ကိုးကန့်တပ်ဖွဲ့ဝင်ယောင်ဆောင်ပြီး ငွေကောက်ခံတာ တွေကိုအရေးယူမယ်လို့ MNDAA ဆို
ကိုးကန့်တပ်ဖွဲ့ဝင်ယောင်ဆောင်ပြီး ငွေကောက်ခံတာ တွေကိုအရေးယူမယ်လို့ MNDAA ဆို
ကိုးကန့်တပ်ဖွဲ့ဝင်ယောင်ဆောင်ပြီး ငွေကြေးလိမ်လည်ကောက်ခံတာ၊ ငွေညှစ်တာတွေ လုပ်ဆောင်နေသူတွေ ရှိနေပြီး တွေ့ရှိပါကပြင်းပြင်းထန်ထန်အရေးယူမယ်လို့ MNDAA ကထုတ်ပြန်ပါတယ်။
မန္တလေး၊ တောင်ကြီး၊ မူဆယ်နဲ့ နိုင်ငံနေရာအနှံ့မှာ ဆိုင်ဘာမှုခင်း (ကျားဖြန့်) ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေဆီကို ကိုးကန့်တပ်မတော် တပ်ဖွဲ့ဝင် ယောင်ဆောင်ပြီး ငွေညှစ်ငွေလိမ်တာ၊ ရိက္ခာတောင်းခံတာ၊ ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်သူတွေရှိနေတယ်လို့ MNDAA ဘက်က ပြောပါတယ်။
မသမာသူတချို့ဟာ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ အထူးဒေသ (၁) ဘဏ္ဍာရေးဌာနနဲ့ တခြားဌာနအဖွဲ့ဝင်တွေအဖြစ်သော်လည်းကောင်း ယောင်ဆောင်ပြီး ငွေကြေးကောက်ခံနေတာတွေ ရှိနေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ဒါဟာ MNDAA ရဲ့ ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့အတွက် မသမာသူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ ငွေညှစ်ငွေလိမ်တာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လက်ခံရရှိထားရင် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီနဲ့ MNDAA ထံကို လာရောက်သတင်းပို့တိုင်ကြားကြဖို့ MNDAA က တိုက်တွန်းထားပါတယ်။
မြန်မာပြည်အခြေအနေ မတည်ငြိမ်မှုဟာ မသမာသူတွေ ပြစ်မှုကျူးလွန်တဲ့ အခွင့်အရေးကို ရရှိစေတာကြောင့် ပြည်သူတွေအနေနဲ့ အသိတရားမြှင့်တင်ပြီး မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ဖို့ ကြိုတင်ကာကွယ်ထားကြဖို့ကိုလည်း MNDAA က သတိပေးထားပါတယ်။
MNDAA တပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNDJP ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူ့တပ်မတော်တရပ်အဖြစ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရေး အထူးအလေးထားဆောင်ရွက်နေပြီး ပြည်သူတွေဆီကနေ ငွေညှစ်ငွေလိမ်တဲ့ လုပ်ရပ်တွေကို လုံးဝပြုလုပ်မှာ မဟုတ်ဘူးလို့လည်း ထပ်လောင်းပြောဆိုပါတယ်။
အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီအနေနဲ့ မန္တလေးဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မယ့် မူဝါဒ ချမှတ်ထားခြင်းလုံးဝမရှိသလို မန္တလေးကို အခွန်ကောက်ခံခြင်းလည်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MNDAA ဟာ မန္တလေး၊ တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာ မဟုတ်သလို မိမိတို့ရဲ့ ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ စက်တင်ဘာ ၄ ရက်နေ့ကတည်းက ပြောဆိုထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။
ကိုးကန့်တပ်မတော်ဟာ ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ပေးတဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူခဲ့တာလည်း ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလက ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ပြစ်မှုကျူးလွန်သူ MNDAA တပ်ဖွဲ့ဝင် ၇ ဦးနဲ့ ဒေသခံ ၃ ဦးကို အများပြည်သူရှေ့မှောက် တရားစီရင်ခဲ့အပြီး ၁၀ ဦးထဲက ၃ ဦးကို သေဒဏ်ပေးခဲ့ပါတယ်။
MNDAAဟာ သူတို့ ထိန်းချုပ်ရရှိထားတဲ့ မြို့တွေမှာ ပြစ်မှုကျူးလွန်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့အကြောင်းကိုလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ကိုးကန့်တပ်မတော် MNDAA ဟာ သူတို့ သိမ်းပိုက်ရရှိထားတဲ့ လားရှိုးမြို့ကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေပြီး ကုန်ဈေးနှုန်းကိစ္စ၊ အင်တာနက် လျှပ်စစ်မီးပြန်လည်ရရှိရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စတွေကို ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
The Tanintharyi Times
