မမြင်ခဲ့ရတဲ့ ‘ဓာတ်ပုံတွေလို’
မမြင်ခဲ့ရတဲ့ ‘ဓာတ်ပုံတွေလို’
ထောင်ရဲ့ဂိတ်တံခါးဝကို သူ လွန်လာတယ်ဆိုရင်ပဲ အမေဟာ လူအုပ်ထဲကနေ တိုးထွက်လာပြီး သူ့လက်ကို လာဆွဲပါတော့တယ်။
“ငါ့သား…ငါ့သား” လို့ တဖွဖွ မြည်တမ်းနေတဲ့ အမေ့ကို သူ ဆွဲဖက်မိပါတယ်။
ပြီးခဲ့တဲ့ကာလတွေထဲ အမေရော၊ သူရောမှာ အပြင်းပြဆုံးဆန္ဒတစ်ခု ရှိနေခဲ့မယ်ဆိုရင် အဲဒါဟာ အခုအနအထားမျိုး ဖြစ်မှာပါပဲ။ မိခင်တွေက သားနဲ့ ပြန်တွေ့ချင်မယ်။ သားတွေက မိခင်နဲ့ ပြန်ဆုံချင်မယ်။
ခဏနေတော့ အဖေလည်း ရောက်လာပါတယ်။ လူအုပ်ရဲ့ တခြားတစ်ဖက်မှာ ရောက်နေခဲ့လို့ သူထွက်လာတာကို ချက်ချင်းမမြင်တွေ့လိုက်ရတာ။
“ကျနော် ကျန်းကျန်းမာမာရှိပါတယ်” လို့ သူ အဖေ့ကို ပြောလိုက်ပါတယ်။
အဖေရော၊ အမေရော သိသိသာသာ ပိန်ချုံးနေတာကို သူ သတိထားမိပါတယ်။ သားစိတ်နဲ့ အအိပ်အစားပျက်၊ ရတက်ပွေခဲ့ကြရတာ ရက်ပေါင်း အသင်္ချေမဟုတ်လား။
လာကြိုကြတဲ့ တခြားလူအုပ်စုတွေကလည်း တိုးဝှေ့နေကြရင်း နာမည်တွေ အော်ခေါ်နေကြ၊ နှုတ်ဆက်နေကြ၊ ပွေ့ဖက်နေကြနဲ့ တချို့တွေရဲ့ မျက်နှာတွေပေါ်မှာ ဝမ်းနည်းဝမ်းသာမျက်ရည်စီချောင်းတွေကိုလည်း တွေ့ရပါတယ်။ မိသားစုတွေ ပြန်လည်ဆုံတွေ့ကြတဲ့ မြင်ကွင်းဟာ ကမ္ဘာပေါ်မှာ အလှပဆုံးဖြစ်လေမလားပါပဲ။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ထောင်ကနေ စောပြီး လွတ်သွားကြတဲ့ ကျောင်းသားလူငယ်လေးတချို့ကိုလည်း ထောင်ရှေ့မှာ ပြန်တွေ့ရတော့ ဝမ်းသာရပြန်ပါတယ်။ သူနဲ့ သူတို့ဟာ ထောင်ကို တစ်သုတ်တည်းအတူတူ ရောက်လာခဲ့ကြသူတွေဖြစ်ပြီး အဆောင်လည်းအတူတူ၊ အခန်းလည်းတူတူ ကာလတစ်ခုတိုင်အောင် နေသွားခဲ့ကြသူတွေပါပဲ။ ဒါပေမဲ့ သူတို့ကတော့ အမှုရင်ဆိုင်နေစဉ် အတွင်းမှာပဲ လွတ်ငြိမ်းခွင့်နဲ့ လွတ်သွားခဲ့ကြပါတယ်။
အဖေဟာ သူ့လက်ကို အတင်းဆွဲပြီး ထောင်နဲ့ ဝေးရာဆီကို မြန်မြန်ပဲ ခေါ်ထုတ်နေပါတယ်။ မိတ်ဆွေတွေကို နှုတ်ဆက်လို့ကောင်းနေဆဲဖြစ်တဲ့ သူကတော့ အဖေ့ရဲ့ စိုးရိမ်စိတ်ကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အဖေ့ကို စိတ်သက်သာရာရစေချင်တာမို့ အဖေခေါ်တဲ့နောက်ကို လိုက်လာခဲ့ပါတယ်။
