အင်အားအတောင့်တင်းဆုံး ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်
အင်အားအတောင့်တင်းဆုံး ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) ပေါင်း ၄၀ နီးပါးလောက်ထဲမှာမှ လူအင်အား လက်နက်အင်အား အတောင့်တင်းဆုံး အခိုင်အမာဆုံးအဖွဲ့ဟာ UWSA ခေါ် ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ဖြစ်ပါတယ်။
- UWSP/UWSA ဆိုတာဘာလဲ
UWSA ဆိုတာ United Wa State Army ရဲ့ အတိုကောက်ပါ။ ဝ တပ်မတော် လို့ရော UWSA လို့ပါ နှစ်မျိုးစလုံး လူသိများပါတယ်။ UWSA ဟာ United Wa State Party ( UWSP-ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။
The Diplomat Magazine ပါ ဆောင်းပါးတပုဒ်ရဲ့ ခန့်မှန်းချက်အရ ဝတပ်မတော်မှာ လူအင်အား သုံးသောင်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထံမှာမှ မရှိသေးတဲ့ လေယာဉ်ပစ်အမြောက်တွေပါ ပိုင်ဆိုင်ထားပြီး လေယာဉ်ပစ်တပ်ဖွဲ့ပါ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ UWSP/UWSA အင်အားတောင့်တင်းခဲ့တာဟာ တရုတ်နိုင်ငံရဲ့ အကြီးအကျယ်ပံ့ပိုးမှုကြောင့်လို့ ဝေဖန် စွပ်စွဲကြတာ ရှိပါတယ်။
- UWSP/UWSA ကို ဘယ်သူတည်ထောင်ခဲ့တာလဲ
၁၉၈၉ ခုမှာ ဝ ခေါင်းဆောင် ကျောက်ညီလိုင်နဲ့ ပေါက်ယူချမ်းတို့ ဦးစီးပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကဗ) ကို ပုန်ကန်ကာ United Wa State Party (ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ)/ United Wa State Army (ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်) ကို တည်ထောင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာလည်း ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကဗ)ကနေ တချိန်တည်း ခွဲထွက်ခဲ့ကြတဲ့ အဖွဲ့တွေပါ။
- UWSP/UWSA ဘယ်မှာ ရှိတာလဲ
UWSP/UWSA ဟာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း သံလွှင်မြစ်အရှေ့ခြမ်းမှာ တည်ရှိပါတယ်။ တရားဝင်မဟုတ်ပေမယ့် ဝ ဒေသကို ဝပြည်နယ်လို့ ခေါ်ဆိုကြပါတယ်။ ပန်ဆန်းမြို့ဟာ UWSP/UWSA ရဲ့ ဌာနချုပ်မြို့ ဖြစ်ပါတယ်။ ဝ ဒေသဟာ MNDAA၊ NDAA တို့နဲ့ တဆက်တစပ်တည်း ရှိပါတယ်။
ISP- Myanmar ရဲ့ ဖော်ပြချက်အရ UWSP/UWSA ဟာ ပန်ဆန်း၊ မိုင်းမော၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းပန်နဲ့ မိုင်းယောင်းမြို့နယ်တွေမှာ လှုပ်ရှားကြပါတယ်။ လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ UWSP/UWSA ရဲ့ ဆက်ဆံရေးရုံးတွေကို ဖွင့်လှစ်ထားပါတယ်။
- နဝတနဲ့ ငြိမ်းချမ်းရေးယူခဲ့
UWSP/UWSA ဟာ MNDAA၊ NDAA တို့လိုပဲ တည်ထောင်ပြီးသိပ်မကြာခင်မှာ နဝတလက်ထက် စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့ပါတယ်။ စစ်အစိုးရက ဝ ဒေသကို အထူးဒေသ (၂) အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ဝ ဒေသဟာ တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ်မှာ တည်ရှိခြင်း၊ ကိုးကန့်နဲ့ မိုင်းလားဒေသတွေနဲ့ တဆက်တည်းတည်ရှိခြင်း၊ မြင့်မားတဲ့တောင်တန်းပေါ်တွင် တည်ရှိနေခြင်းတို့ကြောင့် အစိုးရအဆက်ဆက်မှာ ဗဟိုအစိုးရတွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိမနေခဲ့ဘဲ UWSP/UWSA ခေါင်းဆောင်တွေကပဲ ဒေသတွင်းအုပ်ချုပ်ရေးကို ထူထောင်ခဲ့ပါတယ်။
၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းလိုက်တဲ့အခါ ဝ ဒေသကို ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖနန်း၊ မက်မန်းနဲ့ ပန်ဆန်း(ပန်းခမ်း)မြို့နယ် ၆ မြို့နယ်ကို ခရိုင်နှစ်ခုဖွဲပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ပေးခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၆ ခုရှိတဲ့အနက် ထူးခြားချက်အနေနဲ့ ဝ ဒေသတခုသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခံရပြီး ကျန် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ကိုးကန့်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်သာ သတ်မှတ်ခဲ့တာပါ။
- ဝ ဒေသ စီးပွားရေးက ဘာတွေလဲ
ဝ ဒေသဟာ စစ်အစိုးရ (န၀တ) နဲ့ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့တဲ့နောက်ပိုင်း စီပွားရေးအခွင့်အလမ်းများစွာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၀ ဒေသရဲ့ အဓိက ဝင်ငွေဟာ ဗကပ လက်ထက်ကတည်းက ရှိခဲ့တဲ့ ဘိန်းစိုက်ပျိုးရေးက ရနေတယ်လို့ စွပ်စွဲကြပေမယ့် UWSP/UWSA ခေါင်းဆောင်တွေကတော့ ငြင်းဆိုထားကြပါတယ်။
သတ္တုတူးဖော်ရေးလုပ်ငန်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ ရာဘာ၊ ကြံစိုက်ပျိုးရေးလုပ်ငန်းစတာတွေအပြင် ယူနန်ပြည်နယ်နဲ့ နယ်စပ်
ကုန်သွယ်ရေးတွေကနေ အဓိကဝင်ငွေတွေ ရနေတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင့် ကာစီနို ခေါ် လောင်းကစားလုပ်ငန်းတွေကနေလည်း ဝင်ငွေတွေရတယ်လို့ မှတ်ချက်ပြုတာတွေလည်း ရှိပါတယ်။
- ထူးခြားတဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနား
UWSP/UWSA ဟာ စတင်တည်ထောင်ကတည်းက အပစ်အခတ်ရပ်စဲရေးကို အစိုးရအဆက်ဆက် သဘောတူညီခဲ့ပေမယ့် သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုမှာ ချုပ်ဆိုခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခြင်း မပြုခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်းရေးကော်မတီ (FPNCC) ကို ၂၀၁၇ ခု မှာ ဖွဲ့စည်းခဲ့ပြီး UWSP/UWSA ဦးဆောင်အဖွဲ့ အဖြစ်ပါဝင်ခဲ့ပါတယ်။
၂၀၁၉ ခု တုန်းက ဝ ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားရဲ စစ်ရေးပြအခမ်းအနားမှာ ပြသခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် UWSP/UWSA ဟာ စစ်အင်အားအလွန်တောင့်တင်းကြောင်း ထင်ရှားစေခဲ့ပါတယ်။ စစ်ရေးပြအခမ်းနားမှာ လေယာဉ်ပစ် စက်သေနတ်၊ မြေပြင်ပစ်မှ ဝေဟင်ပစ်ဒုံးနဲ့ မောင်းသူမဲ့လေယာဉ်တွေကို ထည့်သွင်းပြသခဲ့တာပါ။ အဲ့ဒီစစ်ရေးပြအခမ်းအနားမှာ ပြသခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် UWSP/UWSA ဟာ စစ်ပြိုင်တပ်မတော်ထူထောင်နေသလို ဖြစ်နေတယ်လို့ မြန်မာစစ်တပ်က စိုးရိမ်တကြီး တုန့်ပြန်ခဲ့ပါသေးတယ်။
UWSP/UWSA ရဲ့ မဟာမိတ်အဖွဲ့တွေကတော့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် (SSA-N) နဲ့ ရက္ခိုင်တပ်တော် (AA) တို့ဖြစ်ကြပါတယ်။
- ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး UWSP/UWSA ရဲ့ ရပ်တည်မှု
