ထားဝယ်၊ လောင်းလုံးနဲ့ ရေဖြူမှာ စစ်မှုထမ်းဖို့လူစာရင်းစကောက်
ထားဝယ်၊ လောင်းလုံးနဲ့ ရေဖြူမှာ စစ်မှုထမ်းဖို့လူစာရင်းစကောက်
ထားဝယ်၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက်ရပ်ကွက်အလိုက် လူဦးရေစာရင်းကောက်တာတွေ ဒီနေ့မှာ လုပ်ဆောင်နေပြီလို့ မြို့ခံတွေကပြောပါတယ်။
ထားဝယ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သင်္ဘောဆိပ်၊ တလိုင်းထိန်၊ တလိုင်းမ၊ ဆင်ဆိပ်နဲ့အနောက်မြို့တွင်း စတဲ့ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်သွင်းဖို့ ဆင့်ခေါ်စာတွေကို ရပ်ကွက်ရုံးကပို့ဆောင်နေပါတယ်။
“ဆင့်ခေါ်စာမှာ နိုင်ငံခြားရောက်နေတဲ့သူတွေလည်းပါလာတယ်” လို့ထားဝယ်မြို့ခံတစ်ဦးကပြောပါတယ်။
ရပ်ကွက်ရုံးကပေးပို့လာတဲ့ဆင့်ခေါ်စာမှာ စစ်မှုထမ်းဖို့အသက်ပြည့်သူတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့အတွက် မနက်ဖြန် (အခုလ ၁၇ ရက်)ကို ထားဝယ်မြို့နယ် စုပေါင်းရုံးကို မပျက်မကွက်သတင်းပို့ရမယ်လို့ ရေးသားထားပါတယ်။
သတင်းပို့ဖို့ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေအရအရေးယူခံရနိုင်တယ်လို့လည်း ဆင့်ခေါ်စာမှာရေးသားထားပါတယ်။
အလားတူ လောင်းလုံးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်လေးခုမှာ တစ်ရပ်ကွက်ကို ငါးဦးနှုန်းနဲ့ ဒီနေ့မှာစာရင်းကောက်ယူနေတယ်လို့ လောင်းလုံးမြို့ခံတွေကဆိုပါတယ်။
“အစည်းအဝေးခေါ်တာမျိုးမရှိဘူး။ နာမည်စာရင်းကိုတခါတည်း တောင်းတာပါ။ ကျနော်ကြားတာက ပျူစောထီးတွေက သူတို့ဘာသာလူရွေးပြီးစာရင်းပေးလိုက်ပြီတဲ့” လို့ လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်လေးခု၊ စမ်းလှမ်းရွာနဲ့ကျောက်နီမော်ရွာတွေမှာပဲ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးတွေရှိလို့ တခြားကျေးရွာတွေမှာတော့ စစ်မှုထမ်းစာရင်းကောက်တာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
လောင်းလုံး ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးကတော့ စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားလမ်းလာတွေကိုလည်း အတင်းအဓ္ဓမခေါ်ဆောငတာတွေလုပ်လာနိုင်တာကြောင့် အထူးသတိထားဖို့လိုတယ်လို့ ပြောပါတယ်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပေါ်မှာလည်း စစ်မှုထမ်းဖို့အတွက်ဆိုတာ ဒီနေ့မှာ ရပ်ကွက်ရုံးကဖုန်းဆက်ပြီး စာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
“သူတို့ခေါ်တဲ့ စာရင်းမှာ အသက် ၃၅ နှစ်ကျော်တဲ့လူလည်းပါတယ်။ မဲနှိုက်ခိုင်းမယ်လို့ကြားတယ်” လို့ ကလိန်အောင်မြို့ခံတစ်ဦးကပြောပါတယ်။
ကလိန်အောင်မြို့ပေါ်မှာ ရပ်ကွက်လေးခုရှိပြီး တစ်ရပ်ကွက်ကို ကိုးဦးလောက်အထိပါတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
မြိတ်မြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဖို့လူစာရင်းကောက်ယူတာနဲ့ မဲနှိုက်ရွေးချယ်တာတွေလုပ်ဆောင်နေပြီလို့ မြို့ခံတွေဆီကသိရပါတယ်။
The Tanintharyi Times
