စစ်တပ် ပစ်တဲ့လက်နက်ကြီးကျည်စ ပုလောက သက်ကြီးစစ်ရှောင်တစ်ဦး ဝမ်းဗိုက်ထိမှန်

စစ်တပ် ပစ်တဲ့လက်နက်ကြီးကျည်စ ပုလောက သက်ကြီးစစ်ရှောင်တစ်ဦး ဝမ်းဗိုက်ထိမှန်

စစ်​ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးရဲ့ကျည်စထိမှန်လို့ မြိတ်ခရိုင်၊ ပုလောမြို့နယ်က စစ်ရှောင်ပြည်သူတစ်ဦးထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈နာရီဝန်းကျင်က စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဝမ်းဗိုက်ကို ကျည်စဖောက်ထွက်တဲ့ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ရှောင်ဟာ ပဝတ်ကုန်းရွာသား အသက် ၆၇ နှစ်အရွယ် ဦးတင်ဝင်း ဆိုသူဖြစ်ပြီး မှော်ကြောင်းရွာ၊ ကျောက်ပုထိုးဘုန်းကြီး‌ကျောင်းမှာ စစ်‌ရှောင်နေချိန် ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အဲဒီစစ်ရှောင်ရဲ့ ဝမ်းဗိုက်ကို ကျည်စ ဖောက်ထွက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးကျည်က ဘုန်းကြီးကျောင်းနားကျကွဲတာ။ ပေါက်ကွဲထွက်တဲ့ ကျည်စစင်ပြီး ဗိုက်ကိုပေါက်ထွက်သွားတယ်။ အဲညက တစ်ချက်ဆို တစ်ချက်ပဲ စစ်တပ်ဘက်က ပစ်လိုက်တာ။ အဲတစ်ချက်တည်းမှာ သူထိသွားတာ။ သူက မိသားစုနဲ့ အဲဒီဘုန်းကြီးကျောင်းမှာစစ်ရှောင်နေတာ တစ်နှစ်လောက်ရှိပြီ” လို့ ပူရိယက္ခညီနောင်စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ‌တော့ ဦးတင်ဝင်းဟာ ပုလောမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပဝတ်ကုန်းရွာဟာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတစ်ခုဖြစ်ပြီး ဒေသခံတွေကို အကြမ်းဖက်ဖမ်းဆီးတာနဲ့ နေအိမ်တွေကပစ္စည်းတွေကို မကြာခဏ လုယူလေ့ရှိတဲ့အပြင် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတဲ့အတွက အဲဒီရွာက ရွာသားအများစုက နီးစပ်ရာကို စစ်ရှောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပဝတ်ကုန်းရွာနဲ့ မှော်ကြောင်းရွာဟာ အလယ်မှာ တောင်တစ်လုံးခြားကာ အရှေ့နဲ့ အနောက်ဖြစ်နေပြီး ရွာ ၃ ရွာစာလောက် ပတ်သွားရတာဖြစ်ပါတယ်။

ပုလောမြို့နယ်မှာ အခုလအတွင်း စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်စထိမှန်လို့ ဒဏ်ရာရခဲ့တဲ့ အရပ်သား ၁၀ ဦး ထက်မနည်း ရှိနေပြီဖြစ်ပြီး တန်းရှင်းရွာနေ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ပုလောမြို့နယ်မှာ အခုလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေး‌ဒေသအဖြစ်သတ်မှတ်ခံထားရတဲ့နေ့ကတည်းက စစ်တပ်က တပ်သားအင်အားနဲ့ လက်နက်ရိက္ခာဖြည့်တင်းတာတွေအင်တိုက်အားတိုက် လုပ်ဆောင်လာသလို လက်နက်ကြီးကိုလည်းအရင်ကထက် ပိုပြီးအသုံးပြုနေတယ်လို့သိရပါတယ်။

The Tanintharyi Times