“အဓိကက စစ်မှုထမ်းအခေါ်မခံရဖို့ပဲဆိုတော့ အားလုံးအမှန်တော့မဖြေဘူး”
“အဓိကက စစ်မှုထမ်းအခေါ်မခံရဖို့ပဲဆိုတော့ အားလုံးအမှန်တော့မဖြေဘူး”
တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးမှာ စစ်ကောင်စီက သန်းခေါင်စာရင်းတွေကောက်ယူနေပါတယ်။ စစ်ကောင်စီတပ်တွေထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာ အဓိကကောက်ယူနေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေအားကောင်းတဲ့ဒေသတွေမှာတော့ ကောက်ယူတာမျိုးမရှိသေးပါဘူး။
သန်းခေါင်စာရင်းကောက်တဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်၊ ပညာရေး၊ ပြည်ပထွက်ခွာသူတွေနဲ့ မိသားစုပိုင်ဆိုင်မှုတွေအကြောင်း စတာတွေကို မေးမြန်းကောက်ခံတာတွေရှိနေပါတယ်။ သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ပြည်သူတွေအကြားမှာစိုးရိမ်တာတွေလည်းရှိနေပါတယ်။ ဒီတစ်ပတ်တောင်ပိုင်းသားအသံအစီအစဥ်မှာတော့ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းက ဒေသခံတချို့ရဲ့ သဘောထား၊ အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
▪️ထားဝယ်မြို့ခံ လူငယ်အမျိုးသားတစ်ဦး
မေး - အိမ်မှာ သန်းခေါင်စာရင်းလာကောက်သွားပြီးလား။
ဖြေ - ၃ ရက်နေ့ကလာကောက်သွားပြီ။
မေး - ဘယ်သူတွေလာကောက်တာလဲ။ သူတို့ရဲ့ပုံစံတွေက ဘယ်လိုရှိလဲ။
ဖြေ - ကျောင်းဆရာမယူနီဖောင်းနဲ့ တစ်ယောက်ပဲ အိမ်ထဲဝင်လာတယ်။ ရွာလူကြီးတွေ ရဲတွေကတော့ အိမ်အပြင်မှာ ရှိနေတယ်။ မော်တော်ပီကယ်တွေ တခြားအရပ်ဝတ်နဲ့ အစုံပဲ ၂၀ လောက်ရှိတယ်။ လမ်းထိပ်မှာစောင့်နေတာလည်းရှိတယ်။
မေး - သူတို့သတ်မှတ်ထားတဲ့မေးခွန်းအပြင် တခြားမေးခွန်းတွေမေးတာရှိသေးလား။
ဖြေ - မေးခွန်းအားလုံးတောင်မပြည့်ဘူး။ သူတို့လိုချင်တာ အရေးကြီးတာတွေပဲမေးတယ်။ အိမ်မှာ အမှန်တကယ်နေတဲ့သူတွေပဲ မေးတယ်။ မိသားစုဘယ်နှယောက်၊ သားသမီးဘယ်နှယောက်။ အိမ်သာက ဘိုထိုင်လား ဘာလားလောက်ပဲ။
မေး - သန်းခေါင်စာရင်းကောက်နေတဲ့အချိန်မှာ ဘာတွေစိုးရိမ်မိလဲ။
