မြိတ်မှာ စစ်မှုထမ်းလူစားထိုးဖို့အတွက် လယ်သမားတွေဆီက တစ်ဧက ကျပ်ငါးသောင်းနှုန်း ကောက်ခံ
မြိတ်မှာ စစ်မှုထမ်းလူစားထိုးဖို့အတွက် လယ်သမားတွေဆီက တစ်ဧက ကျပ်ငါးသောင်းနှုန်း ကောက်ခံ

မြိတ်မြို့နယ်၊ ကင်းတပ်ရွာမှာ စစ်မှုထမ်းလူစားထိုးဖို့အတွက်လို့ဆိုပြီး လယ်သမားတွေဆီကနေ လယ်တစ်ဧကကို ကျပ်ငါးသောင်းနှုန်းနဲ့ ပိုက်ဆံကောက်နေတယ်လို့ ကင်းတပ်ရွာဒေသခံတွေက ပြောပါတယ်။
ကင်းတပ်ရွာဟာ မဇောကျေးရွာအုပ်စုက ရွာတစ်ရွာဖြစ်ပြီး အခုလိုမျိုး ပိုက်ဆံကောက်ယူတာကို မဇောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစံအေးကဦးဆောင်ပြု လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာ ဦးစံအေးရဲ့နေအိမ်ဆီ ကင်းတပ်ရွာခံတွေကို အစည်းအဝေးခေါ်ယူခဲ့ပြီး စစ်မှုထမ်းလူစားထိုးဖို့အတွက်ကို လယ်လုပ်နေသူတွေအနေနဲ့ ဧကအလိုက် ပိုက်ဆံထည့်ရမှာဖြစ်ကြောင်း ခေါ်ပြောခဲ့တယ်လို့ ကင်းတပ်ရွာခံတွေက ပြောပြပါတယ်။
“ ဧကများရင် များသလောက်ပေးရမှာဆိုတော့ ကျမတို့အတွက် ဘယ်လိုလုပ်အဆင်ပြေနိုင်မလဲရှင်။ မပေးလို့လည်းမရတော့ ရှာကြံပြီး ပေးရမှာပါပဲ” လို့ ကင်းတပ်ရွာနေ လယ်လုပ်သူအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကင်းတပ်ရွာမှာ အခုနှစ်ထဲ စိုက်ပျိုးနေတဲ့ လယ်ဧက ၇၀ ဝန်းကျင်ရှိတယ်လို့ ကင်းတပ်ရွာခံတွေက ဆိုပါတယ်။
ဒါ့အပြင် ပိုက်ဆံမထည့်တဲ့ လယ်လုပ်သူတွေအနေနဲ့ လယ်လုပ်ခွင့်ပြုမှာမဟုတ်သလို ခရီးသွားလာဖို့လိုအပ်တဲ့ အုပ်ချုပ်ရေးမှူး ထောက်ခံစာလည်း ရေးပေးမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ ကင်းတပ်ရွာခံတွေက ဆိုပါတယ်။
“အကြပ်ကိုင်တာမျိုးပေါ့ဗျာ။ ကိုယ့်လယ်ကိုယ်လုပ်တာတောင် ပိုက်ဆံကပေးရဦးမယ်။ အရှေ့ရှေ့က ဘယ်အုပ်ချုပ်ရေးမှူးမှ မကောက်ဖူးဘူးဗျ” လို့ ကင်းတပ်ရွာနေ အမျိုးသားတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
လယ်လုပ်သူတွေဆီက ပိုက်ဆံကောက်ခံတာအပြင် ရွာသူ၊ ရွာသားတွေကိုလည်း စေတနာပေါက်ပိုက်ဆံထည့်ကြဖို့နဲ့ ပိုက်ဆံမထည့်သူတွေကို ထောက်ခံစာထုတ်ပေးမှာ မဟုတ်ကြောင်း ထပ်မံပြောဆိုခဲ့တယ်လို့ ကင်းတပ်ရွာခံတွေက ပြောပါတယ်။
အခုလိုပိုက်ဆံကောက်ယူတာကို လက်ရှိမှာ မဇောကျေးရွာအုပ်စုက အခြားသောရွာတွေမှာ ကောက်ယူခြင်းမရှိသေးဘဲ ကင်းတပ်ရွာတစ်ရွာတည်းကိုပဲ ကောက်သေးတယ်လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေဆီက သိရပါတယ်။
မဇောကျေးရွာအုပ်ချုပ်ရေးမှူးဦးစံအေးဟာ ပြီးခဲ့တဲ့မေလ ၂၉ ရက်က မဇောကျေးရွာအုပ်စုဝင်ရွာတွေဖြစ်တဲ့ ကြေးနန်းတိုင်ရွာ၊ မြင်သာရွာ၊ မဇောပြင်ကြီးရွာနဲ့ ကင်းတပ်ရွာက ဒေသခံတွေကို စုစည်းပြီး ပျူစောထီးအဖွဲ့ဖွဲ့ ဖို့ အစည်းအဝေးပြုလုပ်ခဲ့တာကို တနင်္သာရီတိုင်းမ်ကနေ သတင်းဖော်ပြခဲ့ပါတယ်။
ဦးစံအေးဟာ ပျူစောထီးဖွဲ့နိုင်ရင် မဇောကျေးရွာအုပ်စုက ဒေသခံတွေအနေနဲ့ စစ်မှုထမ်းစရာမလိုတဲ့အပြင် လူစားထိုးဖိုအတွက်ပိုက်ဆံထည့်စရာလည်း မလိုဘူးလို့ အဲ့ဒီအစည်းအဝေးမှာ ပြောဆိုခဲ့ဖူးတာကို ဒေသခံတွေက ပြောပြပါတယ်။
လက်ရှိမှာတော့ မဇောကျေးရွာအုပ်စုက ဒေသခံတွေအနေနဲ့ ပူးပေါင်းမှုမရှိတာကြောင့် ပျူစောထီးအဖွဲ့ဖွဲ့နိုင်ခြင်းမရှိသေးဘဲ အခုလိုမျိုး အတင်းအကျပ် ပိုက်ဆံကောက်ယူမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေက ဆိုကြပါတယ်။
The Tanintharyi Times