NUG ၊ မြောက်ပိုင်းရှမ်းပြည်က PDF တပ်တွေနဲ့ AA၊ TNLA၊ MNDAAရဲ့ 1027 စစ်ဆင်ရေးလှိုင်း
NUG ၊ မြောက်ပိုင်းရှမ်းပြည်က PDF တပ်တွေနဲ့ AA၊ TNLA၊ MNDAAရဲ့ 1027 စစ်ဆင်ရေးလှိုင်း
[ ၁ ]
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ တိုင်းတပါးနယ်ချဲ့ ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့ပေမယ့် ပြည်နယ်ဒေသတွေနဲ့ တောင်တန်းဒေသတွေမှာ အများစု နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ ခေတ်အဆက်ဆက်အုပ်ချုပ်သူ အစိုးရ တနည်းအားဖြင့် စစ်အာဏာရှင်အစိုးရရဲ့ မတရားအနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှုကို ခံနေခဲ့ကြရတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ပါလီမန် ဒီမိုကရေစီအစိုးရဆီကနေ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်ခေါင်းဆောင်နေဝင်း ဦးဆောင်ပြီးစစ်တပ်က အာဏာသိမ်းမှုကိုစတင်ခဲ့တဲ့နောက် တိုင်းရင်းသားတွေကို သိသာထင်ရှားစွာနဲ့ ဖိနှိပ်အုပ်ချုပ်မှုစတင်ခဲ့တယ်။
ဗမာတိုင်းရင်းသားအများစုရှိတဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက တပ်ထဲမှာ တခြားတိုင်းရင်းသားတွေကို ရာထူးကြီးကြီးနေရာ မခန့်ထားတော့ဘဲ ဗမာလူမျိုးကြီးဝါဒကို စတင်အသက်သွင်းခဲ့ကြတယ်။
စစ်သင်တန်းကျောင်းတွေရှိရာ စစ်တပ်မြို့လို့ခေါ်တဲ့ ပြင်ဦးလွင်မှာ ဖွင့်ထားတဲ့ (D.S.A) အရာရှိစစ်သင်တန်းကျောင်း အပါအဝင် စစ်အရာရှိသင်တန်းကျောင်းမှန်သမျှ ဗမာတိုင်းရင်းသားလူမျိုးက လွဲရင် တခြားတိုင်းရင်းသားမှန်သမျှ အကြောင်းအမျိုးမျိုးပြကာ တက်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့တာ ယနေ့ခေတ်ကာလအချိန်ထိ…။
ဗမာတိုင်းရင်းသား လူမျိုးကြီးဝါဒကို အာဏာရှင်စစ်အစိုးရအဆက်ဆက် အသက်သွင်းခဲ့တဲ့ရလဒ်အနေနဲ့ ယနေ့အချိန်အထိ ကချင်၊ ကရင်၊ ချင်းနဲ့ ရခိုင် အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကျေးရွာအများစုမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ရင်ထဲမှာ ဗမာလူမျိုးကို တိုင်းရင်းသားအဖြစ် မမြင်ဘဲ ဗမာလူမျိုးကို အကြမ်းဖက်သမားလူမျိုးတမျိုးအဖြစ်ပဲ မြင်ကြတယ်။
သူတို့အများဆုံး ထိတွေ့ဆက်ဆံရတာက နယ်မြေရှင်းလင်းရေးဆိုပြီး သေနတ်ကိုင် ရောက်လာကြတဲ့ ဗမာအများစုပါဝင်တဲ့ စစ်တပ်။
အဲဒီအချိန်ကာလတွေထဲက တိုင်းရင်းသားဒေသတွေမှာ ဗမာစစ်တပ် ဝင်ရောက်လာရင် ရွာလုံးကျွတ် မီးရှို့ခံရတာ၊ ပစ္စည်းယူ၊ လူသတ်၊ မုဒိမ်းကျင့်ခံရတာတွေ ရှိခဲ့ကြတော့ အာဏာရှင်လက်ကိုင်တုတ် စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဗမာဆိုရင် အကြမ်းဖက်သမားလူမျိုးအဖြစ်ရွံကြောက်ကြီး ဖြစ်ခဲ့ရတယ်။
မယုံရင် အဲဒီ့ဒေသက ကျေးရွာတွေကို သွားလေ့လာကြည့်ပါ။
အဖြစ်မှန်ကို ဘာကြောင့် ပြောနိုင်သလဲဆို အခု ဒီစာကို ရေးနေတဲ့စာရေးသူက ရှမ်းပြည်ရဲ့ တောင်ပေါ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အဖေ ဗမာ၊ အမေ ဗမာက မွေးတဲ့ ဗမာတိုင်းရင်းသားလူမျိုးတယောက် ဖြစ်နေလို့ပါပဲ။
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခြေခံရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ မိမိတို့ လူမျိုးတွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးတွေပဲဖြစ်တယ်။
ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားအများစုက နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းအဖြေရှာခဲ့ကြပေမယ့် ယနေ့အထိ အဖြေရှာ မရနိုင်သေးတဲ့အတွက် တိုင်းရင်းသားလူမျိုးအသီးသီးက လက်နက်ကိုင် လမ်းစဉ်နဲ့ ခုခံတော်လှန်စစ်တွေကို ဆင်နွှဲပြီး မိမိတို့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်တယ်။
အဓိကပြဿနာက ခေတ်အဆက်ဆက်တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရ တနည်း အာဏာရှင်စစ်အစိုးရရဲ့ နိုင်ငံရေး မရိုးသားမှုတွေကြောင့်ပါပဲ။
[ ၂ ]
ဆောင်းပါးမှာ အဓိက ရေးသားဖော်ပြချင်တာက( ၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အများဆုံး တည်ရှိရာ ရှမ်းပြည်(မြောက်ပိုင်း)က အာဏာရှင်စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ PDFတွေ အပါအဝင် AA၊ TNLA၊ MNDAAရဲ့ ၁၀၂၇စစ်ဆင်ရေး အရေးပါမှု အကြောင်းအရာတွေကို အဓိက ရေးပြလိုရင်း ဖြစ်တယ်။
ရှမ်းပြည်(မြောက်ပိုင်း) က PDFအဖွဲ့တွေကို စစ်ရေးမှာ အဓိကအကူအညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးအခြေအနေအရပ်ရပ်ကိုထိမ်ချန်ရမယ့် အရေးကြီး စစ်ရေးသတင်းကိစ္စကလွဲရင် ရေးပြရခြင်း ဖြစ်ပါတယ်။
