အထိန်းအကွပ်မဲ့နေတဲ့ တနင်္သာရီက သတ္တုတူးဖော်ရေးလုပ်ကွက်တွေ
အထိန်းအကွပ်မဲ့နေတဲ့ တနင်္သာရီက သတ္တုတူးဖော်ရေးလုပ်ကွက်တွေ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေချိန်မှာ တနင်္သာရီတိုင်းထဲမှာတော့ မြေစာပုံတွေနဲ့ တိမ်ကောလာတဲ့ချောင်းတွေက ပိုပိုတိုးလာနေပါတယ်။
တနင်္သာရီတိုင်းက ခဲမဖြူ၊ အဖြိုက်နက် သတ္ထုအများဆုံးထွက်ရှိရာ ဒေသပါ။ အခုတော့ခဲမဖြူ၊ အဖြိုက်နက်အပြင် ရွှေ၊ သံ စတဲ့ သတ္တုတူးဖော်ရေးလုပ်ကွက်တွေလည်း လက်ညှိုးထိုးမလွဲ တိုးလာနေပါပြီ။
အထိန်းအကွပ်မဲ့နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပိုပိုများလာနေတာနဲ့အမျှ ဒေသခံတွေရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ရေချိုချောင်းတွေ၊ ဥယျာဥ်ခြံတွေနဲ့ လူနေအိမ်တွေအထိ ထိခိုက်ပျက်စီးတာတွေရှိလာနေပါတယ်။

(Photo - MAGGA Initiative)
- ဘယ်နေရာတွေမှာ အဓိက တူးဖော်နေကြတာလဲ
ခဲ၊ ရွှေ၊ သံ စတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ရေဖြူ၊ ထားဝယ်၊ ပုလော၊ တနင်္သာရီ၊ ကျွန်းစုနဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ အများဆုံးလုပ်ကိုင်နေကြတာပါ။
ရေဖြူမြို့နယ်ထဲမှာ ကံပေါက်ဒေသနဲ့ တနင်္သာရီသဘာဝကြိုးဝိုင်းဧရိယာထဲက ဇင်းဘာချောင်းတစ်လျှောက်မှာအဓိက တူးဖော်နေကြတာပါ။ ကံပေါက်ဒေသထဲကကျေးရွာပေါင်း ၁၀ ကျော်မှာ လုပ်ငန်းရှင်တွေက မြေကွက်တွေဝယ်ယူပြီး စက်ယန္တရားတွေနဲ့ ခဲမဖြူတူးဖော်ထုတ်လုပ်နေကြတာပါ။
ထားဝယ်မြို့နယ်မှာဆိုရင်လည်း နာမည်ကြီးသတ္တုလုပ်ကွက်တွေဖြစ်တဲ့ ဟိန္ဒား၊ ဟာမြင်းကြီး တို့တည်ရှိတဲ့အရှေ့တောဒေသမှာ အများဆုံးတူးဖော်နေကြတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လူအင်အားအများအပြားနဲ့တူးဖော်ထုတ်လုပ်နေကြတာကတော့ ဟိန္ဒားကျေးရွာအုပ်စု၊ ဖွတ်လတိုချောင်းဖျားမှာရှိတဲ့ ဖိုးလမိုင်းသံသတ္တုလုပ်ကွက်ဖြစ်ပါတယ်။

(Photo - MAGGA Initiative)
ပုလောမြို့နယ်ထဲက သတ္တုလုပ်ကွက်အများစုကတော့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၇ ထိန်းချုပ်ဧရိယာထဲမှာ တည်ရှိပါတယ်။
သတ္တုလုပ်ကွက်တွေဟာ အာဏာမသိမ်းခင်တုန်းကထက် အဆမတန်ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က မလုပ်ဖူးတဲ့ လုပ်ကွက်အသစ်တွေ ထပ်တိုးလာတဲ့အပြင် လုပ်ကွက်အဟောင်းတွေမှာလည်း လူအင်အား၊စက်ယန္တရားတွေ အလုံးအရင်းနဲ့ ထပ်တိုးလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အရင်ကတည်းကလည်း လုပ်နေတာရှိပေမယ့် အခုက လုံးဝကို ဖြဲဖြဲစင်လုပ်နေကြတာပဲဗျ။ အထိန်းအကွပ် ပိုမဲ့လာတာပေါ့” လို့ တနင်္သာရီမြို့နယ်က အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး(ဘိတ်-ထားဝယ်ခရိုင်) ရဲ့ အတွင်းရေးမှူး ဖဒိုစောအယ်နားကတော့ KNU ထိန်းချုပ်နယ်မြေတွေမှာသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အလုံးအရင်းနဲ့ တိုးလာတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