ထောင်ကျဖက်တွေ၊ သူတို့ကို လာကြိုကြတဲ့ မိသားစုတွေဟာ နောက်မှာ ကျန်ရစ်ခဲ့ပါတော့တယ်။
ခပ်လှမ်းလှမ်းရောက်တဲ့အခါမှသာ အဖေ့ရဲ့ သောကကို နားလည်ရပါတော့တယ်။ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အပြင်ဘက်ကို ရောက်တဲ့အခါ ရဲတွေက စောင့်ပြီးဖမ်းနေတယ်ဆိုတဲ့ သတင်းတွေကို ဘယ်ကနေ အဖေက ကြားသိနေခဲ့လဲတော့ မသိပါဘူး။ ဒီတော့မှ သူလည်း စိုးရိမ်မိပြန်ပါတယ်။ အဲဒီသတင်းတွေဟာ အလုံးစုံ မှန်သလား၊ မမှန်ဘူးလားဆိုတာကိုတော့ သေသေချာချာမသိနိုင်ပေမဲ့ တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်နေနိုင်တယ်လို့ ခံစားမိတာကြောင့်ပါပဲ။
အထဲမှာရှိနေတုန်းကလည်း ဒီလိုမျိုးသတင်းတွေကို မကြာခဏ ကြားနေခဲ့ရပါတယ်။ လွတ်ငြိမ်းတွေပေးလို့ ပြန်လွတ်သွားကြတယ်။ ဒါပေမဲ့ နောက်ထပ်အမှုတွေကျန်သေးလို့ ဆိုပြီး ရဲစခန်းကို ခေါ်သွားတယ် စသဖြင့် သတင်းအတိုအစတွေဟာ အကျဉ်းခန်းတွေထဲကို မကြာမကြာ ရောက်လာတတ်ပါတယ်။
လွတ်သွားပြီး ရက်တချို့၊ လတချို့အကြာမှာ ထောင်ထဲကို ပြန်ရောက်လာသူကိုလည်း တကယ်တွေ့မြင်ခဲ့ရပါတယ်။ လွတ်ငြိမ်းပေးတာက တစ်မှု၊ ရဲက အမှုဖွင့်ထားတာက နောက်တစ်မှု စတဲ့ခေါင်းစဉ်တွေနဲ့ပါပဲ။
ကားလမ်းမပေါ်က လက်ဖက်ရည်ဆိုင်ကလေးတစ်ခုထဲမှာ ဝင်ထိုင်ကြပြီး သူ့ကို ဗိုက်ဖြည့်စေပါတယ်။ လက်ဖက်ရည်တစ်ခွက်နဲ့ ထမင်းဆီဆမ်းတစ်ပွဲ သူ မှာလိုက်ပါတယ်။
လက်ဖက်ရည်ခွက်ကို ကြည့်ရင်း စိတ်ထိခိုက်ရပြန်ပါတယ်။ “လက်ဖက်ရည်ဆိုင် ခဏပါပဲ” လို့ မနက်ခင်းတစ်ခုမှာ အမေ့ကို သူ ပြောပြီး အိမ်ကနေ ထွက်လာခဲ့တာ။ လများစွာကြာပြီးမှ အမေဟာ သူ့သားကို ထောင်ရှေ့မှာ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
လာရတဲ့ လမ်းခရီးဟာ ချောချောမွေ့မွေ့ရှိရဲ့လားဆိုတာကို သူ သိချင်နေပါတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရတဲ့အခါ ဘယ်ကပြန်လာတာလဲလို့ မေးရင် ဘယ်လိုဖြေရမလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း သူ စိုးထိတ်နေမိပါတယ်။
