မသိသေးတဲ့ အဖြေ
မသိသေးတဲ့ အဖြေ
သောက်ကြွက်တွေ
အဲဒါ မနက်ခင်း ၇ နာရီလောက် ကိုပေါက်စီ သူ့ကုန်စုံဆိုင် စဖွင့်ပြီဆိုတိုင်း ကြားရလေ့ရှိတဲ့ ရေရွတ်သံပါပဲ။ ပြီးတာနဲ့ မျိုးစုံသောဖရုဿဝါစာပေါင်းစုံနဲ့ ကိုပေါက်စီရဲ့ ကြွက်တွေကို ကျိန်ဆဲသံက မကြားချင်မှအဆုံး ဖြစ်ရတော့တာပါပဲ။ ဒါက တစ်နေ့တည်း၊ တစ်ရက်တည်း မဟုတ်ပါဘူး။ နိစ္စဓူဝ ကြားနေရမြဲဖြစ်တဲ့ ကိုပေါက်စီနဲ့ ကြွက်ဇာတ်လမ်းပါပဲ။
ကိုပေါက်စီက ရပ်ကွက်ထိပ် အဝင်ဝသူ့အိမ်ခန်းရှေ့မှာ ကုန်စုံဆိုင်လေးဖွင့်ထားတယ်။ တကယ်တော့ ကိုပေါက်စီက ဒီရပ်ကွက်က မဟုတ်ဘူး။ သူ့အထက်အရာရှိက ကိုပေါက်စီကို ဒီနေရာမှာ စီမံထားပေးလို့ ရောက်လာခဲ့တာ။
ကိုပေါက်စီက ဒီရပ်ကွက်ထဲကို ရောက်လာခဲ့ပေမဲ့ ရပ်ကွက်နဲ့ ခပ်ကင်းကင်းပါပဲ။ သာရေးနာရေး ကိစ္စမျိုးမှာတောင် ဖာသိဖာသာပဲ၊ ပတ်သက်ရောနှောတာမျိုး မရှိဘူး။
ဒါပေမဲ့ ရပ်ကွက်ထဲမှာ ကိုပေါက်စီနဲ့ ပလူးပလဲနေကြသူတချို့တော့ ရှိတယ်။ အဲဒီလူတွေကလည်း ကိုပေါက်စီလိုပဲ အထက်အရာရှိက စီမံထားပေးလို့ ရောက်လာကြတဲ့ လူတွေပါပဲ။ အဲဒီလူတွေ ကြားမှာတော့ ကိုပေါက်စီက သူမလုပ် နိုင်တာ၊ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုပြီး ဆရာကြီးတဆူအဖြစ် တွင်ကျယ်တယ်။
အစပိုင်းမှာတော့ ရပ်ကွက်ထဲ ကိုပေါက်စီ ကုန်စုံဆိုင်ဖွင့်ဖို့ စိတ်ကူးရှိပုံမရဘူး။ ရပ်ကွက်ထဲမှာလည်း ကုန်စုံဆိုင် တစ်ဆိုင်က ဖွင့်ထားပြီးသားရှိသလို အဲဒီဆိုင်က ပိုင်ရှင်အဒေါ်ကြီးကလည်း ရပ်ကွက်နဲ့ သဟဇာတဖြစ်တယ်။ ရပ်ကွက် ကလည်း အဲဒီအဒေါ်ကြီးဆိုင်မှ ကုန်စုံဆိုင်လို့ မှတ်ယူကြတယ်။
ခက်တာက ကိုပေါက်စီက အဲဒီကုန်စုံဆိုင်ပိုင်ရှင် အဒေါ်ကြီးကို ကြည့်မရတာပဲ။ အကြောင်းတစ်စုံတစ်ရာရှိလို့ မဟုတ်ဘဲ အလိုလိုနေရင်းကို ကိုပေါက်စီက အဒေါ်ကြီးကို ကြည့်မရဖြစ်နေတာ။ အဲဒါက ဒီအတိုင်းနေရင် ဘာမှ မဖြစ်ပေမဲ့ ပြဿနာက အဒေါ်ကြီးရဲ့ တပည့်သားမြေးတွေက စတယ်ပြောရမယ်။ ရပ်ကွက်ထဲ တစ်