“ကျနော်တို့အရင်တုန်းက ဒီသတ္တုတူးဖော်ခွင့်က သိပ်ဦးစားမပေးဘူး။ ဘာဖြစ်လို့လဲ ပြဿနာများတယ်။ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့က လိုအပ်ချက်အရ အတိုင်းအတာတစ်ခုနဲ့တော့ ခွင့်ပြုတယ်” လို့ ဖဒိုစောအယ်နားက ပြောပါတယ်။
တနင်္သာရီတိုင်းမ်သတင်းဌာနက စုစည်းထားတဲ့အချက်အလက်တွေအရ တနင်္သာရီတိုင်းထဲက နေရာပေါင်းတစ်ရာနီးပါးမှာ သတ္တုလုပ်ကွက်ပေါင်း ရာထောင်ချီလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

(The Tanintharyi Times နဲ့ MAGGA Initiative မှ ကောက်ယူထားတဲ့ အချက်အလက်တွေအပေါ်အခြေခံရေးဆွဲထားပါတယ်)
- ဘာကြောင့် သတ္တုလုပ်ကွက်တွေပိုများလာတာလဲ
စောင့်ကြည့်ထိန်းကျောင်းမယ့်သူမရှိဘဲ လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်တာ၊ တရားဝင်ခွင့်ပြုချက်တင်ပြီး သတ္တုတူးဖော်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို လုပ်စရာမလိုတော့ဘဲ မြေပြင်မှာရှိနေတဲ့သူတွေကို အခွန်အခပေးပြီး လုပ်ကိုင်ခွင့်ရနေတာ၊ လူမှုစီးပွား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်အရေးယူမယ့်သူမရှိတော့တာတွေကြောင့် သတ္တုလုပ်ကွက်တွေ ပိုပိုများလာနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒေသခံတွေရဲ့စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ အဓိကဒေသထွက်ကုန်တွေဖြစ်တဲ့ ကွမ်းသီးအထွက်နှုန်းကျတာ၊ ခဲ၊ သံသတ္တုစျေးကောင်းပြီး အရလွယ်တာတွေကလည်း ဒေသခံတွေကို ခဲသတ္တုလုပ်ငန်းဆီကို တွန်းပို့နေပါတယ်။
“အရင်နှစ်တွေက ကွမ်းသီး(နေ့စား)လုပ်တာ တစ်ရက်ကို နှစ်သောင်းလောက်ပဲရတယ်။ အခု ခဲတူးတာ တစ်နေ့ကို တစ်သိန်းလောက်အသာလေးရတယ်” လို့ ဖိုးလမိုင်းမှာ ခဲတူးနေတဲ့ ဒေသခံအမျိုးသမီးက ဆိုပါတယ်။
စစ်အာဏာမသိမ်းခင်က ဆိုရင် ခဲ၊ သံ တစ်ပိဿာကို ကျပ်သုံးသောင်းဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာ တစ်ပိဿာကို တစ်သိန်းဝန်းကျင်အထိ ပေါက်စျေး ရှိနေပါတယ်။
တနင်္သာရီဒေသကထွက်တဲ့ ခဲ၊ သံ သတ္တုတွေကို ထိုင်းနယ်စပ်လမ်းကြောင်းတွေအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတယ်လို့ သိရပါတယ်။

(Photo - The Tanintharyi Times)
- ဘယ်သူတွေက ခွင့်ပြုပေးထားလဲ
အရပ်သားအစိုးရလက်ထက်တွေမှာ သတ္တုတူးဖော်ခွင့်အတွက် သတ္တုတွင်းဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာအဆင့်ဆင့်ကို ခွင့်ပြုချက်တင်ပြပြီး လုပ်ပိုင်ခွင့်ရမှ မြေပြင်မှာတူးဖော်ခွင့်ပြုခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီလို တရားဝင်အဆင့်ဆင့်ခွင့်ပြုချက်တင်ရတာ အနည်းအကျဥ်းလောက်ပဲ ရှိပါတော့တယ်။
