ယူကရိန်းရှေ့တန်းစစ်မျက်နှာ ကို အဓမ္မ ပို့ဆောင်ခံနေရတဲ့ အိန္ဒိယ နဲ့ နီပေါ နိုင်ငံသားတွေ
ယူကရိန်းရှေ့တန်းစစ်မျက်နှာ ကို အဓမ္မ ပို့ဆောင်ခံနေရတဲ့ အိန္ဒိယ နဲ့ နီပေါ နိုင်ငံသားတွေ
“ ရုရှား ၊ ဂျာမနီ နဲ့ ဒူဘိုင်းမှာ အလုပ်ရမယ်လို့ စည်းရုံးပြီး အိန္ဒိယ နဲ့ နီပေါ နိုင်ငံသားတွေ ကို ယူကရိန်း ရှေ့တန်းစစ်မျက်နှာကိုပို့ဆောင်ကာ ရုရှားစစ်တပ် က အဓမ္မ စစ်မှုထမ်းခိုင်းနေပါတယ်”
(ဘာသာပြန်ဆောင်းပါး)
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် မှာရှိတဲ့ ရွာငယ်လေး တစ်ရွာ က ဟီမင် မောင့်ဂွတ်ကီယာဆိုသူ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မိသားစုဝင်တွေကို နှုတ်ဆက်ပြီး သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နေအိမ်ကထွက်ခွာလာပါတယ်။
မိသားစု ရဲ့ ဆင်းရဲဒုက္ခတွေကို ကူညီချင်တဲ့ ဟီမင်ဟာ အိန္ဒိယ မှာထက် ဝင်ငွေပိုမိုကောင်းမွန်မယ့် အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို ရုရှားမှာ သူရှာတွေ့ထားတယ်လို့ မိသားစုဝင်တွေ ကိုပြောပြပြီး အိမ်ကထွက်ခွာသွားပါတော့တယ်။
အဲ့ဒီမတိုင်ခင်မှာ လူငယ်လေး ဟီမင် မောင့်ဂွတ်ကီယာ ဟာ ရုရှားက အလုပ်ကြော်ငြာ တဲ့ YouTube ဗီဒီယို တစ်ခုကိုကြည့် ရှုပြီး အဲ့ဒီ ဗီဒီယို မှာပါတဲ့ လိပ်စာတွေ ကိုဆက်သွယ်ကာ ဝင်ငွေအများအပြား ရရှိမယ့် အလုပ်သွားလုပ်ဖို့ စိတ်ကူးခဲ့ပါတယ်။
YouTube ဗီဒီယို ကြော်ငြာကတော့ ယူကရိန်း က ရုရှားတွေ ထိန်းချုပ်ထားတဲ့နေရာတွေ မှာ လုံခြုံရေးဝန်ထမ်း လုပ်ကိုင်ရမယ်ဆိုတဲ့ အလုပ်ခေါ် ကြော်ငြာ ဖြစ်ပါတယ်။ ကြော်ငြာထဲမှာ တော့ စစ်ပွဲဝေး တဲ့ ယူကရိန်း နယ်မြေထဲမှာ အလုပ်လုပ်ရမယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် သူရောက်ပြီး မကြာခင်မှာပဲ ရုရှား ကနေ မိသားစုဝင်တွေ အတွက် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာပါတယ်။
အဲ့ဒါကတော့ ဟီမင် မောင့်ဂွတ်ကီယာ ဟာ ရုရှား ရဲ့ စစ်ရေးလေ့ကျင့်ရေးကျောင်း ကိုတက်ရောက်ခဲ့ရပြီးနောက် ယူကရိန်း ရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ခံရပြီး လုံခြုံရေး ဝန်ထမ်း လုပ်ရမယ့် အစား ကတုတ်ကျင်း တူးနေရတယ်လို့ မိသားစုဝင်တွေ ဆီကို ဖုန်းဆက်ပြောခဲ့ပါတယ်။
သူ့ကို ရုရှား စစ်တပ်က တစ်လအကြာ စစ်သင်တန်းပေးပြီး လက်နက်ခဲယမ်း မီးကျောက်တွေ ၊ ရိုင်ဖယ် သေနတ်တွေ သယ်ဆောင်စေကာ ယူကရိန်းရှေ့တန်းစစ်မြေပြင်ကိုပို့ ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေကို ပြောပြခဲ့ပါတယ်။