ဖြေ - သန်းခေါင်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းခေါ်မှာစိတ်ပူတယ်။ အိမ်ထဲစဝင်ဝင်ချင်း အိမ်ရဲ့လိုကေးရှင်းကို လက်ပ်တော့နဲ့ယူပြီးဆော့ဝဲလ်တစ်ခုထဲဖြည့်တယ်။ အဲအချက်အလက်တွေကို နေပြည်တော်ကို တိုက်ရိုက်ရောက်ဖို့များတယ်။ အိမ်လိုကေးရှင်းလည်းရထားပြီ အသက်အရွယ်နဲ့လူစာရင်းလည်း ရှိထားပြီတော့ လွယ်လွယ်လေးပဲပေါ့။ သူတို့ဘက်က သန်းခေါင်စာရင်းတိတိကျကျလိုတာမဟုတ်ဘူးလေ။ အိမ်လိုကေးရှင်းနဲ့ ဒီအိမ်မှာ အရွယ်ရောက်ပြီးသားလူဦးရေ ဘယ်လောက်ယောက်ရှိတယ်ဆိုတာပဲလိုတာ။ သူတို့ရည်ရွယ်ချက်က ပေါ်နေတာပဲ။
မေး - အိမ်မှာမရှိတဲ့သူတွေနဲ့ပတ်သက်ပြီးရော သူတို့ဘာတွေမေးသေးလဲ။
ဖြေ - နိုင်ငံခြားသွားတဲ့သူရှိလားမေးတော့ မရှိဘူးလို့ပြောလိုက်တယ်။ တကယ်နေတဲ့သူပဲပြောပေးလို့ပြောတယ်။ ပြည်ပထွက်တဲ့ သူမပြောလည်းရတယ်တဲ့။ ဒါက စစ်မှုထမ်းဖို့အတွက် ကောက်တယ်ဆိုတာ သေချာတယ်။
မေး - ကိုယ့်အိမ်ကအချက်အလက်တွေကိုပါသွားပြီဆိုတော့ သူတို့ဘက်က ဘာတွေလုပ်လာနိုင်တယ်ထင်လဲ။
ဖြေ - စစ်မှုထမ်းဖို့လိုလာရင် အသက်နဲ့တိုက်ရိုက်လာလို့ရပြီပေါ့။ အရင်ကတော့ အိမ်ရဲ့လိုကေးရှင်းမရှိသေးဘူးဆိုတော့ လဝက ကနေ တဆင့်ခေါ်ရတယ်။ ပြီးတော့ ရွာလူကြီး အဆင့်ဆင့် သွားရတယ်ပေါ့။ အခုဆို တိုက်ရိုက်လာလို့ ရပြီ။ ဘယ်သူတွေလာမှာလဲတော့မပြောတတ်ဘူး။ သေချာတာတော့ အဆင့်ဆင့်မသွားရတော့ဘူး။
မေး - မေးခွန်းအားလုံးအမှန်တိုင်းဖြေလိုက်လား။
ဖြေ - မဖြေပါဘူး။ အမှန်တိုင်းမဖြေလို့ရတဲ့ အဖြေမျိုးဆိုလိမ်လိုက်တယ်။ အဓိကက စစ်မှုထမ်းအခေါ်မခံရဖို့ပဲဆိုတော့ အားလုံးအမှန်တော့မဖြေဘူး။
▪️သရက်ချောင်းမြို့ခံ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး
မေး - အိမ်မှာသန်းခေါင်စာရင်းလာကောက်သွားပြီလား။
ဖြေ - လာမကောက်သေးဘူး။
မေး - သန်းခေါင်စာရင်းကောက်တာနဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်နေတာရှိလဲ။
ဖြေ - အသက်ပြည့်ပြီးတဲ့ သားတစ်ယောက်ရှိတာ သူ့ကိုပဲ စိတ်ပူနေတယ်။ ပြည့်ပြီးဆို ၁၉ နှစ်ပဲရှိသေးတာ။ သူ့အကြောင်းစာရင်းထဲထည့်လိုက်ရင် စစ်မှုထမ်းခေါ်ခံရမှာစိတ်ပူနေတယ်။ ပြီးတော့ ပိုင်ဆိုင်မှုတွေလည်းမေးတယ်ဆို။ အိမ်တွေလာသိမ်း ပစ္စည်းတွေသိမ်းသွားမှာလည်း ပူနေရတယ်။
မေး - တခြားရပ်ကွက်တွေမှာ ဘယ်လိုပုံစံနဲ့ ကောက်နေတယ်ကြားမိလဲ။
ဖြေ - အိမ်တိုင်းမှာ လိုက်မကောက်တော့ဘဲ အိမ်တစ်အိမ်မှာ လူစုပြီး မေးတာတွေလည်း ရှိနေတယ်ပြောတယ်။ တချို့နေရာမှာဆို လူတောင်မစုတော့ဘဲ အိမ်တစ်အိမ်တည်းကိုပဲ ဘေးအိမ်တွေအကြောင်းပတ်မေးသွားတာတဲ့။ တို့အိမ်မှာတော့ ဘယ်လိုလာမလဲမသိသေးဘူး။