အများဆုံးကတော့ သတ္တုမိုင်းတွေတည်ရှိတဲ့ တည်နေရာအပေါ်မူတည်ပြီး အဲဒီနေရာတွေကို ထိန်းချုပ်တဲ့အဖွဲ့အစည်းတွေက ခွင့်ပြုနေကြတာဖြစ်ပါတယ်။ KNU ထိန်းချုပ်ဧရိယာထဲမှာ ရှိတဲ့ သတ္တုမိုင်းတွေကို KNU ကလုပ်ကိုင်ခွင့်ပြုကြပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတော့ စစ်ကောင်စီတပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်ပျူစောထီး တို့က လုပ်ကိုင်ခွင့်ပြုတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုတဲ့ သတ္တုမိုင်းတချို့လည်းရှိပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်(KTLA) က ခွင့်ပြုထားတဲ့ သတ္တုမိုင်းလည်းရှိပါတယ်။
ဒေသခံတွေပြောပြချက်အရ KNU ရော၊ စစ်ကောင်စီတပ်ကိုရော နှစ်ဖက်စလုံးကို ပေးရတဲ့ မိုင်းလုပ်ငန်းနေရာတချို့လည်း ရှိနေပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံသတ္တုမိုင်းမှာ တစ်နိုင်တစ်ပိုင်သတ္တုလုပ်ကိုင်နေတဲ့ အသက် ၃၀ နီးပါးအရွယ် ဒေသခံအမျိုးသားက “ဒီအတိုင်း မြေရှင်ရယ်၊ စစ်ကောင်စီရယ်ကို ညှိတယ်။ ပြီးရင် စလုပ်ပြီဗျ။ ဒီဘက်တကြောမှာ အကုန်လုံးနီးပါးလုပ်နေကြတာပဲ။ ဘယ်သူ့မှ အသိပေးစရာမလိုဘူး” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကြားကာလသယံဇာတစီမံအုပ်ချုပ်မှုမူဘောင်မှာတော့ ကြားကာလအတွင်း ခွင့်ပြုမိန့်ပေးတာ၊ ခွင့်ပြုမိန့်သက်တမ်းတိုးပေးတာတွေလုပ်ဆောင်မှာမဟုတ်ဘူးလို့ ရေးသားထားပါတယ်။
သတ္တုတွေကို တူးဖော်ထုတ်လုပ်ခွင့်ပြုနေတဲ့သူတွေဟာ သတ္တုတူးဖော်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို နားလည်ဖို့လိုအပ်တယ်လို့ တနင်္သာရီတိုင်းထဲက သတ္တုတူးဖော်မှုတွေကိုလေ့လာစောင့်ကြည့်နေတဲ့သူတွေက ထောက်ပြပါတယ်။ သယံဇာတတူးဖော်ထုတ်လုပ်မှုတွေကို စနစ်တကျလုပ်ဆောင်နိုင်ဖို့ စနစ်တကျရေးဆွဲပြုစုထားတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်တွေ ရှိထားဖို့လည်းလိုအပ်တယ်လို့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို စောင့်ကြည့်နေသူတွေက ဆိုပါတယ်။
ဒါ့အပြင် သတ္တုထုတ်လုပ်ခွင့်ရသူတွေအနေနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း စနစ်တကျလိုက်နာအကောင်အထည်ဖော်မဖော်ကို စောင့်ကြည့်တာ၊ ထိန်းကြောင်းတာ၊ ပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့ သတ္တုထုပ်လုပ်ခွင့်ပြုသူတွေက တွန်းအားပေးသင့်တယ်လို့ သူတို့က ပြောပါတယ်။
သတ္တုတူးဖော်ခွင့်ပြုသူတွေဟာ ဒေသနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီးချင့်ချိန်လုပ်ဆောင်သင့်တယ်လို့ တနင်္သာရီတိုင်းထဲက သတ္တုတူးဖော်မှုတွေကိုလေ့လာစောင့်ကြည့်နေတဲ့သူတွေက ထောက်ပြပါတယ်။