အဲ့ဒီနောက် ဖေဖော်ဝါရီလမှာတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၊ ရွာငယ်လေး မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ နဲ့ ဟီမင် မောင့်ဂွတ်ကီယာ တို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် ရက်အနည်းငယ်အကြာမှာ လက်ခံရရှိတဲ့ တယ်လီဖုန်းခေါ်ဆိုမှု တစ်ခုကတော့ ဟီမင် မောင့်ဂွတ်ကီယာ ရဲ့ ဖခင်ဖြစ်သူကို ရင်ကွဲစေခဲ့ပါတော့တယ်။
ဟီမင်တစ်ယောက် ယူကရိန်းရှေ့တန်းတစ်နေရာမှာ ဒရုန်း နဲ့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးပြီးကြောင်း မိသားစုကို အသိပေးခဲ့ကြတာဖြစ်ပါတယ်။
အသက် ၅၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဟီမင် ရဲ့ ဖခင် အက်ရှ်ဝင် မောင့်ဂွတ်ကီယာ က “ကျွန်တော်တို့ မိသားစုဝင်တွေအားလုံးရဲ့ နှလုံးသားတွေ ကြေမွသွားတာပါပဲ ၊ အခုထိ သူ့အလောင်းကို ပြန်ရဖို့ ကြိုးစားနေရတုန်းပါပဲ” လို့ ပြောပါတယ်။
ဟီမင် မောင့်ဂွတ်ကီယာ သေဆုံးမှုဟာ လုံခြုံရေး ဝန်ထမ်း အဖြစ် အလုပ်လိမ်လည် ခေါ်ယူပြီး ရုရှား စစ်တပ် တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်မြေပြင်မှာ အတင်း အဓမ္မ စစ်တိုက်ခိုက်ခိုင်း နေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်ဆိုတာ ကို မီးမောင်းထိုးပြနေပါတယ်။
ဟီမင် မောင့်ဂွတ်ကီယာ လို ရုရှား စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ယူကရိန်းစစ်ပွဲ ရှေ့တန်း စစ်မျက်နှာမှာ သေဆုံးခဲ့တဲ့ အိန္ဒိယ နိုင်ငံသား ရာပေါင်းများစွာ ရှိနေတယ်လို့ ဆိုပါတယ်။
တချို့ သော အိန္ဒိယ နိုင်ငံသားတွေ ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ရဲ့ မြို့တော် ဒူဘိုင်းမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းရင်းက အလုပ်အကိုင် ရှာဖွေ ရေးအေဂျင်စီတွေ ကတဆင့် ယူကရိန်း စစ်ပွဲထဲရောက်ကုန်တယ်လို့ သိရှိရပါတယ်။
ပန်ဂျပ်ပြည်နယ်က အိန္ဒိယ နိုင်ငံသား ၇ ဦးဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းက ရုရှား ကို ကမ္ဘာ့ခရီးသွားတွေ အဖြစ် သွားရောက်လည်ပတ်စဉ် ဘီလာရုစ်နိုင်ငံက အေးဂျင့် တစ်ဦးက သူတို့ကို ရုရှား အာဏာပိုင်တွေ ဆီအပ်နှံခဲ့တယ်လို့ ပြောကြားထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ဟာ ပြီးခဲ့တဲ့ သီတင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွေ ပျံ့နှံ့လာပါတယ်။
