လေယာဥ်လက်မှတ်ဈေးတက်နေပေမဲ့ အရောင်းကိုယ်စားလှယ်တွေကို အမြတ်ရာခိုင်နှုန်းလျှော့

လေယာဥ်လက်မှတ်ဈေးတက်နေပေမဲ့ အရောင်းကိုယ်စားလှယ်တွေကို အမြတ်ရာခိုင်နှုန်းလျှော့

ပုံစာ - ထားဝယ်လေဆိပ် (ပုံဟောင်း)

တနင်္သာရီတိုင်း အတွင်း လေယာဥ်လက်မှတ်ဈေးနှုန်းတွေတက်နေပေမဲ့ လေကြောင်းလိုင်းတွေကနေ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေကို ပြန်လည်ခွဲဝေပေးတဲ့ အမြတ်ရာခိုင်နှုန်းကိုတော့ လျှော့ချပြီးပေးနေတယ်လို့ ဒေသတွင်း လက်မှတ်အရောင်းဌာနတွေကနေ စုံစမ်းသိရှိရပါတယ်။

အရင်က လေကြောင်းလိုင်းတွေကနေ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေကို အမြတ်ရာခိုင်နှုန်းအနေနဲ့ လက်မှတ်တစ်စောင်ကို ဆယ်ရာခိုင်နှုန်းပေးခဲ့ပေမဲ့ အခုနှစ်အစမှာ ရာခိုင်နှုန်းတွေကို စတင်လျှော့ချပစ်ခဲ့တာလို့ အရောင်းကိုယ်စားလှယ်တွေက ဆိုပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကနေ လက်မှတ်အရောင်းကိုယ်စားလှယ်တွေကို လေယာဥ်လက်မှတ်တစ်စောင်ရဲ့ အကျိုးအမြတ်ရာခိုင်နှုန်းကို ငါးရာခိုင်နှုန်းအထိလျှော့ချခဲ့ပြီး အဲကမ္ဘောဇ(Air KBZ) လေကြောင်းလိုင်းကတော့ ခုနစ်ရာခိုင်နှုန်းအထိ လျှော့ချခဲ့တယ်လို့ သိရပါတယ်။

“ ဘာလို့လျှော့လဲဆိုတဲ့ အကြောင်းအရင်းတော့ မပါဘူး။ ဒီတိုင်း ရာခိုင်နှုန်းလျှော့ကြောင်း အီးမေးလ်ပဲ ပို့လာတာပါ” လို့ ထားဝယ်မြို့ အခြေစိုက် လေယာဥ်လက်မှတ် အရောင်းဌာနတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ထားဝယ်၊ မြိတ်၊ ကော့သောင်းလေယာဥ်လက်မှတ်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့တာဖြစ်ပြီး အခုနှစ်ဆန်းပိုင်းမှာ အမြင့်ဆုံးထိ ထပ်မံမြင့်တက်ခဲ့ပေမဲ့ လေကြောင်းလိုင်းတွေကနေ လေယာဥ် လက်မှတ်အရောင်းကိုယ်စားလှယ်တွေကိုတော့ အမြတ်ရာခိုင်နှုန်းတွေ လျှော့ချပြီးပေးနေတာဖြစ်တယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ဆိုပါတယ်။

အခု ဇန်နဝါရီလအစမှာ ရန်ကုန်-ထားဝယ် လေယာဥ်လက်မှတ်ကို ၃၁၆,၀၀၀ ကျပ်၊ ရန်ကုန်-မြိတ် လေယာဥ်လက်မှတ်ကို ၄၆၅,၀၀၀ ကျပ်ရှိခဲ့ပြီး ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ကတော့ ၈၀၀,၀၀၀ ကျပ်အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့တာပါ။

ဒါကြောင့် လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေအနေနဲ့ အရင်းအနှီးတော့ကြီးလာပေမဲ့ အမြတ်အစွန်းကပိုနည်းလာတာကြောင့် လုပ်ငန်းတွက်ချေမကိုက်ဖြစ်လာတယ်လို့ ဒေသတွင်း အရောင်းကိုယ်စားလှယ်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

“ လုံးဝကိုအဆင်မပြေတော့ဘူးရှင့်။ အရင်ကလုပ်လက်စမို့သာ ဒီအလုပ်ကိုဆက်လုပ်နေရတာပါ။ လက်မှတ်ကြတော့ ဈေးတင်ပြီး အမြတ်ကြတော့ မတိုးလာပဲ အရင်ကထက်တောင် နည်းလာတယ်ဆိုတော့ အလုပ်လုပ်ရ စိတ်ဓါတ်ကျလာတယ်” လို့ မြိတ်မြို့ခံ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။

လေကြောင်းလိုင်းရဲ့ အကျိုးအမြတ်ရာခိုင်နှုန်းတွေလျှော့ချမှုကြောင့် ဒေသတွင်းလေယာဥ်လက်မှတ် အရောင်းဌာနေတွေကလည်း သူတို့ကနေ တဆင့်ပြန်ယူရောင်းတဲ့ တဆင့်ခံ အရောင်းကိုယ်စားလှယ် တွေကို အကျိုးအမြတ်တွေထပ်ဆင့်လျှော့ချနေရပြီး ဒေသတွင်း လက်မှတ်အရောင်းကိုယ်စားလှယ် တွေအနေနဲ့လည်း ရပ်တည်ဖို့ ပိုပြီး ခက်ခဲလာကြတယ်လို့ သူကပြောပါတယ်။

လက်ရှိ ဒေသတွင်းမှာ တဆင့်ခံလေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်ဦးရေလည်း တဖြေးဖြေးနည်းလာတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတချို့က ပြောပါတယ်။

The Tanintharyi Times