ကျွန်းစု၊ မဲတောရွာမှာ ဒေါင်းနက်အဖွဲ့အမည်သုံးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဆီက ငွေ သိန်းရာချီတောင်း
ကျွန်းစု၊ မဲတောရွာမှာ ဒေါင်းနက်အဖွဲ့အမည်သုံးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဆီက ငွေ သိန်းရာချီတောင်း
ကျွန်းစုမြို့နယ်၊ မဲတောရွာ အုပ်ချုပ်ရေးမှူးကနေ ဒေါင်းနက်အဖွဲ့ ရဲ့ အမည်ကိုသုံးပြီး ကျေးရွာထဲက မူးယစ်ဆေးဝါးရောင်းသူတွေဆီမှာ ပိုက်ဆံသိန်းရာချီတောင်းယူနေတယ်လို့ မဲတောကျေးရွာအုပ်စုနေ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ဒုတိယအပတ်က မဲတောရွာအုပ်ချုပ်ရေးမှူးကနေ မူးယစ်ဆေးရောင်းတဲ့ နေအိမ်တွေမှာ ကျွန်းစုမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားခဲ့ပြီး ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဒေါင်းနက်လက်နက်ကိုင် အဖွဲ့က တောင်းခိုင်းတယ်လို့ဆိုကာ လိုက်လံတောင်းယူခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးက ပိုက်ဆံလိုက်တောင်းယူခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းတဲ့အိမ် အနည်းဆုံး လေးအိမ်လောက်ရှိပြီး ရောင်းချတဲ့ပမာဏအနည်းအများပေါ်မူတည်ကာ ငွေကျပ်သိန်းတစ်ရာကနေ သိန်းသုံးရာလောက်အထိ တောင်းယူခဲ့တယ်လို့ သိရပါတယ်။
“ အုပ်ကြီးပြောတာကတော့ ဒေါင်းနက်က သူ့ကိုဖုန်းဆက်ပြီးတဆင့်တောင်းခိုင်းတာလို့ပြောတယ်။ တောင်းတဲ့ပိုက်ဆံမပေးရင် မူးယစ်ဆေးဝါးဆက်ပြီးရောင်းခွင့်မပေးဘူးလို့ပြောပြီး တောင်းခိုင်းတာလို့ ပြောတာ။ ပြီးတော့ မပေးရင် လာသတ်မှာဆိုတာတွေလည်းပါတယ်” လို့ မဲတောကျေးရွာအုပ်စုနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေါင်းနက်အဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်မှာ တိုင်းစစ်ဌာနတနင်္သာရီကနေ ဖျက်သိမ်းခဲ့ပြီး ဒေါင်းနက်အဖွဲ့ဝင်တွေကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) အောက်ကို ပူးပေါင်းခိုင်းခဲ့တယ်လို့ စစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကိုမျိုးကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒေါင်းနက်အဖွဲ့ဖျက်သိမ်းပြီးချိန်မှ မဲတောကျေးရွာ၊ အုပ်ချုပ်ရေးမှူးကနေ ဒေါင်းနက်အဖွဲ့အမည်ကို သုံးပြီး မူးယစ်ဆေးဝါးရောင်းသူတွေဆီမှာ ပိုက်ဆံတောင်းခံတဲ့ ကိစ္စနဲ့ပတ်သက်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ကို ဆက်သွယ် မေးမြန်းရာမှာတော့ ဒေါင်းနက်အဖွဲ့ဝင်ဟောင်းတွေကနေ ပိုက်ဆံတောင်းခိုင်းတာမျိုး မရှိဘူးလို့ ငြင်းဆိုပါတယ်။
သို့သော် အခုလ ၃ ရက်နေ့က မဲတောကျေးရွာက မူးယစ်ဆေးဝါးရောင်းဝယ်သူနှစ်ဦးကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က ဝင်ရောက်ဖမ်းဆီးရာမှာ ဖမ်းဆီးခံရသူနှစ်ဦး ပြန်လည်ထွက်ပြေးလွတ်မြောက်သွားတာကြောင့် တပ်ဖွဲ့တာဝန်ရှိသူတွေကနေ မဲတောရွာအုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ဆက်သွယ်ပြီး ထွက်ပြေးသွားသူတွေကို ပြန်လာပြီး အဖမ်းခံဖို့နဲ့ မူးယစ်ဆေးဝါးရောင်းချတဲ့အတွက် ဒဏ်ကြေးလာဆောင်ဖို့ အကြောင်းကြားဖူးတယ်လို့ စစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ ကျနော်တို့ဖမ်းတုန်း ထွက်ပြေးသွားတဲ့နှစ်ယောက်ကိုပဲ ပြန်လာအဖမ်းခံပြီး ဒဏ်ကြေး လာဆောင်ပါလို့ အုပ်ကြီးကနေ တဆင့် အကြောင်းကြားတာပါ။ ဒေသခံတွေပြောသလို မူးယစ်ဒိုင်တွေကို အလုပ်ဆက်လုပ်ချင်ရင် ပိုက်ဆံပေးဆိုပြီး သိန်းရာနဲ့ချီတောင်းခိုင်းတာမျိုး မရှိပါဘူးဗျ။ အုပ်ချုပ်ရေးမှူးက အမည်အလွဲသုံးစားလုပ်ပြီး တောင်းတာပါ” လို့ စစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အခုလ ၃ ရက်နေ့မှာ မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးတဲ့ဖြစ်စဥ်မှာ အဖမ်းခံရသူနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် နေအိမ်မှာရှိနေတဲ့ မူးယစ်ဆေးဝါးတွေအပြင် ငွေသားနဲ့ ရွှေတွေကိုပါ စစ်ကြောင်း (၂) က သိမ်းဆည်းလာခဲ့တယ်လို့ ပြန်ကြားရေးက ပြောပြပါတယ်။
မဲတောရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ရခြင်းမှာလည်း ထွက်ပြေးသွားသူတွေအနေနဲ့ သိမ်းဆည်းသွားတဲ့ရွှေ၊ ငွေ ပစ္စည်းတွေကို ပြန်လည်ထုတ်ယူဖို့နဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့အတွက် ဒဏ်ကြေးဆောင်ဖို့အတွက် ပြောဆိုခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) အနေနဲ့ ဇန်နဝါရီလ (၃) ရက်နေ့မှာ မဲတောရွာက မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်နဲ့ သိမ်းဆည်းလာတဲ့ ရွှေ၊ ငွေ၊ မူးယစ်ဆေးဝါးပမာဏတွေကို ထုတ်ပြန်ပြီး မဲတောရွာအုပ်ချုပ်ရေးမှူးကနေ ပိုက်ဆံတောင်းခံနေတဲ့ကိစ္စဟာ စစ်ကြောင်း (၂) နဲ့ သက်ဆိုင်မှုမရှိကြောင်း သတင်းထုတ်ပြန်ဖို့အတွက် စီစဥ်နေတယ်လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကနေတဆင့် ပိုက်ဆံတောင်းခိုင်းတယ်ဆိုတဲ့ ဒေါင်းနက်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက ကျွန်းစုမြို့နယ်၊ ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ ဒေသခံတချို့ကို ခြိမ်းခြောက်စာပို့တာ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ပိုက်ဆံတောင်းတာတွေ လုပ်ဆောင်ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ကုန်းရွာက အုပ်ချုပ်ရေးမှူးနဲ့ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာက မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
The Tanintharyi Times