အဲ့ဒီဗီဒီယို ထဲမှာဝင်တဲ့ ဂါဂန်ဒိ(ပ်) ဆင်း ဆိုသူက “ ရုရှား အာဏာပိုင်တွေက ကျွန်တော်တို့ကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းပါတယ်။ သူတို့လက်မှတ်ထိုးခိုင်းတဲ့ စာရွက်စာတမ်းတွေ ဟာ ရုရှား စစ်တပ် မှာ အမှုထမ်းဖို့ နဲ့ ယူကရိန်း စစ်မြေပြင်ကိုပို့ဆောင်မှာကို လက်ခံပါတယ်လို့ စာချုပ်ချုပ်တဲ့ စာရွက်စာတမ်းတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။
အခုလ ၆ ရက်နေ့ မှာလည်း အိန္ဒိယ နိုင်ငံသားတစ်ဦးဖြစ်တဲ့ မိုဟာမက် အက်စ်ဖန် ဆိုသူဟာ ယူကရိန်းစစ်မြေပြင်မှာသေဆုံးခဲ့တယ်လို့ သူရဲ့ အကိုဖြစ်သူ မိုဟာမက် အီမရန် ကပြောပါတယ်။
မိုဟာမက် အက်စ်ဖန် ဟာ ရုရှား နိုင်ငံရဲ့ မြို့တော် မော်စကို က အဆောက်အအုံ တစ်ခုမှာ လုံခြုံရေး ဝန်ထမ်း အဖြစ် အလုပ်လုပ်ကိုင်ဖို့ သွားရောက်ခဲ့တာသာဖြစ်ပြီး စစ်ပွဲထဲရောက်နေမှန်း သူမသိခဲ့ဘူးလို့ အီမရန် က ပြောပါတယ်။
“ကျွန်တော့်ညီကို ယူကရိန်းရှေ့တန်းပို့ထားမှန်း မသိခဲ့ဘူးဗျာ” လို့ အစ်ကိုဖြစ်သူ မိုဟာမက် အီမရန်က ဆိုပါတယ်။
နိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်း တဲ့ နီပေါ နိုင်ငံသား တချို့လည်း အလားတူဖြစ်ရပ်မျိုး နဲ့ ကြုံတွေ့နေရတယ်လို့ နီပေါ အစိုးရ ကဆိုပါတယ်။
နီပေါနိုင်ငံသားတွေ အနေနဲ့ ရုရှား နဲ့ ယူကရိန်း နိုင်ငံတွေ မှာ သွားရောက်အလုပ်လုပ် မလုပ်ကြဖို့ နဲ့ အဲ့ဒီနိုင်ငံတွေ က အလုပ်အကိုင်တွေ မလျောက်ကြဖို့ နီပေါ အစိုးရ က တရားဝင်ထုတ်ပြန် သတိပေးထားပါတယ်။
နီပေါအစိုးရ က တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချထားတဲ့ ကြားထဲကနေ ပဲ နီပေါနိုင်ငံသားတချို့ ရုရှား စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံရပြီး ယူကရိန်း စစ်မြေပြင်မှာ ဆက်လက် သေဆုံးနေတုန်း ပဲ ဆိုပါတယ်။
တချို့ က သူ့တို့ သဘောဆန္ဒအလျောက် ရုရှား လုံခြုံရေး ကုမ္ပဏီတွေ မှာ အလုပ်လုပ်ကိုင်ဖို့သွားရောက်ရင်း ယူကရိန်း ပို့ဆောင်ခံရတာဖြစ်ပြီး တချို့ ကတော့ ဒူဘိုင်း နဲ့ တခြား နိုင်ငံတွေမှာသွားရောက် အလုပ်လုပ်ကိုင် ဖို့ ကြိုးပမ်းရာကနေတဆင့် လိမ်လည်ခံရပြီး တချို့ မှာ အလိမ်ခံရကာ ယူကရိန်းစစ်မြေပြင်မှာပိတ်မိနေ တယ်လို့ဆိုပါတယ်။