မေး - မေးခွန်းအားလုံးအမှန်အတိုင်းဖြေဖို့စီစဉ်ထားလား။
ဖြေ - ဘယ်လိုပြောရမလဲ အခုတော့ အမှန်အတိုင်းမဖြေလိုက်ပေမယ့် နောက်တစ်ခုခုကြောင့် အိမ်ရောက်လာရင် လိမ်ထားတာပေါ်မှာစိတ်ပူတာပေါ့။ တခြားအိမ်တွေမှာ လိုက်ဖြေရမယ်ဆို တခါလိမ်လို့မရပြန်ဘူး။ ကိုယ့်အိမ်မှာတိုက်ရိုက်လာမေးရင်တော့ ကြည့်ဖြေဖြစ်မယ်ထင်တယ်။
မေး - ကိုယ့်အိမ်ကအချက်အလက်တွေကိုပါသွားရင် သူတို့ဘက်က ဘာတွေလုပ်လာနိုင်တယ်ထင်လဲ။
ဖြေ - သူတို့လိုလာရင် စစ်မှုထမ်းဖို့ ခေါ်မယ်ထင်တယ်။ ပစ္စည်းတွေကို ပြည်သူပိုင်တို့ သိမ်းလာတာလည်းရှိချင်ရှိလာမှာ။
▪️ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုက အသက် ၄၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး
မေး - အိမ်မှာသန်းခေါင်စာရင်းလာကောက်သွားပြီလား။
ဖြေ - လာမကောက်သေးဘူး။
မေး - သန်းခေါင်စာရင်းကောက်တာနဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်နေတာရှိလဲ။
ဖြေ - စာရင်းလာကောက်ရင်မစိုးရိမ်ပါဘူး။ မေးခွန်းတိုင်းကို အနီးစပ်ဆုံးဖြေပေးမှာပါ။
မေး - တခြားရပ်ကွက်တွေမှာ ဘယ်လိုပုံစံနဲ့ ကောက်နေတယ်ကြားမိလဲ။
ဖြေ - အိမ်တွေမှာမေးသူတွေက တစ်ယောက်နှစ်ယောက်လောက်ပဲဝင်ရောက်မေးပါတယ်တဲ့။ စစ်တပ်တွေကလမ်းဆုံ လမ်းခွတွေမှာစောင့်ကြပါတယ်။ လမ်းတွေပေါ်မှာကားနဲ့ပတ်နေတာလည်းရှိပါတယ်။
မေး - မေးခွန်းအားလုံးအမှန်အတိုင်းဖြေဖို့စီစဉ်ထားလား။
ဖြေ - သန်းခေါင်စာရင်းက ရေရှည်အတွက် အသုံးဝင်အသုံးတည့်မှာဆိုတော့ အချက်အလက်အားလုံးကို တတ်နိုင်သလောက်တော့ အမှန်တိုင်းဖြေပေးမှာပါ။ ဒါပေမယ့် မေးပုံမေးနည်းနဲ့ မေးခွန်းအကြောင်းအရာပေါ်မူတည်ပြီး သင့်တင့်လျှောက်ပတ်အောင်တော့ဖြေရပါမယ်။
မေး - ကိုယ့်အိမ်ကအချက်အလက်တွေကိုပါသွားရင် သူတို့ဘက်က ဘာတွေလုပ်လာနိုင်တယ်ထင်လဲ။
ဖြေ - အချက်အလက်တွေကိုကြည့်ပြီး စစ်မှုထမ်းလို စစ်မှုထမ်း၊ ပြည်သူ့စစ်လို ပြည်သူ့စစ် စသဖြင့် ဆွဲထည့်မယ်ထင်ပါတယ်။ မလုပ်မနေရဆိုတာမျိုးတွေကြပ်လာမယ် မိသားစုကိုခြိမ်းခြောက်မယ် ဒါတွေရှိလာနိုင်တာပေါ့။
▪️တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုက အိမ်ထောင်ရှင်အမျိုးသားတစ်ဦး