- အကျိုးအမြတ်တွေ ဘယ်သူတွေရနေလဲ
သတ္တုလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေကြတဲ့ဒေသခံတွေ၊ တခြားဒေသကနေ စက်ယန္တရားတွေနဲ့ လာရောက်လုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေ၊ သတ္တုအဝယ်ဒိုင်တွေ၊ ခွင့်ပြုပြီး အခွန်ကောက်တဲ့အဖွဲ့အစည်းတွေနဲ့ သတ္တုတွေ သယ်ယူရာလမ်းတစ်လျှောက်က အခွန်ကောက်တဲ့အဖွဲ့အစည်းတွေဟာ အဓိက အကျိုးအမြတ်တွေရနေတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမ်းသတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်တွေအရ အခွန်ကောက်ခံမှုတွေက တစ်နေရာနဲ့ တစ်နေရာ မတူညီကြပါဘူး။ KNU က ကောက်ခံတဲ့အခွန်နှုန်းထားတွေဟာ တစ်နေရာနဲ့ တစ်နေရာနဲ့မတူသလို စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ကောက်ခံတဲ့နှုန်းထားတွေဟာလည်း နေရာအပေါ် လိုက်ပြီး ကွာခြားပါတယ်။
ဇင်းဘာချောင်းတစ်လျှောက်က ရွှေလုပ်ကွက်တွေမှာဆိုရင် လုပ်ကွက်တစ်ခုအတွက် လစဥ်ကြေးအနေနဲ့ KNU ကို ၄၂သိန်းကျပ် ပေးရပြီး စစ်ကောင်စီဘက်ကို ကျပ်သိန်း ၂၀ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ် ရတနာပုံ သတ္တုမိုင်းမှာတော့ KNU ကို ခဲတစ်ပိဿာအတွက် ၃၅၀၀ ကျပ်နှုန်းနဲ့ပေးရတယ်လို့ အဲဒီမိုင်းမှာ သတ္တုတူးဖော်နေတဲ့အမျိုးသားက ပြောပြပါတယ်။
KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်)ရဲ့ အတွင်းရေးမှူးဖဒိုစောအယ်နားကတော့ သတ္တုတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကိုပဲ အခွန်ကောက်ခံတယ်လို့ ဆိုပါတယ်။
ကျွန်းစုမြို့နယ်ထဲက ခဲလုပ်ကွက်တွေကတော့ တစ်လကိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအတွက် တစ်သိန်းခွဲကျပ်၊ ရာအိမ်မှူးအတွက် ငါးသောင်းကျပ်၊ ရဲစခန်းကို ငါးသောင်းကျပ်၊ ပြည်သူ့စစ်တွေကို ငါးသောင်းကျပ်၊ ပျူစောထီးခေါင်းဆောင်ကို သုံးသောင်းကျပ် အဲဒီနှုန်းထားတွေအတိုင်း ခဲရရ၊ မရရ ပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မြို့နယ်ထဲက ဟာမြင်းကြီးရွာအနီးသတ္တုလုပ်ကွက်တွေမှာ ဆိုရင် ခဲတူးစက်တစ်လုံးအတွက် ငွေကျပ်တစ်သိန်းနှုန်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကောက်ခံတယ်လို့ သတ္တုတူးဖော်သူတွေဆီကနေ သိရပါတယ်။
အခွန်နှုန်းထားသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး သိရဖို့အတွက် ထားဝယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုတနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်မဖြေခဲ့ပါဘူး။