အဲ့ဒီလူတွေ ဟာ ဒေါ်လာထောင်ချီ ချေးငှားပြီး မှားယွင်းတဲ့ အလုပ်အကိုင်အေဂျင်စီတွေကို ရွေးချယ်ကာ ရုရှား စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံရပြီး ယူကရိန်းစစ်မြေပြင်ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။
နီပေါ အစိုးရ ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေ အရ နီပေါနိုင်ငံသား ၁၂ ဦးအထိ ယူကရိန်း စစ်မြေပြင်မှာသေဆုံးသွားတယ်လို့ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက်အရတော့ စစ်မြေပြင်မှာသေဆုံးတဲ့ နီပေါနိုင်ငံသား သူ ၁၉ ထိ ရှိနေပြီလို့ အတည်ပြုထားပါတယ်။
နီပေါနိုင်ငံသားတချို့ဟာလည်း ဟီမင် မောင့်ဂွတ်ကီယာ သေဆုံးသလို လေကြောင်း ဒရုန်း နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းတစ်ခုကဆိုပါတယ်။
ဂါးဒီယန်း သတင်းဌာန က စုံစမ်းမှု တွေအရ ရုရှားစစ်တပ် ဟာ အိန္ဒိယ နဲ့ နီပေါနိုင်ငံသားတွေ နားမလည် တဲ့ ရုရှား ဘာသာနဲ့ရေးသားထားတဲ့ အလုပ်အကိုင်စာချုပ်တွေချုပ်ဆိုတာဖြစ်ပြီး ရုရှား နိုင်ငံကိုရောက်ရှိပြီး မှ အတင်းအကြပ်လက်မှတ်ထိုးစေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံကူးလက်မှတ် နဲ့ သက်သေခံ အထောက်အထား အားလုံးကိုလည်း ရုရှား စစ်တပ်က သိမ်းယူထားတယ်လို့ ဆိုပါတယ်။
အလုပ်လိမ်ခေါ်ကာ အဓမ္မ စစ်သားစုဆောင်းခံရသူတွေကို တစ်လခန့်သာ စစ်သင်တန်းပေးပြီး တိုက်ပွဲ ပြင်းထန်နေတဲ့ ယူကရိန်းစစ်မြေပြင်ကို ရက်ရက်စက်စက် ပို့ဆောင်တာဖြစ်ပါတယ်။အလုပ်အကိုင် ကောင်းတွေ ရမယ်လို့ ထင်နေကြတဲ့ အိန္ဒိယ နဲ့ နီပေါနိုင်ငံသားတွေကလည်း အဲ့ဒီချိန်မှပဲ သူတို့မှာလွတ်မြောက်ဖို့ လမ်းစမရှိတော့ဘူးဆိုတာ သိကြရတယ်လို့ ဆိုပါတယ်။
နန္ဒာရမ် ပန် လို့အမည် ရတဲ့ နီပေါ နိုင်ငံသား တစ်ဦးဟာ ရုရှား စစ်တပ်ရဲ့ ဆေးရုံတစ်ခု မှာဆေးကုသမှု ခံယူနေရပါတယ်။
သူဟာနိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ဖို့ ရုရှား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုနဲ့ ဆက်သွယ်မိရာကနေ ရုရှား စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံရပြီး ယူကရိန်း စစ်မြေပြင်ကို ရောက်ရှိလာတာဖြစ်တယ်လို့ဆိုပါတယ်။
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ က နန္ဒာရမ်ပန် ကို ဂျာမနီ နိုင်ငံမှာ အလုပ်အကိုင်ရှာဖွေပေးမယ်လို့ ကတိပေးခဲ့ပြီး တကယ်တမ်း နီပေါနိုင်ငံကထွက်ချိန်မှာတော့ ရုရှားကနေ တစ်ဆင့် လေယာဉ် ပြောင်းစီးရမယ်လို့ ဆိုကာ မော်စကို မှာ ဆင်းစေခဲ့ပါတယ်။
