ဆောင်းကာလနဲ့ ကလေးတွေ သတိပြုစရာ
ဆောင်းကာလနဲ့ ကလေးတွေ သတိပြုစရာ
ရာသီဥတုအေးလွန်းတဲ့အချိန်မှာ ကလေးတွေအနေနဲ့ အတက်ရောဂါကို ခံစားရလေ့ရှိတတ်ပါတယ်။ အတက်ရောဂါမှာ အပူအကြောင်းခံပြီးဖြစ်တဲ့ အတက်နဲ့ အအေးအကြောင်းခံပြီးဖြစ်တဲ့ အတက်ဆိုပြီး နှစ်မျိုးခွဲ ခြားနိုင်ပါတယ်။ ချမ်းအေးတဲ့ ဆောင်းရာသီမှာတော့ အအေးအကြောင်းခံပြီးဖြစ်တဲ့ အတက်ရောဂါအဖြစ်များပါတယ်။
- အတက်ရောဂါဖြစ်စေတဲ့ အကြောင်းတွေ
- အအေးခံတာ များခြင်း
- အေး၊ ချို၊ စိမ့်တဲ့ အစာတွေအစားများခြင်း
- အဆီအစိမ့်တွေ အစားများခြင်း
- အတက်နာလို့ ကြိုတင်သိနိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေ
- ဆီး၊ ဝမ်းချုပ်ခြင်း
- ဆီးကြော၊ ရင်ကြောတွေ တောင့်တင်းခြင်း
- အသက်ရှုဖို့ ခက်ခဲခြင်း
- ချွဲသလိပ်တွေ ကြပ်ဆို့နေခြင်း
- မျက်လုံးအကြည့်က ဂဏာမငြိမ်ခြင်း
- ချောင်းဆိုးခြင်း
- ဖျားနာခြင်းတို့ ဖြစ်ပါတယ်။
- အတက်နာဖြစ်ဆဲ လက္ခဏာတွေက
- ကိုယ်အပူချိန်မမြင့်ခြင်း
- လက်ဖဝါးတွေ အေးစက်နေခြင်း
- နှုတ်ခမ်းတွေ ပြာလာခြင်း
- မျက်နှာပြာလာခြင်း
- ရင်ညွှန့်ချိုင့်ခြင်း
- နို့တိုက်ပေမယ့် နို့မစို့ခြင်း
- အသက်ကို ခက်ခက်ခဲခဲရှုနေရခြင်း
- ငယ်ထိပ်မှာမို့နေခြင်း
- မျက်ဖြူလန်နေခြင်း
- မျက်စေ့စိုက်နေခြင်း
- မျက်ဖြူစိုက်နေခြင်းတို့ ဖြစ်ပါတယ်။
- တက်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတွေ ကိုလည်း သိထားစေလိုပါတယ်။
- အဆုတ်အအေးမိခြင်း
- အဆုတ်ခဲခြင်း
- အဆုတ်လမ်းကြောင်းတွေ ပိတ်ဆို့ခြင်း
- နှလုံးအဆို့ရှင်တွေ ပျက်စီးခြင်း
- ဝက်ရူးရောဂါ
- ကြက်ညှာချောင်းဆိုးရောဂါတို့ ဖြစ်ပါတယ်။
- ကလေးတက်နေစဉ် လုပ်ဆောင်ရမယ့်အချက်တွေ
ကလေးကို ညီညာပြန့်ပြူးတဲ့ နေရာမှာလဲချပြီး ဘေးကို စောင်းခိုင်းထားရပါမယ်။ အသက်ရှုနှုန်းမှန်၊ မမှန်ကိုလည်း စောင့်ကြည့်ထားရပါမယ်။
ပါးစပ်ထဲမှာ စားလက်စအစာတွေ ရှိရင်လည်း ဆွဲထုတ်ထားသင့်ပါတယ်။
တက်နေစဉ် လျှာကိုမကိုက်မိစေဖို့ ရာဘာပြားကို ဆောင်ထားရပါမယ်။
ဝတ်ထားတဲ့ အဝတ်တွေကို တင်းတင်းကြပ်ကြပ်မဖြစ်စေဖို့ ဂရုပြုပေးရပါမယ်။
ကလေးရဲ့ဘေးနားမှာ လူတွေဝိုင်းအုံကြည့်ခြင်းကို ရှောင်ကြဉ်ရပါမယ်။
ကလေးကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ပေးရပါမယ်။
- အတက်ရပ်သွားအောင် ဘာတွေလုပ်ပေးရမလဲ
တက်နေတဲ့ ကလေးကို အနွေးဓာတ်ရရှိသွားစေဖို့ မုန်ညှင်းဆီ (သို့)နှမ်းဆီကို အပူပေးကာ လက်ဖဝါး၊ ခြေဖဝါးချန်ပြီး တစ်ကိုယ်လုံးလိမ်းပေးသင့်ပါတယ်။
ရင်အုပ်ဆေးတစ်မျိုးမျိုးကို ယူကာမိခင်ဖြစ်သူရဲ့လက်ဖဝါးမှာ ထည့်ပြီးပွတ်ကာ ကလေးရဲ့မျက်နှာပေါ်သို့ အုပ်အုပ်ပေးရပါမယ်။
အထက်ပါနည်းတွေလုပ်လို့ မသက်သာရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေဆီ အလျှင်အမြန်သွားသင့်ပါတယ်။
- တကယ်လို့ မိမိတို့ကလေးမှာ အတက်ရောဂါရှိရင် မိခင်ဖြစ်သူအနေနဲ့ ဆင်ခြင်ရမယ့်အချက်တွေ
ကလေးကို အချိန်မှန်ဆေးတိုက်ခြင်း၊ ဆေးလိမ်းခြင်း၊ အစာကျွေးခြင်း ပြုလုပ်ပေးရပါမယ်။
ကလေးနဲ့ အချိန်ပြည့် နီးနီးကပ်ကပ်ရှိနေဖို့ လိုပါတယ်။
အကယ်၍မိမိကလေးက နို့စို့ကလေးဖြစ်နေရင် မိခင်ရဲ့အစားအသောက်အနေအထိုင်ကိုလည်း ဂရုပြုရပါမယ်။
ကျောင်းနေအရွယ်ကလေးဖြစ်ရင်လည်း ကျောင်းက ဆရာ၊ ဆရာမတွေကို မိမိရဲ့ကလေးအကြောင်းကြိုတင်ပြောထားသင့်ပါတယ်။
မိမိတို့ကလေးကို တီဗီဂိမ်းတွေ အချိန်ကြာကြာဆော့ခြင်း၊ အိပ်ရေးပျက်ခံခြင်း မဖြစ်ဖို့လည်း သတိပြုစောင့်ကြည့်နေရပါမယ်။
အတက်ရောဂါကြောင့် မိမိတို့ကလေးကို စိတ်ဓာတ်မကျစေဖို့ အားပေးနှစ်သိမ့်ခြင်း၊ကစားဖော်တွေနဲ့အတူ ကစားစေခြင်းကို ပြုလုပ်ပေးရပါမယ်။
အေးတဲ့ဥတုမှာ မိမိတို့ကလေးကို ရေအေးချိုးခြင်းကို ရှောင်ကြဉ်စေပြီး ရေနွေးစပ်ပြီးသားရေကိုသာ ချိုးပေးသင့်ပါတယ်။
သလိပ်များစေတဲ့ အစားအစာတွေ ဖြစ်တဲ့ (ဝက်သား၊ကောက်ညှင်း..) စတာတွေကို အများကြီးမစားမိစေဖို့ သတိထားရပါမယ်။
ဥတုနဲ့ အညီ လိုက်လျောညီထွေဖြစ်တဲ့ ဝတ်စားဆင်ယဉ်မှုမျိုးဖြစ်ဖို့ပါ ဂရုပြုပေးရပါမယ်။
မိမိတို့ကလေးကို ရေတွင်း၊ ရေကန်အနီးမှာ ဆော့ကစားခြင်း မပြုဖို့လည်း အမြဲလိုလိုမှာကြားထားရပါမယ်။
အတက်ရောဂါရှင်ကလေးတွေက အခြားသူတွေထက် စိတ်ခံစားချက်မြန်လွန်းတဲ့အတွက် မိမိတို့ကလေးကို ဒေါသဖြစ်စေခြင်း၊ ဝမ်းနည်းစေခြင်းဖြစ်စေတဲ့အပြုအမူတွေကို သတိပြုရှောင်ကြဉ်ထားဖို့ လိုပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
