တိုင်းမှူးကြိုဆိုပွဲ စစ်ဆင်ရေးလို့ဆိုကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်
တိုင်းမှူးကြိုဆိုပွဲ စစ်ဆင်ရေးလို့ဆိုကာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ တိုင်းမှူးကြိုဆိုပွဲ စစ်ဆင်ရေးဆိုပြီး ရှော့တိုက်ဒုန်း ၃၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brothers CRB အဖွဲ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့ ည ၉ နာရီကျော်မှာ နမခရောက် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ဧည့်ခံကြိုဆိုပွဲ စစ်ဆင်ရေး ဆိုပြီး ရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်လိုက်တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ PSO ဗိုလ်ကြီး ကောင်းခန့်ဇော်၊ တပ်ကြပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အရေးပေါ်ထိခိုက်သူ ၇ ဦး ရှိခဲ့သလို ထိခိုက်မှု များပြားတယ်လို့လည်း CRB အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ တဆ ၄/၃၀၀ နဲ့ မုံရွာပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ နမခ စစ်သင်္ချိုင်းနဲ့ အလုံမြို့ သရဏဂုံ သင်္ချိုင်းမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၄ ဦးရဲ့ ရုပ်အလောင်းကို နာရေးပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၇ မှာ မုံရွာဆေးရုံ အထူးကြပ်မတ်ဆောင်မှာ တိုင်းရုံးက အရေးပေါ်လူနာ ၁ ဦး ထပ်မံသေဆုံးတယ်လို့ CRB အဖွဲ့ဘက်က ဆိုပါတယ်။
ရှော့တိုက်ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံးအတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူး မျိုးမင်းထွေး အိမ်ယာဝင်းအတွင်း၊ အရာရှိကြီး နေအိမ် ၇ လုံး တန်းဝင်းအတွင်း၊ ငွေစာရင်းရုံးအနီး၊ စစ်ရေးပြကွင်း၊ ရိက္ခာြဖန့်ဝေတဲ့ဌာနအနီး၊ ရဟတ်ယာဉ်ကွင်းသစ်၊ ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ဟောင်ဝစ်ဇာပစ်ကွင်း၊ သံချပ်ကာယာဉ်နဲ့ ယာဉ်တင်အမြှောက်ကြီးထားရာ မော်တော်ယာဉ်ရုံ အနီး၊ ၆ ခန်းတွဲ စစ်သည်နေအိမ်၊ စစ်သည်ရိပ်သာ၊ ဆန် ပဲ ဂိုထောင်၊ အထိုင်ကာကင်းစခန်းအနီး စတဲ့ နေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Chindwin Rocket Brothers အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခု စစ်ဆင်ရေးကို Chindwin Rocket Brothers CRB အဖွဲ့က ဦးဆောင်ပြီး မဟာမိတ်တပ်တွေ ဖြစ်ကြတဲ့ Anonymous Heroes ၊ ချိုမိုင်မိုင် (ကနီ) ၊ Advance-47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
CRB အဖွဲ့အနေနဲ့ ၂၀၂၄ ဇန်နဝါရီကနေ လက်ရှိအချိန်အထိ တနှစ်တာအတွင်း နမခကို ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အခုစစ်ဆင်ရေးကိုတော့ အချိန်တစ်လကြာ ပြင်ဆင်ခဲ့ရကာ ထုတ်လုပ်ရေးကုန်ကျစရိတ် သိန်း ၁၅၀ ကျော် ကုန်ကျခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ပြည်တွင်းပြည်ပ ထောက်ပို့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအနေနဲ့ CRB အဖွဲ့ကို ကူညီထောက်ပံ့ကြဖို့ တောင်းဆိုပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times