မော်စကို မြို့ကိုရောက်တော့ ဂျာမနီကို ဆက်မသွားရတော့ဘဲ ရုရှား စစ်သားစုဆောင်းရေးစခန်း ကိုရောက်ရှိသွားပါတော့တယ်။
ဆင်းရဲတွင်းကလွတ်မြောက်ဖို့ ဥရောပ အိပ်မက် မက်ခဲ့သူ နန္ဒာရမ် ပန် အဖို့တော့ သူရဲ့ဘဝမှာ တစ်ကြိမ်တခါမျှပင်စိတ်မကူးဖူးတဲ့ AKရိုင်ဖယ် သေနတ်ကို ပခုံးမှာထမ်းပြီး ပြင်းထန်တဲ့ စစ်သင်တန်း နဲ့ စစ်ရေးလေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်ရပါတော့တယ်။
“အဲ့ဒါပြီးတော့ ဂျာမနီ အိပ်မက်လည်း ပျက်ပြယ်သွားတော့တာပဲ” လို့ နန္ဒာရမ် ပန် ကဆိုပါတယ်။
သင်တန်းတက်ပြီး သိပ်မကြာခင်မှာ သူ့ကို အပြင်းထန်ဆုံး နဲ့ ကာလရှည်ကြာဆုံး စစ်ဖြစ်ပွားရာ ယူကရိန်း အရှေ့ပိုင်းက ဘက်မုမြို့ ကို ပို့ဆောင်လိုက်တယ်လို့ နန္ဒာရမ် ပန် ကပြောပါတယ်။ သူ နဲ့ အတူ တခြား အိန္ဒိယ နိုင်ငံသားနှစ်ဦး နဲ့ နေပါလီ လူမျိုး လေးဦးတို့ ဟာ ရုရှားစစ်သားတွေ နဲ့ အတူ ကတုတ်ကျင်းတွေထဲ ရက်ပေါင်း အတော်ကြာ အတူ ရှိနေခဲ့တယ်လို့ ပြောပြပါတယ်။
တစ်ညသား နန္ဒာရမ် ပန် တို့အဖွဲ့ ဟာ အလွန်အမင်းအေးပြီး နှင်းခဲတွေ ထူထပ်နေတဲ့ ယူကရိန်း ရဲ့ ရာသီဥတု အပြင်းထန်ဆုံး ဘက်မု မြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်နေစဉ် ယူကရိန်းစစ်တပ်ရဲ့ ဒရုန်း တစ်စင်း နဲ့ ထိပ်တိုက်တွေ့ ဆုံခဲ့ပါတယ်။
“ဒရုန်း တိုက်ခိုက်မှု နဲ့ပတ်သက်ပြီးကျွန်တော်ဘာမှ ကို မသိလိုက်တာပါ။ သတိပြန်ရလာတော့ ခြေသလုံး၊ ပေါင်နဲ့ ညာ လက်တို့ မှာကျည်ထိမှန်တဲ့ ဒဏ်ရာတွေရနေတာပါပဲ ” လို့ နန္ဒာရမ် ပန် က ပြန်ပြောင်းပြောပြပါတယ်။
နန္ဒာရမ် ကို ကနဦးတော့ ဒန်ဂတ်စတန် မှာရှိတဲ့ ကတ်စပီ မြို့ကို ကဆေးရုံကကို ခေါ်ဆောင်သွားတယ်လို့ သိရပေမယ့် ရုရှား ဘာသာ စကား မတတ်တာကြောင့် အခု သူဘယ်ရောက်နေမှန်း သူ့ကိုယ်တိုင်တောင် မသိဘူးလို့ ဆိုပါတယ်။
ဒရုန်းတိုက်ခိုက်ခံရမှုအပြီး နီပေါနိုင်ငံသား တချို့ ဆေးရုံတင်ခဲ့ရသလို တစ်ဦးမှာပျောက်ဆုံးသွားတယ်လို့ သိရှိရပါတယ်။
နီပေါနိုင်ငံသား နေက်တစ်ဦးကတော့ ရုရှားစစ်တပ်ကနေ ထွက်ပြေးဖို့ ကြိုးစားလို့ ဖမ်းဆီးခံရပြီး ထောင်ကျနေတယ်လို့ သိရပါတယ်။
“ကျွန်တော်ပြန်မကောင်းချင်တော့ဘူးဗျ။ ကျွန်တော်ပြန်သက်သာလာရင် သူတို့ စစ်ပွဲထဲ ပြန်ပို့ကြလိမ့်မယ်” လို့ နန္ဒာရမ် ပန် ကပြောပါတယ်။