ဆိုင်တည်းရှိတော့ ကိုပေါက်စီလည်း အဒေါ်ကြီးနဲ့ ကင်းလို့မရဘူး။ သူလိုအပ်တာရှိရင် အဒေါ်ကြီးရဲ့ ကုန်စုံဆိုင်ဆီ ဝယ်ရတယ်။
ဒါပေမဲ့ အဒေါ်ကြီးကို ကိုပေါက်စီ မျက်မုန်းကျိုးနေမှန်း ရိပ်မိကြတဲ့ အဒေါ်ကြီး တပည့်သားမြေးတွေက ကိုပေါက်စီ ဈေးလာဝယ်ရင် မတူမတန်သလို ဆက်ဆံတယ်။ အဒေါ်ကြီးကိုလည်း ကိုပေါက်စီက မျက်မုန်းကျိုးနေတဲ့ အကြောင်းနားချွန်ကြတယ်။ အဲဒီတော့ အဒေါ်ကြီးကိုယ်တိုင်လည်း ကိုပေါက်စီ ဈေးလာဝယ်ရင် အခြားသူတွေကိုဆက်ဆံတာမျိုးနဲ့မတူဘဲ အဖက်မတန်သလို ဆက်ဆံတာတွေ ဖြစ်လာတယ်။
အဲဒါက ကိုပေါက်စီအတွက် အသည်းအနာဆုံးကိစ္စဖြစ်လာတယ်။ ဒင်းတို့က ဘာမို့လို့လဲပေါ့။ ကိုပေါက်စီနဲ့ ပလူးပလဲ ရှိကြသူတွေကလည်း အဲဒီအပေါ်မှာ ကိုပေါက်စီကို မြှောက်ပင့်ပေးကြတယ်။ ဘာမဆိုလုပ်ရဲတဲ့ ကိုပေါက်စီလို လူကို ဒီလိုဆက်ဆံရသလားပေါ့။ အဲဒီမှာကိုပေါက်စီကုန်စုံဆိုင်ဖွင့်ဖို့ ဖြစ်လာတော့တာပါပဲ။ နင်တို့လောက်တော့ အပျော့ပေါ့ဆိုတာမျိုးပေါ့။
ကိုပေါက်စီ ရုတ်တရက်ကြီး ကုန်စုံဆိုင်ဖွင့်တော့ ရပ်ကွက်ထဲအကုန် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတယ်။ ဘယ်သူကမှ အခုလိုဖြစ်လာမယ်လို့ ထင်မထားကြဘူးလေ။ ကိုပေါက်စီကလည်း တိုးတိုးတိတ်တိတ် ကြိတ်စီမံပြီး ရုတ်တရက်ကြီး ထဖွင့်လိုက်တာ။ ကိုပေါက်စီနဲ့ ပလူးပလဲနေထိုင်ကြသူတချို့တောင် ကိုပေါက်စီ အဲဒီလိုကြီး ကုန်စုံဆိုင်ထဖွင့်မယ်လို့ ထင်မထားခဲ့ကြဘူး။ ကိုပေါက်စီကို ဒီနေရာပို့ထားတဲ့ သူ့အထက်အရာရှိကြီးတောင် ကိုပေါက်စီ ကုန်စုံဆိုင်ထဖွင့်တာ အံ့ဩမဆုံးဖြစ်လို့။
အဒေါ်ကြီးရဲ့ တပည့်သားမြေးတွေကတော့ ကိုပေါက်စီ ကုန်စုံဆိုင်ထဖွင့်တာကို အမလေး စောင့်ကြည့်လိုက်စမ်းပါ ဆိုတာမျိုး ခပ်ချေချေပါပဲ။ ရပ်ကွက်ထဲ သူတို့ဆိုင်က ဖောက်သည်အခိုင်အမာရှိသလို ဆက်ဆံရေးကလည်း ကောင်း မွန်ပြီးသားမို့ ကိုပေါက်စီဆိုင် ဘယ်လောက်များ တောင့်ခံနိုင်မှာလဲ ဆိုတာမျိုးပေါ့။