လူထောင်ချီ လာရောက်လုပ်ကိုင်ကြဖူးတဲ့ သံသတ္တုမိုင်းဖြစ်တဲ့ ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာအုပ်စုထဲက ဖိုးလမိုင်းသံသတ္တုမိုင်းမှာ ကော်သူးလေတပ်မတော်(KTLA) က လုပ်ကိုင်ခွင့်ပြုတဲ့အချိန်မှာ လူတစ်ယောက်ကို တစ်လအတွက် ခဲတစ်ပိဿာနှုန်းထား ကောက်ခံပြီး အဲဒီသတ္တုမိုင်းကိုပဲ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ချိန်မှာ လူတစ်ယောက်ကို တစ်ရက် တစ်သောင်းကျပ်နှုန်း ကောက်ခံတယ်လို့ သွားရောက်တူးဖော်သူတွေဆီက သိရပါတယ်။
ထားဝယ်အရှေ့တောဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ကော်သူးလေတပ်မတော်(KTLA) တို့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားလေ့ရှိပြီး ဖိုးလမိုင်းကို KTLA တစ်ခါ၊ KNLA တလှည့်ထိန်းချုပ်ပြီး ဒေသခံတွေကို ခွင့်ပြုပေးနေတာပါ။
တချို့သတ္တုတွင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Local PDF) တွေက အခွန်ကောက်ခံတာတွေရှိနေပြီး သတ္တုတွေသယ်ဆောင်ရာလမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေက အခွန်တွေကောက်ခံကြပါတယ်။

- ဘယ်လိုထိခိုက်မှုရှိနေလဲ
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ပြီး ဒေသခံတွေကို လုပ်ကိုင်ခွင့်ပြုနေတဲ့ ဖိုးလမိုင်းတစ်ခုတည်းမှာ ပြီးခဲ့တဲ့နှစ်က သေဆုံးသူ ဆယ်ဦးကျော်ရှိခဲ့တယ်လို့ အဲဒီမိုင်းမှာ သတ္တုတူးနေကြတဲ့ဒေသခံတွေက ပြောပါတယ်။
လူသေဆုံးမှုတွေရှိနေပေမယ့် တခြားရွေးချယ်စရာစီးပွားရေးလုပ်ငန်းမရှိတာ၊ သတ္တုလုပ်ငန်းက ငွေအရလွယ်တာကြောင့် ဘေးအန္တရာယ်လုံခြုံရေးအစီအမံ ဘာတစ်ခုမှမရှိတဲ့လုပ်ကွက်တွေမှာ ကြောက်စိတ်တွေနဲ့ လုပ်နေရတယ်လို့ ဖိုးလမိုင်းမှာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကြောက်ကြောက်နဲ့ပဲ သွားလုပ်စားနေရတာပေါ့။ စီးပွားရေးက အဆင်မပြေဘူးဆိုတော့” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။
တခြားသတ္တုမိုင်းတွေမှာလည်း မြေစာပုံပြိုကျတာတွေ၊ ကျောက်တုံးပိတာမျိုးတွေကြောင့် သေဆုံးတာတွေလည်း မကြာခဏရှိနေပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးအခက်အခဲ၊ အင်တာနက်ဖြတ်တောက်ခံထားရတာတွေကြောင့် အဲဒီသေဆုံးမှုတွေက လူမသိ၊ သူမသိဖြစ်တာက များနေပါတယ်။
တနင်္သာရီမြို့နယ်က ခဲမိုင်းလုပ်ကွက်အနီးနေထိုင်သူတွေမှာ အူရောင်ငန်းဖျားအဖြစ်များတာတွေလည်း ရှိနေပါတယ်။ ဒီလိုဖြစ်ရတာဟာ ခဲလုပ်ကွက်တွေက ကျလာတဲ့နုန်းမြေတွေဟာဒေသခံတွေ သုံးစွဲတဲ့ချောင်းရေထဲ ကျဆင်းနေတာကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခဲသတ္တုလုပ်ကွက်တွေ သိသိသာသာများလာတဲ့ အတွက် ကံပေါက်ဒေသမှာ လူနေအိမ်တွေအနီးအနားအထိပါ လုပ်ကွက်တွေ ရောက်လာလို့ ဒေသခံတွေစိုးရိမ်တာလည်း ရှိလာပါတယ်။
