စစ်ကောင်စီတပ်ရှိရာ ဆေးလိပ်နဲ့ကွမ်းယာသွားပို့တဲ့ အမျိုးသားတစ်ဦးကို စစ်တပ်ကပြန်ပစ်သတ်
စစ်ကောင်စီတပ်ရှိရာ ဆေးလိပ်နဲ့ကွမ်းယာသွားပို့တဲ့ အမျိုးသားတစ်ဦးကို စစ်တပ်ကပြန်ပစ်သတ်
ပုလောမြို့နယ်၊ တောင်ယာကမ်းရွာက အမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလောမြို့ အမှတ်(၂)ရပ်ကွက်က အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ မနေ့ ညနေ ၅ နာရီခွဲခန့် မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တောင်ယာကမ်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဆီဆေးလိပ်နဲ့ ကွမ်းယာ သွားရောက်ပို့ဆောင်ပြီး အပြန်မှာ စစ်ကောင်စီ ကင်းပုန်း နဲ့တိုးပြီး ပစ်ခတ်ခံခဲ့ရာဖြစ်တယ်လို့ ဒေသခံတချို့ ကပြောပါတယ်။
“တောင်ယာကမ်းဘုန်းကြီးကျောင်းက သူ့မိတ်ဆွေဆီ ဆေးလိပ်လာပို့တုန်းပစ်ခံလိုက်ရတာ။ နှစ်ချက်ထိတယ် တချက်က နောက်ကျောကနေ ဗိုက်ကိုပေါက်ထွက်သွားတယ်။” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လမ်းတလျှောက် ကင်းပုန်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်ရပ်ခိုင်းတဲ့အချိန်မရပ်ပေးဘဲ ဆက်မောင်းသွားတာကြောင့် ပစ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“အရှေ့ကင်းက ရပ်ခိုင်းတာ သူပိုင်တယ်ဆိုပြီး ကင်းစောင့်နေတဲ့ရဲဘော်ကို ဂရုမစိုက်ဘူး။ ဆိုင်ကယ်မရပ်ပေးဘဲ ဆက်မောင်းသွားတာ။ အဲမှာ ကင်းစောင့်နေတဲ့ စစ်တပ်က ပစ်ထည့်လိုက်တာ။” လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။
အဲဒီအမျိုးသား ပုလောမြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူခဲ့ပေမယ့် ည ၉ နာရီလောက်မှာ ဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဆီ ကွမ်းယာနဲ့ဆေးလိပ်လာပို့တဲ့ အမျိုးသားသေနတ်နဲ့ပစ်ခံရလို့ သေဆုံးပြီးနောက်မှာ တောင်ယာကမ်းဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေအားလုံး တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ မွန်းလွဲပိုင်းမှာ မီးသင်္ဂြိုလ်ဖို့ စီစဉ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာတော့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ပုလောမြို့နယ်က အရပ်သားလေးဦး သေဆုံးခဲ့ပြီး နောက်ထပ်အရပ်သားတစ်ဦးကတော့ နှစ်ဖက်ပစ်ခတ်မှုအတွင်း ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
The Tanintharyi Times