ဒါပေမဲ့ ကိုပေါက်စီကလည်း ပါးတာမှ လှပ်လှပ်နဲ့တောင်နေသေးတယ်ဆိုတဲ့ လူမျိုးဆိုတော့ သူ့ကုန်စုံဆိုင် လူဝယ်အောင် အရင်းမရှုံး
ရင်ပြီးရော အဒေါ်ကြီးဆိုင်မှာ ရောင်းတဲ့ဈေးထက် လျှော့ပြီးရောင်းတယ်။ တချို့ဟာတွေ အရှုံးခံပြီးကို ရောင်းတယ်။ အဲဒီလိုနဲ့ ရပ်ကွက်ထဲ ကိုပေါက်စီရဲ့ကုန်စုံဆိုင်လေး အထမြောက် ရှိလာခဲ့တယ်။
ကိုပေါက်စီ ကုန်စုံဆိုင်ဖွင့်ပြီးနောက် ကာလသိပ်မကြာမီ ကြုံလာရတဲ့ကိစ္စကတော့ အဲဒီကြွက်ပြဿနာပါပဲ။ ကိုပေါက်စီအတွေးက ဆိုင်ဖွင့်မယ်။ အဒေါ်ကြီးဆိုင်ကို ပြုတ်အောင်တိုက်ပစ်မယ်။ ဒီလောက်ပဲ။ ကြွက်ကိစ္စကို ခေါင်းထဲရှိမနေခဲ့ဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲ ကြွက်တွေကိစ္စပေါ်လာတော့ ကိုပေါက်စီအတော့်ကို အခက်ကြုံရသလို ဖြစ်တယ်။
ကြွက်တွေကလည်း ကြွက်တွေလို့ ပြောရမယ်။ ကိုပေါက်စီက အဒေါ်ကြီးဆိုင်ကို ပြိုင်ချင်ဇောနဲ့ သူ့ကုန်စုံဆိုင်ကို အဒေါ်ကြီးဆိုင်ထက်စုံအောင် ကုန်ပစ္စည်းတွေ တင်ရောင်းတယ်။ စားသောက်ကုန်ကအစ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေအထိ ရသမျှအကုန်တင်ရောင်းတယ်။ အဲဒီတင်ရောင်းသမျှပစ္စည်းတွေကိုကြွက်တွေက ကိုက်ဖြတ်စားသောက် ပစ်တာပဲဖြစ်တယ်။
အစပိုင်းတော့ ကြွက်တွေက တစ်ကောင်စ နှစ်ကောင်စနဲ့ နည်းနည်းကိုက်တော့ သူ့ကုန်စုံဆိုင်ထဲ ကြွက်တွေ ကိုက်ဖြတ်စားနေတယ်ဆိုတာ ကိုပေါက်စီသတိမထားမိဘူး။ ကိုပေါက်စီ သတိထားမိတဲ့အချိန်ကျတော့ ကြွက်တွေက ဆိုင်အတွင်းကို အသေအချာကို ထိုးဖောက်ကိုက်ဖြတ်နေခဲ့ပြီ။