အဖေနဲ့ အမေဟာ တခြားအမျိုးသမီးနှစ်ယောက်နဲ့အတူ အငှားကားနဲ့ လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ တစ်ယောက်က လင်ယောက်ျားဖြစ်သူနဲ့ တစ်ယောက်က အစ်ကိုဖြစ်သူအတွက် လာစောင့်မျှော်ကြတာ။ ထောင်ရှေ့မှာပဲ ကျန်ရစ်ခဲ့တုန်းပါပဲ။
အဲဒီနှစ်ယောက်စလုံးဟာ အထဲမှာ သူနဲ့ ခင်မင်ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံး လွတ်တဲ့စာရင်းမှာ မပါတဲ့အကြောင်း သူ ပြောပြပေမဲ့ မယုံမရဲ၊ လက်ခံဝံ့ဝံ့၊ မဝံ့ဝံ့ ဖြစ်နေကြပါတယ်။ ဒါကိုလည်း သူ နားလည်ပါတယ်။ ဆန္ဒဇောအရှိန်တွေကို ဒီအချိန်မှာ တားဆီးဖို့ ခက်ခဲကြမှာပါပဲ။
ကားဖြူကလေးနဲ့ သူတို့ ပြန်လာခဲ့ကြပါတယ်။ ထောင်ထဲမှာ နေရထိုင်ရပုံတွေအကြောင်းကို အကျဉ်းချုပ်ပြောပြရသလို အပြင်ဘက်ကအခြေအနေတွေကိုလည်း အတိုချုံးပြီး အဖေနဲ့ အမေတို့က သူ့ကို ပြန်ပြောပြနေကြပါတယ်။
သူတို့မိသားစုဝင်တွေ လွတ်တဲ့အထဲ မပါလို့ အမျိုးသမီးနှစ်ယောက်ကတော့ မျက်နှာမကောင်းဖြစ်နေကြပါတယ်။ ဒါကိုလည်း သူနှစ်သိမ့်ရပါတယ်။ ထောင်ထဲမှာ ကျန်းကျန်းမာမာ၊ အေးအေးဆေးဆေးရှိကြတဲ့အကြောင်း ပြောဖြစ်ပါတယ်။
လမ်းမှာ စစ်တပ်ဂိတ်တွေ၊ ကင်းစခန်းတွေကို တွေ့ရသလို နေရာတချို့မှာ ပီဒီအက်ဖ်တွေ သေနတ်တွေလွယ်ပြီး သွားလာနေကြတာကိုလည်း တွေ့ရတော့ အံ့ဩသလို ဖြစ်မိပါတယ်။ သူ့ကို ဖမ်းခေါ်လာချိန်တုန်းကတော့ ဒါတွေ မရှိသေးပါဘူး။
“မင်း အိမ်ပြန်လိုက်ခဲ့လို့ မရဘူး” လို့ အမေက ပြောတဲ့အခါ အပြင်ဘက်က အခြေအနေတွေဟာ ထင်ထားတာထက် ပိုပြီးဆိုးနေပုံပဲလို့ သူ တွေးမိပါတယ်။
ညနေ နေဝင်ချိန်လောက်မှပဲ မြို့ကို ရောက်ကြပါတယ်။ ဆွေမျိုးတစ်ယောက်ရဲ့အိမ်ကိုပဲ သူ့ကို ခေါ်သွားကြပါတယ်။ ထောင်ကပါလာတဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို အိတ်နဲ့ထည့်ပြီး မှောင်ရီဖျိုးဖျမှာ အဖေနဲ့ အမေဟာ အိမ်ကိုပြန်သွားခဲ့ကြပါတယ်။
သူတို့စိတ်ထဲမှာ ပျော်နေမှာ သေချာပေမဲ့ အိမ်အထိခေါ်သွားလို့ရတာကိုတော့ စိတ်ကောင်းကြမယ်မထင်ပါဘူး။ အထဲမှာတုန်းက စိတ်ကူးကြည့်မိသလို မိသားစုတွေ စုံစုံညီညီ ထိုင်ကြမယ်၊ ပြီးတဲ့အခါ ထောင်ထဲကအကြောင်းတွေကို သူက ပြော၊ အပြင်ဘက်မှာ ဖြစ်ပျက်သွားတာတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့ အခြေအနေတွေကို မိသားစုတွေကပြော၊ အနာဂတ်ရေးအတွက် စီစဉ်၊ အဲဒီလိုမျိုး မဖြစ်ခဲ့ရတာပါ။