နန္ဒာရမ် ပန် အနေနဲ့ နီပေါ အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး သူ့ ကို ကယ်တင်ခိုင်းဖို့ ကြိုးပမ်းခဲပေမယ့် အချည်းအနှီး သာဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော့်မှာ ပတ်စပို့စ်တောင်မရှိတော့ပါဘူး။ ဒါပေမယ့်လည်း …. ကျွန်တော်မသေချင်သေးဘူးဗျ” လို့ နန္ဒာရမ် ပန် ပြောပါတယ်။
အသက် ၃၁ နနှစ်အရွယ် အာဇတ် ယူစွတ် ကူမား ဟာ ဒူဘိုင်း မှာ အိမ်အကူအဖြစ်လုပ်ကိုင်ဖို့ အတွက် သူ့ရဲ့ မွေးရပ်မြေ အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသ ကိုစွန့်ခွာခဲ့ပါတယ်။
အာဇတ် ဟာ ဒူဘိုင်းမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ အတွက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို ရူပီး ၃၀၀,၀၀၀ ပေးခဲ့ရတယ်လို့ဆိုပါတယ်။
ဆိုရှယ်မီဒီယာ က တဆင့် အာဇတ် ဆက်သွယ်ခဲ့တဲ့ အလုပ်အကိုင်အေဂျင်စီဟာ သူ့ကို ဒူဘိုင်း ပို့ရမယ့် အစား မော်စကို မြို့က ရုရှား စစ်သင်တန်းကျောင်း ကိုသာပို့ဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ တော့ ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တစ်ခုကို စေလွှတ်လိုက်ပါတော့တယ်။
လက်ရှိမှာ အာဇတ် ကူမား ဟာ ယူကရိန်းက တိုက်ပွဲတစ်ခုမှာ သေနတ်ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရနေပါတယ်။
“သူက ဒီမှာ အလုပ်မရှိလို့ နိုင်ငံခြားထွက်သွားတာပါ။ သူ့မိန်းမကလည်းလောလောလတ်လတ် ကလေးမွေးထားတယ်” လို့ အာဇတ် ကူးမား ရဲ့အကို ဖြစ်သူ ဆာဂျဒ် ကူမား ကပြောပါတယ်။
“ဒါပေမယ့် သူဖုန်းဆက်လာတော့ ဒူဘိုင်းက မဟုတ်ဘဲ ရုရှားစစ်တပ်ထဲကဖြစ်နေတယ်။ အန္တရာယ်ရှိတဲ့ စစ်ပွဲဇုန်တစ်ခုထဲရောက်သွားပြီး အခု ခြေထောက်တွေ လက်တွေမှာ ဒဏ်ရရာတွေရထားတယ်” လို့ ဆာဂျဒ် ကူးမား က ဆက်ပြောပါတယ်။
အာဇတ် ကူးမား က မိသားစုဝင်တွေကို ပြောပြချက်အရ သူနဲ့အတူ တစ်ဖွဲ့တစ်ခုတည်းမှာ ရှိတဲ့ တပ်သား တွေဟာ အိန္ဒိယ နဲ့ နီပေါ နိုင်ငံသားအများစုဖြစ်တယ်လို့ မိသားစုဝင်တွေကို ပြောခဲ့ပါတယ်။
ယူကရိန်း စစ်မြေပြင်မှာ အဓမ္မ စစ်မှုထမ်းနေရတဲ့ တခြား အိန္ဒိယ နဲ့ နီပေါ နိုင်ငံသားတွေ ဟာလည်း အာဇတ်လိုပဲ ဒုက္ခတွေ့နေကြပါတယ်။
“သူ့ကို ပြန်လာဖို့ ကျွန်တော်တို့ မိသားစုဝင်တွေ အားလုံးကပြောနေပေမယ့် သူ့ မှာကူရာကယ်ရာမဲ့ နေတယ်” ဆာဂျဒ် ကူးမား ကပြောပြပါတယ်။
ရုရှား စစ်တပ်ထဲကို တရားမဝင် လူသစ်စုဆောင်းပေးတဲ့ အလုပ်အကိုင်အေဂျင်စီတွေကို အိန္ဒိယ လူမျိုးတွေ ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေကြပါတယ်။
