လောက်ကိုင်ကနေ ပြန်ခေါ်မယ့် ထိုင်းနိုင်ငံသားတွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံထားရသူ ၇၄ ဦး ပါဝင်

လောက်ကိုင်ကနေ ပြန်ခေါ်မယ့် ထိုင်းနိုင်ငံသားတွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံထားရသူ ၇၄ ဦး ပါဝင်

Ref: ဘန်ကောက်ပို့စ် ပုံစာ - ထိုင်းဒုရဲချုပ် ဆူရာချက်ဟက်ပန်

ရှမ်းမြောက်က တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ထဲမှာ အွန်လိုင်းငွေကြေးလိမ်လည်ရေးလုပ်ငန်းတွေက လူကုန်ကူးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံထားရတဲ့ ထိုင်းနိုင်ငံသား (၇၄) ဦးလည်း ပါဝင်နေကြောင်းထိုင်း ဒုရဲချုပ် ဆူရာချက်ဟက်ပန်က ပြောတယ်လို့ ဘန်ကောက်ပို့စ်က ရေးထားပါတယ်။

ဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ သူတို့ကို နေရပ်ပြန်ခေါ်ရေး လုပ်ငန်းစဥ်က ရှုပ်ထွေးခက်ခဲနေတာလို့ ဆူရာချက်ဟက်ပန်က က ဆိုပါတယ်။

ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် လောက်ကိုင်မြို့က ဟိုတယ်တစ်ခုမှာ ပိတ်မိနေတဲ့ ထိုင်းလူမျိုး (၁၆၂) ဦးကို စစ်ကောင်စီတပ်တွေက ခေါ်ယူကယ်ဆယ်ထားကြောင်းလည်း ထိုင်းဒုရဲချုပ်က မနေ့ကပြောထားပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ ဒဏ်ရာအနာတရ ရရှိထားသူ ၇၄ ဦးအပါအဝင် ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကို ချက်ချင်းနေရပ်ပြန်ခေါ်မှာဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ခွင့်ပြုချက်ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ဆောင်ရေး ခရီးစဥ်တလျှောက် လုံခြုံမှုရှိဖို့ ထိုင်းအာဏာပိုင်တွေ နဲ့ မြန်မာစစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ ဆွေးနွေးနေကြဆဲ ဖြစ်ကြောင်း ဒုရဲချုပ်ကပြောပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ကိုယ်တိုင်သွားရောက် ခေါ်ဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်ရေး လုပ်ငန်းတွေ သွားရောက်လုပ်ကိုင်ခဲ့သူတွေ ပါဝင်နေသလို အတင်းအဓမ္မ လူကုန်ကူးခိုင်းစေခံရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့တာကြောင့် ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ဆောင်ပြီးတဲ့အခါ် အဆိုပါ လူစာရင်းကို ကောက်ယူသွားမှာဖြစ်ကြောင်းနဲ့ မိမိသဘောဆန္ဒအတိုင်း အလုပ်လုပ်ဖို့ သွားရောက်ခဲ့သူတွေကို နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု၊ လိမ်လည်မှု စတာတွေနဲ့ တရားစွဲဆို အပြစ်ပေးသွားမယ်လို့ သိရပါတယ်။ လူကုန်ကူးခံရသူတွေကိုတော့ ဥပေဒမှာ ပြဌာန်းထားချက်အတိုင်း ထိုက်သင့်တဲ့ နစ်နာကြေး ပေးအပ်သွားမယ်လို့လည်း ဒုရဲချုပ် ဆူရာချက်ဟက်ပန်က ရှင်းပြပါတယ်။

ဒါ့အပြင် အဆိုပါ နေရပ်ပြန်ပို့ရေးခရီးစဥ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းကနေ ဖြတ်သန်းသွားနိုင်ဖို့ တရုတ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ပန်ဖရီ ဘန်ဟိဒနုခရော Parnpree Bahiddha-Nukara က ပြောကြားထားပါတယ်။

ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားအများစုမှာ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့်ဗီဇာတို့ မရှိတာကြောင့် နိုင်ငံသား ဖြစ်ကြောင်း အတည်ပြုရေး လုပ်ငန်းစဥ်လည်း လုပ်ဆောင်နေရတယ်လို့ ပန်ဖရီက ဆိုပါတယ်။

အဆိုပါ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးနဲ့ တရားဝင် နယ်စပ်ဖြတ်ကျော်သွားလာခွင့် တို့အတွက် ရန်ကုန်အခြေစိုက် ထိုင်းသံရုံးက တာဝန်ယူလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

The Tanintharyi Times