ကံပေါက်ဒေသမှာ ခဲသတ္တုထွက်တဲ့ ဥယျာဥ်ခြံတွေကိုလုပ်ငန်းရှင်တွေက ပိုင်ရှင်တွေဆီမှာ ကျပ်သိန်းလေးဆယ်ကနေ သိန်းတစ်ရာကျော်အထိ ဝယ်ယူနေပြီး အဲဒီလိုမြေဝယ်ယူရောင်းချမှုတွေ အပေါ်မှာလည်း အုပ်ချုပ်ရေးအဖွဲ့တွေက အခွန်ကောက်ခံတာတွေလည်း ရှိပါတယ်။
“ခေတ်ပျက်နေတာ အခွင့်ကောင်းယူပြီး လုပ်စားနေကြတာပဲ” လို့ ကံပေါက်ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
အထိန်းအကွပ်မဲ့ သယံဇာတတူးဖော်ထုတ်လုပ်မှုတွေ များလာတာကြောင့် လူမှုစီးပွားထိခိုက်မှုတွေအပြင် ပတ်ဝန်းကျင်ထိခိုက်မှုတွေလည်း အရင်ကထက် ပိုများလာနေပါတယ်။
“အခုကတော့ ဒီဘက်မှာ လူကုန်၊ ဒါပဲလုပ်နေကြတာ။ တိုင်လို့ရတဲ့နေရာလည်း မရှိဘူး။ ပိုက်ဆံလည်း မြတ်တယ်လေ။ ချောင်းတွေ၊ လယ်တွေ၊ လမ်းတွေ အကုန်ပျက်စီးတယ်။ သိပေမယ့် လုပ်နေကြတာပဲ” လို့ ရတနာပုံမိုင်းမှာ သတ္တုတူးဖော်နေတဲ့ အမျိုးသားက ပြောပါတယ်။
ကျွန်းစုမြို့နယ်မှာလည်း သတ္တုလုပ်ကွက်ကြောင့် ချောင်းတိမ်ကောတာတွေ ရှိလာနေပြီး ဂုံး၊ ခရု၊ ငါးတွေပါ အရနည်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒေသခံတံငါသည်တွေ ဝင်ငွေအရနည်းလာပြီး လုပ်ငန်းရပ်နားလိုက်ရတဲ့သူတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ခဲသတ္တုတူးဖော်တဲ့နေရာတွေမှာ ချိုင့်ဝှမ်းတွေ၊ ရေအိုင်တွေများလာပြီး လူနေလို့မရတော့တာ၊ သီးပင်စားပင်တွေ စိုက်ပျိုးလို့ မရတော့တာတွေ ဖြစ်လာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ရေစီးဆင်းမယ့် နေရာမရှိလို့ ချိုင့်တွေထဲရေတွေပြည့်ပြီး မိုးရာသီမဟုတ်လည်း ရေလျှံတာတွေရှိလာတယ်။ မိုးရာသီဆိုရင် ကလိန်အောင်ရွာထဲ ရေကြီးရေလျှံအမြဲဖြစ်လာတယ်” လို့ ရေဖြူမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာကဒေသခံတစ်ဦးက ပြောပါတယ်။

(Photo - MAGGA Initiative)
- စီမံခန့်ခွဲမှု
အရပ်သားစိုးရလက်ထက်က သတ္တုတူးမယ်ဆိုတရားဝင်ခွင့်ပြုချက်တင်ပြပြီး ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ ထောက်ခံချက်၊ ခွင့်ပြုချက်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA) နဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP) လုပ်ငန်းအစီရင်ခံစာ စတာတွေကို ရယူရတဲ့အပြင် ဒေသခံတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲတွေကို အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။ သတ္တုတွင်းဥပေဒေ၊ နည်းဥပေဒေပါ စည်းမျဥ်း၊ စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေကိုမှ သက်ဆိုင်ရာဌာနက လုပ်ကိုင်ခွင့်ပြုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတ္တုတူးဖော်မယ့်နေရာတွေ အနီးတစ်ဝိုက်က ဒေသခံတွေကို တွေ့ဆုံဆွေးနွေးတာတွေ လုံးဝမရှိတော့သလို့ တူးဖော်ထုတ်လုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်းလုပ်ဆောင်နေတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းထဲမှာရှိတဲ့ သတ္တုလုပ်ကွက်တွေမှာ ဒေသခံစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး သတ္တုလုပ်ငန်းတွေရဲ့ ဥပေဒေချိုးဖောက်မှု၊ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်မှု၊ လူမှုစီးပွားထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကို စောင့်ကြည့်တိုင်ကြားနိုင်တဲ့ ယန္တရားတစ်ခု တည်ဆောက် ခဲ့ပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးသတ္တုလုပ်ကွက်စောင့်ကြည့်ရေး ယန္တရားလည်း ပြိုပျက်ခဲ့ရပါတယ်။
လက်ရှိတူးဖော်ထုတ်လုပ်နေတဲ့ သတ္တုလုပ်ကွက်အများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ စစ်ကောင်စီတပ်ရဲ့တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ၊ နယ်မြေခံရဲတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုတာ၊ အခွန်ကောက်တာတွေ လုပ်ဆောင်နေတာပါ။
သတ္တုတူးဖော်မှုတွေကြောင့် ထိခိုက်မှုတွေကိုတော့ ဘယ်သူမှ အရေးတယူစောင့်ကြည့်နေတာမျိုးမရှိဘူးလို့ သတ္တုလုပ်ကွက်တွေအနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေက တညီတညွတ်တည်းပြောဆိုကြပါတယ်။
“ရွာသားတွေကို ညှိနှိုင်းတာမျိုးလည်း မရှိဘူး။ ကြီးကြပ်ထိန်းကျောင်းတာမရှိဘူး။ ခဲလုပ်မယ့်နေရာကို ခွင့်ပြုပေးတာနဲ့ အခွန်ကောက်တာပဲရှိတယ်” လို့ ဟိန္ဒားဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ခွင့်ပြုထားတဲ့အဖွဲ့အစည်းတွေအားလုံးဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ မပြောရဲကြသလို လုပ်ကိုင်သူတွေကလည်း ဒေသခံတွေကို ဂရုမစိုက်ဘဲ လုပ်နေကြတယ်လို့ ဆိုပါတယ်။
ဖဒိုစောအယ်နားကတော့ KNU ထိန်းချုပ်နယ်မြေထဲမှာ တူးဖော်နေတဲ့ သတ္တုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်တိုင်ကြားလာရင် ပြန်စိစစ်ပြီး လုပ်ငန်းကိုခွင့်မပြုတာ၊ လုပ်ငန်းရုပ်သိမ်းတာတွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“တကယ်ပြည်သူလူထု အကျိုးမရှိဘူး။ ပတ်ဝန်းကျင်ထိခိုက်မှု ရှိလာပြီဆိုရင် ကျနော်တို့က ရုပ်သိမ်းလို့ ရတာပေါ့” လို့ ပဒိုအယ်နားက ပြောပါတယ်။
NUG အစိုးရကတော့ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူပြီး တရားမဝင်သယံဇာတထုတ်ယူမှုတွေကို စောင့်ကြည့်ကွပ်ကဲမယ့် စနစ်တစ်ရပ် ဖော်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

(Photo - MAGGA Initiative)
- ဒီအတိုင်းဆက်သွားရင် ဘာဆက်ဖြစ်မလဲ
သတ္တုတူးဖော်ရေးလုပ်ကွက်တွေ များလာတာနဲ့အမျှ လက်ငင်းအချိန်မှာတောင် လူမှုစီးပွားထိိခိုက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေရှိနေတဲ့အတွက် ရေရှည်မှာ ဆိုးဆိုးဝါးဝါးပျက်စီးလာမှာကို သတ္တုလုပ်ကွက်တွေအနီးတစ်ဝိုက်မှာ နေထိုင်သူတွေက စိုးရိမ်နေကြပါပြီ။
