနည်းစီမှာတယ်။ နေ့တိုင်းလမ်းပေါ်တက်ပြီး နေ့တိုင်းမှာတယ်။ မြို့ပေါ် တက်လို့ရတဲ့သူတွေရှိတယ်လေ၊ သူတို့ကိုမှာလိုက်တာ။ ပြည်ရပြည်၊ အိတ်ရအိတ်ပဲ၊ ရတာယူတယ်။ မှာတဲ့သူတွေက အရမ်းများတော့ မှာတိုင်းမရဘူး၊ ရတာပဲ ခွဲယူရတယ်။
မေး - စားသောက်ကုန်တွေ ဖြတ်တောက်ခံထားရတာ ဘယ်ကတည်းကလဲ။ ဘယ်လိုတွေ ကန့်သတ်၊ ဖြတ်တောက်ခံနေရတာလဲ။
ဖြေ - မနှစ်မိုးကတည်းက ဖြတ်ခံထားရတာ။ အဓိကက စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ စစ်ခံရတယ်။ ဆန်ဆိုဆန်အလိုက်၊ ဆီဆိုဆီအလိုက်(စက်သုံးဆီ)ဖြတ်နေတာပဲ။ ပုံမှန်လည်းမရှိဘူး။ တစ်အိတ်၊ တစ်ပြည် ပုံသေမရှိဘူး။ သူတို့ပါးစပ်က ထွက်လာတာ သူတို့အမိန့်ပဲ။ ဆီကတော့ တစ်လီတာပဲ သယ်ခွင့်ပေးတာမျိုးရှိခဲ့ဖူးတယ်။
မေး - ဆန်နဲ့ စားသောက်ကုန်တွေ ဖြတ်တောက်ထားတော့ ဘယ်လို ရှာဖွေစားသောက်နေလဲ။
ဖြေ - အစက ပြောခဲ့သလိုပဲ မှာစားနေရတာပေါ့။ ဆန်က စပါးပေါ်ချိန်ဆို လယ်ရှိတဲ့သူတွေ၊ စပါးလုပ်တဲ့သူတွေက စိတ်ပူစရာမရှိဘူး။ စပါးရှိတဲ့သူက စပါးကြိတ်စားလို့တယ်။ စပါးမရှိတဲ့သူတွေက လိုက်ဝယ်စားရတယ်လေ၊ သူများရောင်းမှ သူများကြည်ဖြူမှ စားရတာ။ ဈေးသည်ကလည်း တစ်ယောက်ပဲလာတယ်။ ရှားရှားပါးပါး။ ဈေးစိုတွေဆို သူရှိလို့ပဲစားသောက်နေရတာ။ သူများကုန်းတိုက်လိုက်လို့ စစ်တပ်ဂိတ်က ဖမ်းဆီးတာတွေရှိလာမှာပဲ အစ်မတို့ ပူနေရတယ်။ သူမလာရင် သား၊ ငါး မစား ရတော့ဘူးလေ။
မေး - ဒီလို ဖြတ်တောက်ခံရတာကို ဘယ်လောက်အထိ တောင့်ခံနိုင်မယ်လို့ ကိုယ့်ကိုယ်ကို တွက်ထားလဲ။
ဖြေ - မပြောတတ်ဘူး။ လောလောဆယ်တော့ မုန့်လေးရောင်းပြီး ရသလောက်တော့ ရုန်းကန်ကြည့်နေတယ်။
မေး - ဒီလိုသာဆက်သွားမယ်ဆိုရင် ရေရှည်မှာ ဘာတွေ ဖြစ်လာနိုင်လဲ။
ဖြေ - အစ်မ မပြောတတ်တော့ဘူး။ အရာရာ ခက်သထက် ခက်လာဖို့ပဲ ရှိမှာပေါ့။
မေး - စစ်ကောင်စီက ဘာကြောင့် အခုလိုဆန်နဲ့ စားသောက်ကုန်တွေ ဖြတ်တောက်ထားတယ်လို့ထင်လဲ။
ဖြေ - တိတိကျကျတော့ မပြောတတ်ဘူး။ အစ်မတို့ဘက်မှာ တိုက်ပွဲတွေခဏခဏဖြစ်နေတော့ pdf တွေဆီကို ရိက္ခာဖြတ်ချင်လို့ ဖြစ်မယ်ထင်တာပဲ။
မေး - စားသောက်ကုန်ဖြတ်တောက်ထားတဲ့ စစ်ကောင်စီကို ဘာပြောချင်လဲ။
ဖြေ - တိုက်ရိုက်ပြောရမယ်ဆိုရင် ကိုယ်ချင်းစာစေချင်တယ်။ သူတို့တွေမှာလည်း ပါးစပ်နဲ့သူတို့ စားချင်တာစားနေတဲ့အချိန်မှာ ကျမတို့တွေလည်း အကုန်လုံးမျှမျှတတ ဖြစ်စေချင်တာပေါ့။
The Tanintharyi Times
