ကော့သောင်းထောင်ပြောင်းခံရတဲ့ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ဖို့ခက်ခဲနေ
ကော့သောင်းထောင်ပြောင်းခံရတဲ့ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ဖို့ခက်ခဲနေ
မြိတ်ကနေ ကော့သောင်းကို ထောင်ပြောင်းရွှေ့ခံလိုက်ရတဲ့ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာသွားတွေ့ဖို့ ကုန်ကျစရိတ်များတဲ့အတွက် အရင်လိုပုံမှန်သွားတွေ့နိုင်ဖို့ ခက်ခဲသွားတာတွေ ရှိနေပါတယ်။
မြိတ်အကျဥ်းထောင်က အကျဉ်းသားအတော်များများကို ပြီးခဲ့တဲ့လ ၁၄ ရက်နဲ့ ၂၈ ရက်တွေမှာ ကော့သောင်းအကျဥ်းထောင်ကို ရေကြောင်းကနေ တဆင့် ထောင်ပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ စာရင်းအရ ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားအရေအတွက်က အနည်းဆုံး ၃၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
“ဘိတ်မှာဆို တစ်လကိုတစ်ခါတွေ့လို့ရနေတော့ နေကောင်းနေတယ်။ ကျန်းမာနေတယ်ဆိုတာကို သိရလို့ စိတ်ထဲအဆင်ပြေတယ်။ အခုကတော့ သုံး၊ လေးလလောက်နေမှ တခါသွားတွေ့ဖြစ်တော့မှာဆိုတော့ သား အဆင်မှပြေနေပါ့မလားဆိုပြီး စိတ်ပူရတယ်” လို့ ကော့သောင်းကိုထောင်ပြောင်းရွှေ့ရာမှာပါသွားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိခင်က ပြောပါတယ်။
မြိတ်ကနေ ကော့သောင်းကိုသွားတဲ့ ကားခအသွားအပြန်စရိတ်က တစ်ခေါက်ကို ကျပ် ခုနစ်သောင်းဝန်းကျင်အနည်းဆုံး ရှိပြီး ထောင်ဝင်စာတွေ့ဖို့အတွက်ကို ကော့သောင်းမှာ တစ်ပတ်ခန့်နေထိုင်ဖို့ စီစဉ်ရတဲ့အတွက် နေထိုင်စားသောက်စရိတ်က ကျပ်နှစ်သိန်းလောက် ကုန်ကျနိုင်လို့ ထောင်ဝင်စာတစ်ခါသွားတွေ့နိုင်ဖို့အတွက် ကုန်ကျစရိတ် ကျပ်သုံးသိန်းဝန်းကျင်ရှိတယ်လို့ အကျဥ်းသားမိသားစုဝင်အချို့က တွက်ပြပါတယ်။
အကျဉ်းသားတွေအတွက်ကလည်း ထောင်အသစ်ပြန်လည်ပြောင်းရွှေ့ခံရတာဖြစ်တဲ့အတွက် အိပ်ဖို့နေရာဝယ်ပေးတာ၊ ရေကိုတစ်နေ့နှစ်ကြိမ်ချိုးလို့ရအောင် စီစဥ်ပေးရတာ၊ ညှိနှိုင်းရတာတွေနဲ့ ကျန်တဲ့အထွေထွေကိစ္စတွေ စီစဥ်ပေးတာတွေအတွက် ကုန်ကျစရိတ်ကလည်း ကျပ်ဆယ်သိန်းနဲ့ အထက်မှာရှိတယ်လို့ အကျဉ်းသားရဲ့ မိခင်က ရှင်းပြပါတယ်။
ကော့သောင်းအကျဥ်းထောင်ဟာ မြိတ်အကျဉ်းထောင်နဲ့ မတူဘဲ ထောင်အတွင်းနဲ့အပြင် တရားဝင်စာပို့ခွင့်မပြုထားတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာသွားတွေ့ဖို့ကလွဲပြီး အကျဉ်းသားတွေရဲ့ အခြေအနေကို သိနိုင်ဖို့က ခက်ခဲတယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။
လက်ရှိမှာတော့ ကော့သောင်းကို ထောင်ဝင်စာသွားတွေ့ဖို့အတွက်ကို ထောင်ပြောင်းရွှေ့ရာမှာ ပါသွားတဲ့ အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေစုပြီးသွားကြတယ်လို့ သိရပြီး ကုန်ကျစရိတ်မတတ်နိုင်လို့ သွားမတွေ့နိုင်တဲ့ သူတွေလည်း ရှိနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မြိတ်ကနေ ကော့သောင်းထောင်ကို ပြောင်းရွှေ့သွားတဲ့ အကျဉ်းသားတွေထဲမှာ မြိတ်က နိုင်ငံရေးအကျဥ်းသားတွေ၊ တနင်္သာရီအကျဥ်းစခန်းကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ မြိတ်ထောင်ကို ပြောင်းရွှေ့ထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေ၊ ထောင်ဒဏ်ဆယ်
နှစ်နဲ့ အထက် အကျဥ်းကျနေသူနဲ့ မူးယစ်ဆေးဝါးပုဒ်မနဲ့ အကျဉ်းကျနေသူတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ထောင်ပြောင်းရွှေ့တဲ့ အကျဉ်းသားအရေအတွက်ရဲ့ ထက်ဝက်ကျော်ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့လည်း ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အတည်ပြုပါတယ်။
အကျဥ်းထောင်ထဲမှာ ဆူဆူပူပူလုပ်နိုင်တဲ့သူတွေ၊ ညီညီညွှတ်ညွှတ်ရှိတဲ့သူတွေ၊ သူတို့ကို အမြဲတစေဝေဖန်ထောက်ပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အဓိကရွေးချယ်ပြီးတောင်ပြောင်းတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“မိသားစုတွေနဲ့ ဝေးတဲ့ ထောင်တွေကို ပြောင်းရွှေ့လိုက်ခြင်းအားဖြင့် မိသားစုဝင်တွေ အနေနဲ့လည်း ထောင်ဝင်စာတွေ့ဖို့ အရေးကို ပိုပြီးအားစိုက်လာရမယ်။ အကျဉ်းသားတွေအနေနဲ့ကလည်း သူတို့ရဲ့ မိသားစုတွေကို ငဲ့ညှာတဲ့ အနေနဲ့ ထောင်တွေမှာ ငြိမ်ကျသွားနိုင်တယ်။ အဲ့လိုရည်ရွယ်ချက်တွေနဲ့ ပြောင်းတာပါ” လို့ ကိုသိုက်ထွန်းဦးက သုံးသပ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာ အခုလိုမျိုး အကျဉ်းသားရာနဲ့ချီ ထောင်ပြောင်းရွှေ့တာမျိုးက အခုကြိမ်က ပထမဆုံးဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှာတော့ အခုလိုမျိုး အကျဥ်းသားရာနဲ့ချီပြောင်းရွှေ့တာကို မကြာခဏလုပ်လေ့ရှိတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အင်းစိန်ဗဟိုအကျဥ်းထောင်ကနေ သာယာဝတီအကျဥ်းထောင်ကို တကြိမ်ကို အကျဥ်းသား ၂၀၀ ဝန်းကျင်နဲ့ နှစ် ကြိမ်ပြောင်းရွှေ့တဲ့ ဖြစ်စဥ်ရှိခဲ့ဖူးပါတယ်။
The Tanintharyi Times