ရေကို တဝကြီး သူချိုးနေမိတယ်။ ဘယ်နှစ်ခွက်ရှိပြီလဲဆိုတာကို ရေတွက်နေစရာမလိုတော့တဲ့အတွက် စိတ်ချမ်းမြေ့မှုကို ခံစားနေရပါတယ်။ ပြီးတော့ ခါးလယ်ကနေ ချိုးထားတဲ့ သွားတိုက်တံကိုလည်း သူ သုံးဖို့ မလိုတော့ဘူး။
ညစာစားကြတော့ ထမင်းဟာ ဝါးနေရတယ်လို့ မခံစားရတာကို သူ သတိထားမိပါတယ်။ မာတောက်တောက် ထမင်းကို ကာလရှည်ဝါးခဲ့ရတော့ အံတွေဟာ သန်မာကြမ်းတမ်းနေကြပုံရပြီး နူးညံ့တဲ့ထမင်းနဲ့ အသားမကျသလို ဖြစ်လို့နေပါတယ်။
အိမ်ရှင်ဆွေမျိုးတွေနဲ့ စကားပြောပြီးကြတဲ့အခါ အိပ်ဖို့ပြင်ကြပါတယ်။ ဘုရားရှိမခိုးတော့ဘဲ အိပ်ရာဝင်ခဲ့လိုက်ပါတယ်။ ဒီလိုလုပ်လို့ရတာ ရက်ပေါင်းများစွာအတွင်း ဒါဟာ ပထမဦးဆုံးပါပဲ။ ထောင်ထဲက ရလာတဲ့ အကျင့်တွေကို ခပ်မြန်မြန်ပဲ ဖျောက်ပစ်ဖို့ သူသတိထားနေပါတယ်။
လမ်းလျှောက်တာ သွားတာ၊ လာတာ၊ စကားပြောတာ၊ ထိုင်တာ၊ ထတာအဆုံး ပုံစံဆိုတာတွေရဲ့ အောက်မှာ ခေါက်ရိုးကျိုးနေအောင် ရှိခဲ့ကြရတာ။ လူတစ်ယောက်အဖြစ်ကနေ တစ်ဆင့်လျောကျသွားတဲ့ သတ္တဝါတစ်ကောင်လိုမျိုး နေခဲ့ကြရတာ။
အဲဒီညက ညဉ့်နက်တဲ့အထိ သူ အိပ်မပျော်ပါဘူး။ ထောင်ထဲမှာက စားတာသောက်တာ၊ ရေချိုးတာ၊ အိပ်တာတွေက အချိန်မှန်လုပ်ကြရတာကြောင့် အဲဒါတွေနဲ့ ကျင့်သားရနေခဲ့ပါတယ်။ ည ၉ နာရီဆို အိပ်ရာဝင်ပြီး သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားလေ့ရှိပါတယ်။
သူဟာ အတွေးတွေကို ကျုံ့ထားတာ၊ တရားရှုမှတ်တာ စတဲ့ စိတ်လေ့ကျင့်ခန်းတွေကို လုပ်လေ့ရှိတာကြောင့် ညဉ့်နက်တဲ့အထိ အိပ်မပျော်တာမျိုးက တော်တော်နည်းခဲ့ပါတယ်။ ဘာမှလုပ်လို့မရတဲ့အခြေအနေမှာ ဘာကိုမှ လုပ်ချင်ဖြစ်ချင်စိတ်တွေရှိမနေအောင် သတိထားတာပါပဲ။
အခုတော့ မနက်ဖြန်တွေအရေးကို တွေးနေမိပါပြီ။ ဒီတော့လည်း အတွေးများစွာနဲ့ အိပ်ပျော်ဖို့ ခက်နေပြန်ပါတယ်။ ဒါဟာ လွတ်လပ်ခြင်းလေလား။ ရပ်ကွက်ဟာ သူနဲ့ အစိမ်းသက်သက်မို့ ဧည့်စာရင်းစစ်မှာကိုလည်း စိုးတထိတ်ထိတ် ခံစားနေရပါတယ်။ မနက်မိုးလင်းတဲ့အခါ ရဲစခန်းကိုသွားပြီး သူလွတ်လာပြီဖြစ်တဲ့အကြောင်း အကြောင်းကြားသတင်းပို့လည်း ရှိနေသေးပါတယ်။ ဒီတော့လည်း လွတ်လပ်ခြင်းဟာ ခါးသက်သက်ပါပဲ။