၂၀၂၁ ခုမှာ မဲစာရင်းအကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစု အပါအဝင် ပြည်သူလူထုတရပ်လုံးက ဆန္ဒပြတာတွေ၊ ထိုကနေတဆင့် လက်နက်ကိုင်တော်လှန်ခဲ့ကြပေမယ့် UWSP/UWSA ဟာ အစပိုင်းမှာ ဘယ်ဘက်ကိုမှ မလိုက်ဘဲ ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့ပါတယ်။ ဒါ့အပြင် ဝ ဒေသရဲ့ ပိုင်နက်ထဲကို စစ်ရေးအရ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုတွေ ရှိလာရင် မည်သူ့ကိုမဆို ပြတ်ပြတ်သားသား တုန့်ပြန်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခု အောက်တိုဘာလ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင်တပ်တော် (AA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ပူးပေါင်းကာ ရှမ်းပြည်မြောက်ပိုင်းတခွင်ရှိမြို့နယ်အချို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။
တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်ဆင်ရေးယာယီမရပ်နားခင် ရက်ပိုင်းအလို ၂၀၂၄ ခု ဇန်နဝါရီလ ပထမအပတ်မှာ UWSP/UWSA ဟာ ဟိုပန်နဲ့ ပန်လုံမြို့တို့ကို သေနတ်တချက်မှ မဖောက်ရပဲ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အကူအညီနဲ့ သိမ်းယူခဲ့ပါတယ်။ ဇန်နဝါရီလ ၄ ရက်
ကတည်းက ဟိုပန်နဲ့ ပန်လုံမြို့တို့ကို စစ်ကောင်စီက သူတို့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ UWSP/UWSA ဟာ သတင်းထုတ်ပြန်ခဲ့တာကြောင့် မြန်မာစစ်တပ်ထောက်ခံသူတွေအကြား မချိတင်ကဲ ဖြစ်ခဲ့ကြရပါတယ်။
ဟိုင်ဂင်စာချုပ်အရ စစ်ဆင်ရေးယာယီရပ်နားခဲ့ရကနေ ၂၀၂၄ ခု ဇွန်လ ၂၅ ရက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးအမည်နဲ့ တကျော့ပြန်တိုက်ပွဲတွေ ပြန်စတင်ခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဇူလိုင်လဆန်းကစပြီး မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။
လားရှိုးမှာ မြန်မာစစ်တပ်အထိနာချိန် ဇူလိုင်လ ၂၇ ရက်မှာတော့ UWSP/UWSA ဟာ အလုံးအရင်းနဲ့ လားရှိုးမြို့ကို ချီတပ်ဝင်ရောက်ခဲ့ပါတယ်။ လားရှိုးရှိတိုင်းရင်းသားပေါင်းစုံရဲ့ လိုလားချက်၊ UWSP/UWSA ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ဝင်ရောက်လာတာလို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ UWSP/UWSA ဝင်ရောက်လာမှုကို မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ရော မြန်မာစစ်တပ်ဖက်ကပါ တုန့်ပြန်မှု ဘာမှမရှိခဲ့ပါဘူး။
မြန်မာစစ်တပ်ဘက်က သူတို့ကို တရားဝင်အသိပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာကြောင့် UWSP/UWSA လားရှိုးကို ရောက်လာတာဟာ မြန်မာစစ်တပ်ဘက်ကို ကူညီဖို့ ရောက်လာတာလို့ စစ်တပ်ထောက်ခံသူတွေအကြား ယုံကြည်မျှော်လင့်ခဲ့ကြပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်မှာတော့ UWSP/UWSA ဟာ ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတခုလုံး ပြိုကွဲမယ့်အခြေအနေကို ရောက်နေတာမို့ တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ UWSP/UWSA ရဲ့ အင်အားနဲ့ ငြိမ်းချမ်းရေးကို ကူညီဖော်ဆောင်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
UWSP/UWSA ရဲ့ အနာဂတ်ရည်မှန်းချက်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့်ထက် သာလွန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့်သို့ တိုးမြှင့်နိုင်ဖို့ဖြစ်ပါတယ်။ ပြည်နယ်အဆင့်တိုးမြှင့်ပေးဖို့ကိုလည်း နဝတ စစ်အစိုးရလက်ထက်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာပါ တောင်းဆိုခဲ့ဖူးပါတယ်။
စစ်ကောင်စီကတော့ “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသားပြည်နယ်အဖြစ် တည်ထောင်ဖို့ တောင်းဆိုချက်ကို မူအားဖြင့် သဘောတူကြောင်း ၂၀၂၂ ခု ဇွန်လက ထုတ်ပြောထားပါတယ်။
The Tanintharyi Times