ကျွန်းစုက ပျူစောထီးအဖွဲ့ဝင်တွေ PDF အယောင်ဆောင်ပြီး ဖမ်းဆီးငွေညှစ်တာတွေလုပ်ဆောင်
ကျွန်းစုက ပျူစောထီးအဖွဲ့ဝင်တွေ PDF အယောင်ဆောင်ပြီး ဖမ်းဆီးငွေညှစ်တာတွေလုပ်ဆောင်

ကျွန်းစုမြို့နယ်၊ ကျေးရွာနှစ်ရွာမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ပျူစောထီးအဖွဲ့တွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF အယောင်ဆောင်ပြီး မူးယစ်ဆေးရောင်းဝယ်သူတချို့ နဲ့ လုပ်ငန်းရှင်တချို့ ကိုဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ကျွန်းစုမြို့နယ်၊ စစ်ဘုရွာမှာ မူးယစ်ဆေးဝါးရောင်းချနေတယ်လို့ သတင်းထွက်နေသူတွေကို အခုလ ၇ ရက်နေ့ညမှာ ပျူစောထီးအဖွဲ့ဝင်တွေက PDF အဖွဲ့ အယောင်ဆောင်ကာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘုရွာ မှာ မူးယစ်ဆေးရောင်းဝယ်းနေတယ်ဆိုတဲ့ ရွာခံအမျိုးသားခုနစ်ဦးကိုလည်း သူတို့ရဲ့ နေအိမ်အသီးသီးမှာ ပျူစောထီးအဖွဲ့ဝင်တွေကဖမ်းဆီးသွားပြီး ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
“PDF တွေက အလှူလာခံဖို့ရှိတယ်ဆိုပြီး ပျူစောထီးတစ်ယောက်ကို အရင်လွှတ်ပြီးပြောခိုင်းလိုက်တယ်။ အလှူလာခံရင် အလှူငွေထည့်ပေးဖို့အရင်သွားစည်းရုံးခိုင်းပြီးမှဖမ်းတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ဘုရွာက မူးယစ်ဆေးရောင်းဝယ်သူတွေကို ဝင်ဖမ်းတဲ့သူတွေက ရင်ကန်းအော်ရွာနဲ့ မိုင်းတွေရွာနှစ်ရွာက ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံနဲ့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဆီက သိရပါတယ်။
ဒီဖမ်းဆီးမှုမတိုင်ခင်ကတည်းက မဲတောကျေးရွာအုပ်စုထဲကရွာတွေမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက မူးယစ်ဆေးရောင်းဝယ်သူတွေကို ဖမ်းမယ်ဆိုတဲ့အကြောင်းရွာထဲမှာ လိုက်ပြောထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ဘုရွာဟာ မဲတောကျေးရွာအုပ်စုထဲက ရွာတစ်ရွာဖြစ်ပါတယ်။
“ကျမတို့ဘက်မှာ အခုတလော ဖမ်းဆီးတာတို့ ခေါင်းဖြတ်တာတို့ မြဲကြားနေရတာလေ။ ပြီးရင်ခေါင်းစဉ်တပ်တာက PDF ဆိုပြီးတပ်ကြတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပျူစောထီးတွေဟာ သူတို့ဝင်ဖမ်းတဲ့နေရာမှာပဲ ပိုက်ဆံပေးနိုင်တဲ့သူတွေကို ချက်ချင်းပြန်လွှတ်ပေးခဲ့ပြီး တချို့ကိုတော့ ဆက်ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပိုက်ဆံဘယ်လောက်ပေးရတယ်ဆိုတာနဲ့ ဘယ်သူတွေဆက်ပြီးအဖမ်းခံထားရတယ်ဆိုတာကိုတော့ ဆက်ပြီးစုံစမ်းနေဆဲဖြစ်ပါတယ်။
တစ်နေ့တည်းမှာပဲ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံရွာက ခဲအဝယ်ဒိုင်နှစ်ဦးအဖမ်းခံခဲ့ရတယ်လို့ ပျူစောထီးအဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့ ကျွန်းစု(ပကဖ)ဆီက သိရပါတယ်။
ဒီကိစ္စမှာတော့ တစ်ဦးကို ကျပ်သိန်းနှစ်ဆယ်ပေးပြီး ပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘုရွာနဲ့ ယမုံရွာမှာဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ နယ်မြေခံအဖွဲ့ဖြစ်တဲ့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးလို့ ကျွန်းစု(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကျနော်တို့အဖွဲ့တွေဘက်က မြင်းဆေးဝင်ဖမ်းရင် ပိုက်ဆံနဲ့ရွေးလို့ ချက်ချင်းပြန်လွှတ်ရေးထုံးစံမရှိဘူး။ အပြစ်ပေးအရေးယူခံပြီးမှ ငွေဒဏ်ပြန်ရိုက်တာ။” လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မူးယစ်ဆေးအကြောင်းပြဝင်ဖမ်းပြီး ငွေပေးတာနဲ့ ချက်ချင်းလွှတ်ပေးတယ်ဆိုတဲ့အမူအကျင့်ဟာ စစ်ကောင်စီရဲ့ လုပ်ထုံလုပ်နည်းနဲ့ကိုက်ညီနေတယ်လို့လည်း ကျွန်းစု(ပကဖ)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ဆုံးအပတ်ကလည်း ကျွန်းစုမြို့နယ်၊ ကျောက်ကုန်းရွာအုပ်ချုပ်ရေးမှူးနဲ့ မူးယစ်ဆေးရောင်းဝယ်နေတယ်ဆိုတဲ့ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိရွာခံအမျိုးသားတို့ အသတ်ခံခဲ့ရပါတယ်။
The Tanintharyi Times