မေး - ရွာမှာသန်းခေါင်စာရင်းလာကောက်သွားပြီလား။
ဖြေ - လာမကောက်သေးပါဘူး။
မေး - ရွာကိုသန်းခေါင်စာရင်းလာကောက်မယ်ထင်လား။ လာဖို့ရောလွယ်လား။
ဖြေ - ကျနော်တို့ရွာဘက်တော့ ရောက်လာမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာနဲ့သူတို့တောင်မှာ တပ်တွင်းကနေ တပ်ပြင်ထွက်လို့မရတဲ့အနေအထားဆိုတော့ သန်းခေါင်စာရင်းလာကောက်ဖို့ မလွယ်လောက်ဘူးထင်တာပဲ။ တကယ်လို့ ကောက်လာရင်လည်း မီးစင်ကြည့်ကရမှာပေါ့ဗျာ။
မေး - သန်းခေါင်စာရင်းကောက်တာနဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်နေတာရှိလဲ။
ဖြေ - ရင်ထဲမှာရှိတိုင်းပြောရမယ်ဆိုရင်တော့ အချက်အလက်တွေမပေးချင်ဘူး။ ကိုယ့်အိမ်မှာ ဘာရှိတယ်ဘာမရှိဘူး မိသားစုဘယ်လောက်ယောက်ရှိတယ် ဆိုင်ကယ်ဘယ်နှစီးရှိတယ်၊ ပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဘာညာအဲဒါတွေတော့ မပေးချင်ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်းပဲ မဖြစ်မနေ အတင်းအကြပ်မေးလာရင်တော့လည်း မီးစင်ကြည့်ကရမှာပေါ့။
မေး - တိုက်ပွဲဖြစ်တဲ့တခြားရွာတွေမှာရော သန်းခေါင်စာရင်းကောက်နေပြီလို့ ကြားမိလား။
ဖြေ - မကြားမိပါဘူး။ ကျနော်ကြားရတဲ့သတင်းတွေအရ စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာပဲ ကောက်မယ်လို့ သိထားရတယ်။ လက်ရှိ တနင်္သာရီမြို့ပေါ်မှာတော့ကောက်နေကြပြီ။
မေး - မေးခွန်းအားလုံးအမှန်အတိုင်းဖြေဖို့စီစဉ်ထားလား။
ဖြေ - တကယ်လို့သူတို့ရောက်လာရင်တော့ သံသယတွေမဖြစ်အောင် ပြဿနာတွေမတက်အောင်တော့ ကိုယ်လည်း အန္တရာယ်မဖြစ်အောင် လက်ရှိရှိနေတဲ့အရာတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးဖြေဖို့တော့ ရှိတယ်။ အားလုံးအကြောက်တရားနဲ့နေနေရတဲ့ခေတ်မို့လို့ပေါ့ဗျာ။
မေး - ကိုယ့်အိမ်ကအချက်အလက်တွေကိုပါသွားရင် သူတို့ဘက်က ဘာတွေလုပ်လာနိုင်တယ်ထင်လဲ။
ဖြေ - ကြားထားတဲ့စကားအရတော့ သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ် မဲထည့်ဘာညာလုပ်မယ်ဆိုပြီးသိထားတယ်။ ဒီအတိုင်းဆိုရင်တော့ စိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် အချက်အလက်တွေယူပြီး အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ စိုးရိမ်စရာရှိတာပေါ့။
The Tanintharyi Times