မနက်ခင်း ဆိုင်ဖွင့်ပြီဆိုတာနဲ့ ကိုပေါက်စီ ဆိုင်ကို အရင်မခင်းနိုင်ဘူး။ ကြွက်တွေ တစ်ညလုံးကိုက်ဖြတ်ထားသမျှကို အရင်ရှင်းရတယ်။ ဆန်အိတ်တွေ ပေါက်လိုပေါက်။ အအေးဘူးတွေ၊ နို့ဘူးတွေ၊ ခေါက်ဆွဲခြောက်ထုတ်တွေ ကော်ဖီမစ်ထုတ်တွေ၊ မုန့်တွေ ကိုက်လိုကိုက်ထား၊ အာလူး၊ ငါးခြောက်၊ အသင့်စားအကြော်အလှော်ထုတ်တွေလည်း ရစရာမရှိကိုက်ဖြတ်ထားနဲ့ ။ အဲဒီအရှုပ်အပွတွေကို ကိုပေါက်စီခမျာ အရင်ရှင်းရတယ်။
ကြွက်တွေကလည်း တစ်ခုတည်းကို ဝပြဲအောင် ကိုက်ဖြတ်စားသောက်သွားတာမျိုးမဟုတ်ဘဲ တွေ့ကရာ အကုန် ကိုက်ဖောက်ဖြတ်ထားတာမျိုးဆိုတော့ တစ်နေ့တစ်နေ့ မရောင်းရဘဲ ကြွက်ကိုက်လို့ ပစ်ရတဲ့အရာတွေက များလာ တော့ ကိုပေါက်စီလည်း ကြွက်တွေရဲ့ဒဏ်ကို သည်းမခံနိုင်တော့ဘူး ဖြစ်လာတယ်။
အဲဒါနဲ့ ကိုပေါက်စီ ကြွက်တွေကို နှိမ်နင်းဖို့ လုပ်ငန်းစတယ်။ အစပိုင်းတော့ ကြွက်တွေကို နှိမ်နင်းဖို့ ရပ်ကွက်ထဲ သူနဲ့ ပလဲနံပသင့်သူတွေဆီက ကြောင်တွေတောင်းပြီး ကိုပေါက်စီ ကြောင်တွေမွေးတယ်။ ကြောင်တွေရောက်လာတော့ ဆိုင်ထဲ ကြွက်တွေသောင်းကျန်းတာ နည်းနည်းငြိမ်သွားတယ်။ ကြောင်တွေကလည်း တွေ့သမျှကြွက် မရအရကို လိုက်ခုတ်တော့ ကိုပေါက်စီကြီး တပြုံးပြုံးနဲ့ပေါ့။
ကြွက်ခုတ်လာတဲ့ ကြောင်ဆိုရင် ဆုချတဲ့အနေနဲ့ ကိုပေါက်စီက ငါးကြော်ကျွေးတယ်။ အစပိုင်းတော့ ကြောင်တွေလည်း ကြွက်တွေခုတ်ခုတ်လာပေမဲ့ နောက်ပိုင်းတော့ ငါးကြော်မကြိုက်တဲ့ ကြောင်မိုက်လို့ အပြောခံရမှာ စိုးလို့ ထင်တယ် ကြွက်မခုတ်တော့ဘဲ ကိုပေါက်စီရဲ့ ငါးကြော်ကိုပဲ မျှော်ပြီး စားလာကြတယ်။
ကြွက်တွေကလည်း ကြောင်ပေါက်စအရွယ်အကောင်တွေပါ ပါလာတော့ ကြောင်တွေလည်း မခုတ်နိုင်တော့ဘူး ထင်ပါရဲ့။
ကြောင်တွေကြွက်သိပ်မခုတ်တော့ ကိုပေါက်စီလည်း ကြွက်တွေကိုနှိမ်နင်းဖို့ နည်းလမ်းပေါင်းစုံထပ်ကြံရပြန်တယ်။ ကြွက်ထောင်ချောက် ထောင်တယ်။ အသေဖမ်းမိတဲ့ ကြွက်ထောင်ခြောက်၊ အရှင်ဖမ်းမိတဲ့ ထောင်ချောက်စသဖြင့် ထောင်ချောက်မျိုးစုံ ထောင်ဖမ်းတယ်။ ကြွက်သတ်ဆေးတွေချတယ်။ ကြွက်ဝင်နိုင်တဲ့ အပေါက်တွေပိတ်တယ်။ ကြွက်တွင်းတွေထဲ ရေနွေးပူလောင်းချတယ်။ ဘိလပ်မြေနဲ့ ပိတ်တယ်။