ဒူဘိုင်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ ဖိုင်ဆယ်ခန်း ဟာ YouTube ချန်နယ်တစ်ခု ထူထောင်ပြီး လိမ်လည်လှည့်ဖျားမှု အမျိုးမျိုး နဲ့ ရုရှားစစ်တပ်အတွက်လူသစ်စုဆောင်းပေးနေပါတယ်။
ဖိုင်ဆယ်ခန်း ဟာ ရုရှား စစ်တပ်အတွက် တရားမဝင် လူသစ်စုဆောင်းပေးတဲ့ လုပ်ငန်း က ဝင်ငွေ မျိုးမျိုးမြက်မြက် ရနေသလိုသူလိမ်လည်ခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေ ဆီကလည်း အေဂျင့်ခယူပါတယ်။
ဖိုင်ဆယ် ဟာ ရုရှား စစ်တပ်အတွက် လူသစ်ရှာဖွေဖို့ လိမ်လည်လှည့်ဖျား ဗီဒီယို ပေါင်း ၃၀၀,၀၀၀ ကျော်ကို သူ့ရဲ့ YouTube ချန်နယ်က နေတင်ခဲ့ပါတယ်။
အဲ့ဒီဗီဒီယို ဟာ ယူကရိန်းက ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေ မှာလုံခြုံရေး ဝန်ထမ်း အလုပ်ခေါ် ယူတဲ့ ဗီဒီယို တွေ ၊ စိန့်ပီတာဘတ်မြို့ မှာ အလုပ်လုပ်ရမယ်ဆိုတဲ့ ဗီဒီယိုတွေ နဲ့ မော်စကို မြို့ မှာ အမြဲတမ်းနေထိုင်ခွင့်ပေးမယ်လို့စည်းရုံး တဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။
ဖိုင်ဆယ် ရဲ့ အေဂျင်စီက အိန္ဒိယ နိုင်ငံသား ၂၆ ဦးကို ရုရှား သို့ပို့ဆောင်ပေးခဲ့တယ်လို့ ဂါးဒီးယန်း က စုံစမ်းသိရှိရပါတယ်။
ဂါးဒီးယန်းက ဖိုင်ဆယ်ခန်း ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူအနေနဲ့ စစ်မြေပြင်ကို ပို့ဆောင်မယ်ဆိုတာ ကြိုမသိလို့ လုပ်ကိုင်ပေးခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“အဲ့ဒီလူတွေကို အိန္ဒိယပြန်ခေါ်ယူနိုင်ဖို့ ကျွန်တော်လည်းကြိုးစားနေပါတယ်” လို့ ဖိုင်ဆယ် ခန်းက ပြောပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အတွက် ဘာသာပြန်အလုပ်လုပ် ကိုင်ပေးနေတဲ့ အိန္ဒိယအမျိုးသားတစ်ဦးကတော့ မော်စကို ကိုရောက်လာတဲ့ အိန္ဒိယ နဲ့ နီပေါနိုင်ငံသားတွေ ကိုစစ်မြေပြင်မှာ ခိုင်းစေနေတယ်လို့ ဂါးဒီးယန်း ကိုအတည်ပြုပေးပါတယ်။
အလုပ်လာရောက်လုပ်ကိုင်သူ အများစုဟာ သူတို့ကို စစ်မြေပြင်ပို့ဆောင်မယ်ဆိုတာကို မသိရှိကြဘူးလို့ သူကပြောပါတယ်။
“အလုပ်အကိုင်အေဂျင်စီတွေကတော့ လုပ်ခကောင်းကောင်းရမယ်၊ စစ်မြေပြင်မှာ အလုပ်မလုပ်ရဘူးလို့ အာမခံချက်တွေ ပေးပြီးစည်းရုံးတယ်။ ဆင်းရဲလူတွေကို ရှာပြီးစည်းရုံးကြတယ်။ အဲ့ဒီလူတွေ ရုရှား အထိရောက်ဖို့ ငွေအမြောက်အမြား သုံးစွဲတာကြောင့် စာချုပ်တွေကိုတင်းတင်းကြပ်ကြပ် ချုပ်ကြတယ်။ အဲ့ဒီနောက်ပြန်လမ်းမရှိတော့ဘူး” လို့ အမည်မဖော်လိုတဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန အတွက် ဘာသာပြန်ပေးနေသူ အိန္ဒိယ အမျိုးသားကပြောပါတယ်။