ဆွေမျိုးရဲ့အိမ်မှာ နှစ်ညအိပ်ခဲ့ပြီး မနက်စောစောမှာပဲ ရန်ကုန်ကို ထွက်လာခဲ့ရပါတယ်။ အဖေနဲ့ အမေကိုတော့ လွတ်တဲ့နေ့တုန်းကလွဲပြီး နောက်ထပ် တွေ့ဆုံနှုက်ဆက်စကားပြောခွင့် မသာခဲ့ပါဘူး။ လုံခြုံရေးအခြေအနေရပါပဲ။
အထဲမှာ ဖတ်ခဲ့ရတဲ့ အောင်ချိမ့်ရဲ့ လူငယ်တစ်ယောက်အကြောင်းကဗျာစုထဲက ‘ဓာတ်ပုံတွေလို’ ဆိုတဲ့ ကဗျာလေးကို သတိရမိပြန်ပါတယ်။ ထောင်ထွက်တစ်ယောက် အိမ်ပြန်ရောက်ချိန် မြင်ရင်တဲ့ မြင်ကွင်းနဲ့ ခံစားမှုတွေပါပဲ။
‘ဓာတ်ပုံတွေလို’
သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
အမေက ကျွန်တော်ဝတ်လာတဲ့ အင်္ကျီလုံချည်
ပြန်ပါလာတဲ့ အဝတ်အစားများအကုန်
ဒန်ဇလုံကြီးထဲ ထည့်ပြီး
ပြုတ်လျှော်ပစ်ပါတယ်။
ကျွန်တော့်ကို ရေချိုးစေပါတယ်။
ခေါင်းလျှော်စေပါတယ်။
ညီနဲ့ ညီမက
ဝမ်းသာမျက်ရည် ကျသတဲ့။
(ယခုအခါ တစ်နှစ်တစ်ခါတောင် မတွေ့ကြပါ။)
အဖေက သူ နေနေကျအတိုင်း
ထောင့်လေးတစ်ခုမှာ ကုပ်ပြီး ထိုင်နေပါတယ်။
(လက်ကြား ဆေးပြင်းလိပ်ညှပ်လျက် ငြိမ်လျက်။)
အစ်မက ပျာပျာပျာပျာ
စားစရာ တစ်ခုပြီး တစ်ခု လုပ်တယ်။
(အခု အဲဒီအစ်မက မှတ်ဉာဏ်ချွတ်ယွင်း နေရှာတယ်)
ကျွန်တော့်မှာ စိတ်လှုပ်ရှားမှု တလှပ်လှပ်
အရာရာကို တလှပ်လှပ်
ဓာတ်ပုံစာအုပ်ကို ပြန်ထုတ်ကြည့်သလို
ဓာတ်ပုံတွေလိုပါပဲ။
(ဘဝဆိုတာ အရင်က အရာတွေ၊ အဖြစ်အပျက်တွေ၊ နေ့ရက်တွေကို
အဲသလို အဲသလို ဓာတ်ပုံတွေလို ပြန်ပြန်ထုတ်ကြည့်လို့ ရသေးတာ ကံကောင်းတာပဲ။)
‘အပျော်ဆုံး နေ့တစ်နေ့ ’ ဆိုတာလည်း ဖြစ်နိုင်ပါတယ်။
လောကထဲ ပြန်ရှင်ရတာမျိုး မဟုတ်လား။
အဲဒီတစ်ရက်လို နှစ်ရက်လို ရက်များဟာ
လကလည်း ပိုသာ
နေကလည်း ပိုလင်း
အဓိပ္ပာယ်များ၊ ချစ်ခင်မှုများ၊ မိသားစုများ လင်းလင်းချင်းချင်း။
(ကျန်သော မိသားစုများသို့လည်း စိတ်က ရောက်ပါတယ်။)
သူကတော့ အဲဒီဓာတ်ပုံတွေလိုမျိုး မမြင်ခဲ့ရပါဘူး။
ရင့်ပြည့်
The Tanintharyi Times