သူ့ဆိုင်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ကြွက်တွေကို ကိုပေါက်စီ ဘယ်လောက်တောင် နာကျည်းသလဲဆို အရှင်မိတဲ့ ကြွက်တွေဆိုရင် ဒီအတိုင်း တစ်နေရာကို သွားမလွတ်ပစ်ပေးဘူး။ ကြွက်မိထားတဲ့ လှောင်ချိုင့်ကို ရေထဲနှစ်ထားတာမျိုး၊ ကြွတ်ကြွတ်အိတ်နဲ့ အလုံပိတ်ချည်နှောင်ထားတာမျိုး၊ ရေနွေးပူနဲ့ လောင်းတာမျိုး၊ လှောင်ချိုင့်အပေါက်ကနေ သံချွန်အစူးနဲ့ထိုးတာမျိုး သူ့စိတ်ကျေနပ်အောင် လုပ်ပြီးမှ ပစ်တယ်။
ကိုပေါက်စီ အဲဒီလို နည်းလမ်းပေါင်းစုံနဲ့ ကြွက်ဖမ်းချိန် အခိုက်အတန့်တော့ သူ့ဆိုင်ထဲ ကြွက်တွေသောင်းကျန်းတာ အနည်းငယ် သက်သာသွားပေမဲ့ သိပ်မကြာပါဘူး ကြွက်တွေ ပြန်ပြီးသောင်းကျန်းလာတာပါပဲ။ ကိုပေါက်စီက လုပ်လေ ကြွက်တွေကလည်း သူ့ဆိုင်ထဲက ပစ္စည်းတွေကို ပိုပြီးကိုက်ဖြတ်စားသောက်လေပါပဲ။
ကိုပေါက်စီနဲ့ ကြွက်ပြဿနာက ရပ်ကွက်ကလည်း မနေရပါဘူး။ အဆိုးရွားဆုံးကတော့ ကိုပေါက်စီနဲ့ အိမ်နီးချင်းတွေပေါ့။ ကိုပေါက်စီချတဲ့ ကြွက်သတ်ဆေးတွေစားမိပြီး သေတဲ့ကြွက်တွေက ကိုပေါက်စီဆိုင်နဲ့ အိမ်ထဲတင်သေကြတာ မဟုတ်ဘူး။ အိမ်နီးချင်း အိမ်တွေထဲမှာလည်းသေကြ။ တစ်ခါတလေ ဘယ်နေရာမှာ သေနေမှန်းမသိ၊ ရှာလို့ လည်းမရ၊ ပုပ်စော်တွေက နံဆိုတော့ အိမ်နီးချင်းတွေလည်း ကိုပေါက်စီ ဒီလိုတွေမလုပ်ဖို့ ဝိုင်းပြီး နားချပေမဲ့ မရပါဘူး။ ကိုပေါက်စီက ချီတက်မြဲချီတက်နေခဲ့တာပါပဲ။
အဒေါ်ကြီးရဲ့ တပည့်သားမြေးတွေကတော့ ကိုပေါက်စီနဲ့ ကြွက်ပြဿနာကို ကြည့်ပြီးတွေ့လား ဒင်းတော့ ဒုက္ခတွေ့ နေပြီဆိုပြီး တိုးတိုးကြိတ်ဝမ်းသာနေကြတာပေါ့။ ရပ်ကွက်ထဲလှည့်ပြီး ကိုပေါက်စီအတင်း ချလိုချပေါ့။ ရပ်ကွက်ထဲ ဘယ်လိုအခြေအနေရှိရှိ ကိုပေါက်စီကတော့ အေးဆေးပါပဲ။ သူ့အတွက်က ကြွက်တွေနှိမ်နင်းနိုင်ဖို့ပဲ။