အိန္ဒိယ အစိုးရ အနေနဲ့ လက်ရှိ ရုရှား စစ်တပ်မှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ အိန္ဒိယ နိုင်ငံသား ၂၀ ခန့်ကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံ အစိုးရချင်း ရင်းနှီးတဲ့ ဆက်ဆံရေး ကို အသုံးချပြီး အိန္ဒိယ နိုင်ငံသားတွေကို အမြန်ဆုံးကယ်ထုတ်သွားမယ်လို့ အိန္ဒိယ အစိုးရ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာမစ် ဗဟာဒူး ရိုင် က ယူကရိန်း စစ်မြေပြင် ရုရှား စစ်တပ်အတွက် စစ်သားစုဆောင်းခံထားရတဲ့ နီပေါနိုင်ငံသား ဘယ်လောက်ရှိနေတယ်ဆိုတာကို အတိအကျ မသိဘူးလို့ဆိုပါတယ်။
“မိသားစု ၂၄၅ ခုကတော့ ရုရှား စစ်တပ်မှာ အဓမ္မ စစ်သားစုဆောင်းခံထားရသူတွေကို ပြန်ခေါ်ပေးဖို့ အစိုးရကို အသနားခံစာတင်ထားပါတယ်။ နေပါလီ လူမျိုး ၅ ဦးဟာ ယူကရိန်းစစ်တပ်မှာ စစ်သုံံ့ပန်း အဖြစ် ဖမ်းဆီးခံထားရတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်” လို့ အာမစ် ဗဟာဒူး ရိုင် ကပြေပါတယ်။
နီပေါနိုင်ငံ မန်ဒန်ဒီပူရ် မြို့က အသက် ၂၂ အရွယ် ဆေဒတ် ဒါကယ်လ် ကို ယူကရိန်း စစ်တပ်က ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ အဲ့ဒီနောက် သူကိုယ်တိုင် အကူအညီတောင်းတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
နီပေါ နိုင်ငံက စာတော်ပြီး တက်ကြွတဲ့ကျောင်းသားတစ်ဦးဖြစ်သူ ဆေဒတ် ဒါကယ်လ် ကို ရုရှား မှာဆေးပညာ သင်ခွင့်ရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူ့ရဲ့ ဖခင်က ဂါးဒီယန်း ကိုပြောပါတယ်။
“ငါတို့ရဲ့ တစ်ဦးတည်းသောသားပါ ၊ ငါတို့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ပါ။ ကျေးဇူးပြုပြီး သူ့ကို အိမ်ပြန်ခေါ်ပေးကြပါဗျာ” လို့ပြောဆိုကာ ဖခင်ဖြစ်သူ ဘီရူ ဒါကယ်လ် က ငိုကြွေးပါတော့တယ်။
(ဗြိတိန် နာမည်ကျော် သတင်းဌာန တစ်ခုဖြစ်တဲ့ ဂါးဒီယန်း သတင်းဌာနက အခုလ ၇ ရက်နေ့ ဖော်ပြခဲ့တဲ့ ‘He had no idea he was being sent to a war zone’: the Indian and Nepali men on the frontlines in Ukraine ဆောင်းပါးကို မြန်မာစာဖတ်ပရိသတ်တွေ သတိပြုမိစေဖို့ ဘာသာပြန်ဖော်ပြလိုက်ပါတယ်။)
(ယခုဘာသာပြန်ဆောင်းပါး ကို Connect Burma သတင်းခန်း နှင့် The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
