မောင်းမကန်ရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသတ်ဖြတ်ပြီး ရေကန်ထဲစွန့်ပစ်

မောင်းမကန်ရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသတ်ဖြတ်ပြီး ရေကန်ထဲစွန့်ပစ်

ပုံစာ - မောင်းမကန်ရွာ၊ ကံယုံဘုန်းကြီးကျောင်းဝင်းတစ်နေရာ။(ပုံဟောင်း)

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာခံ အရပ်သားသုံးဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ ကံယုံဘုန်းကြီးကျောင်းရေကန်စွန့်ပစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်းမကန်ရွာခံ ကိုမျိုးမျိုး၊ ကိုကမ်းကမ်း‌၊ ကိုပေါ်ထွန်း တို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီ တပ်က ကံယုံဘုန်းကြီးကျောင်းရေကန်စွန့်ပစ်ထားတာ ဖြစ်ပြီး ရေကန်သန့်ရှင်းရေးလုပ်ဖို့သွားတဲ့အချိန် ဒီကနေ့ မနက်က သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။

“ကမ်းကမ်းမှာက လက်မှာတက်တူးရှိတယ်လေ။ အဲတက်တူးကြောင့် သူတို့ဆိုတာ သေချာသွားတာ။ အလောင်းတွေက ရိုးတခြားရေတခြား ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေပြီ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဟာ မောင်းမကန်ရွာထဲကို ဝင်ပြီး အရပ်သား ဆယ်ဦးခန့်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲက အမျိုးသားသုံးဦးကတော့ အသတ်ခံလိုက်ရတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဖမ်းခံရတဲ့ အရပ်သားတွေထဲက တချို့ ပြန်လွတ်လာပြီဖြစ်ပြီး တချို့ကတော့ မောင်းမကန်ရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၀၄)တပ်ရင်းမှာ အဖမ်းခံထားရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

မောင်းမကန်ရဲစခန်းနဲ့ အလောင်းသုံးလောင်းတွေ့တဲ့ ကံယုံဘုန်းကြီးကျောင်းနဲ့ မီတာ ၆၀၀ ကျော်သာ ကွာဝေးပါတယ်။ ဆိုင်ကယ်နဲ့ဆိုရင် နှစ်မိနစ်ခန့်သာသွားရတာပါ။

အဲ့ဒီနေ့မှာပဲ မောင်းမကန်းရဲစခန်းအနီး‌မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို လောင်းလုံး-ပကဖ ဇုန်(၁) ရွှေသောင်ယံတပ်စုက ၄၀ မမ ဗုံးသီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး အခုလ ၉ ရက်နေ့အထိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသွားလာခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာလည်း မောင်းမကန်ရွာက ကံယုံဘုန်းကြီးကျောင်းမှာ ရက်ရှည်တပ်စွဲနေထိုင်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းက အရပ်သား ၁၇ ဦး သေဆုံးခဲ့ပါတယ်။

The Tanintharyi Times