ဒါပေမဲ့ ကိုပေါက်စီကုန်စုံဆိုင်ဖွင့်ပြီး၊ အဲဒီလိုအခြေအနေတွေဖြစ်ပြီး နောက်ပိုင်း အဒေါ်ကြီးရဲ့ဆိုင်မှာ အဒေါ်ကြီးကို သိပ်မတွေ့ရတော့ဘူး။ တပည့်သားမြေးတွေပြောတာကတော့ တရားရိပ်သာဝင်နေတာလိုလို၊ ဆိုင်လုပ်ငန်းတွေ လွှဲ ခဲ့ပြီး နယ်မြို့လေးမှာ အေးအေးလူလူသွားနေထိုင်နေတာလိုလိုပါပဲ။
တစ်ခုရှိတာက အခုလိုတွေဖြစ်ပျက်နေပေမဲ့ ကိုပေါက်စီဆိုင်က အဒေါ်ကြီးဆိုင်နဲ့ ရပ်ကွက်ထဲ အပြိုင်ရောင်းနေရတာပါပဲ။ ရပ်ကွက်ထိပ်ဆိုတော့ တချို့လည်း အထဲထိဆက်မလျှောက်တော့ဘဲ ကိုပေါက်စီဆိုင်ဆီပဲ ဝယ်လာကြတယ်။ တချို့လည်း အဒေါ်ကြီးဆိုင်အစွဲရှိပေမဲ့ အဒေါ်ကြီးကိုမတွေ့တော့ အဆင်ပြေသလိုပဲ နီးရာမှာ ဝယ်လိုက်ကြ တယ်။ တချို့လည်း အဒေါ်ကြီးဆိုင်မှ အဒေါ်ကြီးဆိုင်ဆိုပြီး ဝယ်ကြတယ်။ ရပ်ကွက်ထဲ ကိုပေါက်စီဆိုင်ဝယ်ဖို့၊ အဒေါ်ကြီးဆိုင်ပဲဝယ်ဖို့၊ အဒေါ်ကြီးရှိမှ ဝယ်မယ် စသဖြင့် အချင်းချင်း ကွဲကြပြဲကြ ဖြစ်ကြသေးတယ်။
ကိုပေါက်စီကတော့ အဲဒီတွေထက် သူသိတာက သူ့ဆိုင်ကိုဖျက်ဆီးနေတဲ့ ကြွက်တွေနှိမ်နင်းဖို့ပဲ။ မနက်ခင်းဆို အခြားသော ကုန်စုံဆိုင်တွေ ကြာနီကန်တရားတို့၊ မဟာသမယသုတ်တို့ ဖွင့်ပြီး ကျက်သရေယူကြပေမဲ့ ကိုပေါက်စီ ကတော့ တရားဖွင့်ပြီး ကျက်သရေမယူနိုင်ရှာဘူး။ သူ့စိတ်ထဲမှာ မနက်လင်းလို့ ဆိုင်ဖွင့်တာနဲ့ ထောင်ထားတဲ့ကြွက်မိ နေလား၊ ဘာတွေများ ကိုက်ဖျက်ဆီး ထားပြန်ပြီလဲဆိုတာပဲ တွေးနိုင်ရှာတယ်။
ရပ်ကွက်ကလည်း ကိုပေါက်စီနဲ့ ကြွက်ပြဿနာဘယ်တော့ပြီးသွားမလဲဆိုပြီး စောင့်ကြည့်နေရတာပါပဲ။ ဒီကြားထဲ တစ်ရပ်ကွက်လုံး အဖြေရှာရင်း အဖြေမရနိုင်သေးတာကလည်း ကိုပေါက်စီနဲ့ ကြွက်ပြဿနာကို ဘယ်လိုအဆုံး သတ်အောင်လုပ်မလဲ ဆိုတာပါပဲ။ အခုတောင် အတော် ဒုက္ခခံနေရပြီ။
ညီမင်းဆက်
The Tanintharyi Times