သတ္တုထွက်တဲ့ ဥယျာဥ်ခြံတွေကို ဒေသခံပိုင်ရှင်တွေကနေ သတ္တုလုပ်ငန်းရှင်တွေကို ရောင်းချတာ၊ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက နေရပ်ကို မပြန်ရဲလို့ ရွာမှာကျန်ခဲ့တဲ့ဥယျာဥ်ခြံကို ရောင်းချတာတွေက သတ္တုလုပ်ကွက်တွေကို ပိုများလာစေပြီး နောင်တချိန်မှာ စိုက်ပျိုးမြေ၊ လူနေထိုင်ဖို့နေရာပျောက်မှာကို စိုးရိမ်ကြသူတွေလည်း ရှိနေပါတယ်။
“တူးပြီးရင် သူတို့က ထွက်သွားကြမှာပါ။ ထားခဲ့တဲ့ ကျင်းကြီးတွေ၊ ကောသွားတဲ့ ချောင်းတွေနဲ့ အများပြည်သူက ကျန်ခဲ့ရမှာ” လို့ ကံပေါက်ဒေသခံလူငယ်အမျိုးသားက ဆိုပါတယ်။
စနစ်တကျ တူးဖော်ထုတ်လုပ်တာမျိုးမရှိဘူးဆိုရင် နောက်တစ်ချိန်မှာ သို့မဟုတ် ပြန်လည်ထူထောင်ရေးကာလမှာ လိုအပ်လာမယ့် ပြည်သူ့ပိုင် သယံဇာတတွေဆုံးရှုံးသွားတော့မယ်လို့ သူက ဆက်ပြောပါတယ်။
တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး(ဘိတ်-ထားဝယ်ခရိုင်) ရဲ့ အတွင်းရေးမှူး ဖဒိုစောအယ်နားကတော့ တော်လှန်ရေးကာလမှာ လိုအပ်ချက်အရ သတ္တုမိုင်းတွေကို အတိုင်းအတာတစ်ခုအထိပဲ ခွင့်ပြုရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ရေရှည်ထိခိုက်မှုတွေ မဖြစ်ပေါ်လာစေဖို့အတွက် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ၁၀နှစ်၊ အနှစ် ၂၀ စတဲ့ ကာလရှည်ခွင့်ပြုလို့မရဘဲ တစ်နှစ်၊ နှစ်နှစ် လိုမျိုး ကာလတိုသာ ခွင့်ပြုဖို့လိုတယ်လို့ သူက ဆိုပါတယ်။
သယံဇာတထုတ်ယူသုံးစွဲမှုတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်နေတဲ့ မြိတ်ခရိုင်ကဒေသခံတစ်ဥဦးကတော့ ထိခိုက်ပျက်စီးမှုတွေကို ခေတ္တလျစ်လျူရှုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေက ခွင့်ပြု၊ အခွန်ကောက်နေတာဟာ တော်လှန်ရေးကာလမှာ ဖြစ်သင့်တဲ့အခြေအနေဖြစ်ပေမယ့် သတ္တုတူးဖော်ရေးက ရတဲ့ငွေတွေဟာ ပြည်သူ့တော်လှန်ရေး၊ ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက် အထောက်အကူဖြစ်ဖို့လိုတယ်လို့ ပြောပါတယ်။
“အခွန်တွေကောက်ပြီး ဒေသအတွက် အကျိုးမရှိရင် ဘာမှမထူးဘူး” လို့ သူက ဆိုပါတယ်။
ဖဒိုစောအယ်နားကတော့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေက ရတဲ့ ငွေတွေကို တော်လှန်ရေးအတွက်ပဲ ပြန်သုံးတာလို့ ဆိုတယ်။
“ကျနော်တို့ရတဲ့ပိုက်ဆံက စစ်ရေးပြန်ဖော်ဆောင်တာပဲရှိတယ်” လို့ သူက ပြောပါတယ်။
(ယခုသတင်းဆောင်းပါးကို The Tanintharyi Times သတင်းဌာနနဲ့ MAGGA Initiative အဖွဲ့တို့ ပူးပေါင်းဖော်ထုတ်ရေးသားထားပါတယ်။ MAGGA Initiative အဖွဲ့ဟာ တနင်္သာရီတိုင်းမှာ သယံဇာတအရေးဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်)
The Tanintharyi Times