အခုဆိုရင် ဗမာလူမျိုးအများစု ကြီးစိုးခြယ်လှယ်ထားတဲ့ စစ်တပ်၊ အာဏာရှင်ရဲ့ ခိုင်းဖတ်စစ်တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီကို မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ ဗမာတိုင်းရင်းသားလူမျိုးတွေကိုယ်တိုင် ခုခံတွန်းလှန်နေတဲ့ စစ်ဖြစ်လာနေပြီ။ အာဏာရှင်တွေ ကျဆုံးပြီး အာဏာရှင်စနစ် ကျရှုံးပျက်သုဉ်းရေး အပြီးသတ် တိုက်ထုတ်ချေမှုန်းရန် ကြိုးပမ်းအားထုတ်လာနေကြတယ်။
ရည်မှန်းချက် ပန်းတိုင်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ရေးပဲဖြစ်တယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းယူမှုဖြစ်ပြီးနောက် စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေက စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) ကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တယ်။
NUCC ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံမဲတွေနဲ့ တရားဝင်မှု (De Jure Legitimacy) ရရှိ ထားတဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ လက်တွေ့ မြေပြင်မှာ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေတွေနဲ့ လူထုထောက်ခံမှု အသီးသီးရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ပြည်နယ်/ဖက်ဒရယ် ယူနစ် အခြေပြုနဲ့ လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီတွေနဲ့ စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့ နိုင်ငံရေးပါတီတွေအပါအဝင် နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လူငယ်တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အလုပ်သမားသမဂ္ဂ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အကြမ်းမဖက် အာဏာ ဖီဆန်လှုပ်ရှားမှု (CDM)မှာ ပါဝင်သူတွေနဲ့ သပိတ်ကော်မတီ တိုင်းရင်းသား လူမျိုးပေါင်းစုံ လူထုလူတန်းစား အလွှာအသီးသီးက အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့ မှ ကိုယ်စားလှယ် ၅၆ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရတယ်။
NUCC အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နဲ့ (၂) ကို ပြုစု ရေးသားကာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ တော်လှန်ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်။
NUG အစိုးရက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်အစိုးရကို ခုခံတွန်းလှန်တိုက်ခိုက်ဖို့ D-day အဖြစ် စတင် စစ်ကြေညာခဲ့ပါတယ်။
[ ၃ ]
ရှမ်းပြည်နယ်(မြောက်ပိုင်း)က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ လူငယ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ စိုးမိုးထိန်းချုပ်ထားရာ နေရာဒေသတွေမှာ နီးစပ်ရာအဖွဲ့ တွေစုဖွဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေအဖြစ်နဲ့ စစ်ပညာကို သင်ကြားခဲ့တာဆိုရင် ဒေသခံတိုင်းရင်းသားတပ်တွေနဲ့အတူ အာဏာသိမ်းစစ်အစိုးရတပ်တွေကို တော်လှန်တိုက်ခိုက်နေပြီ။
ပြည်သူ့ကာကွယ်ရေး PDF တပ်တွေအနေနဲ့ မြေပြင် တိုက်ပွဲဖော်ဆောင်မှု စစ်ရေးသတင်းတွေကို လျှိုဝှက်နိုင်သမျှ လျှိုဝှက်ထားပြီး သတင်းမထုတ်ပြန်ခဲ့ကြပါဘူး။ နယ်မြေဒေသအရ ယခင်ထဲက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အများဆုံး တည်ရှိရာ ဒေသဖြစ်တဲ့အတွက် နောက်ဆက်တွဲ လုံခြုံရေးအရ PDF တွေအနေနဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ထုတ်ဖော်မပြခဲ့ကြပါဘူး။
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး စစ်ရေးအခြေအနေတွေကို လိုအပ်သလောက်ပဲ သတင်းထုတ်ပြန်ပြီး တပ်ဖွဲ့ ဘေးကင်းလုံခြုံရေးကို အဓိက ဦးစားပေးဆောင်ရွက်ရင်း မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေခဲ့ပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ PEOPLE SECURITY & DEFENCE ARMY ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့(မူဆယ်မြို့)၊ PEOPLE SECURITY & DEFENCE ARMY ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (နမ့်ခမ်းမြို့)၊ PEOPLE SECURITY & DEFENCE ARMY – ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ (လားရှိုးမြို့)၊ PEOPLE DEFENCE FORCE OF THINNI . ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (သိန္နီမြို့)၊ PEOPLE DEFENCE FORCE – NAWNGHKIO ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (နောင်ချိုမြို့ ) PEOPLE DEFENCE FORCE KYAUKME ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ကျောက်မဲမြို့)၊ LASHIO CIVIL DEFENCE FORCE-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လားရှို့မြို) စတဲ့ အဖွဲ့တွေက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်စစ်အုပ်စုက ထိပါး နှောင့်ယှက် သတ်ဖြတ် စော်ကားမှု မပြုနိုင်ရေး၊
ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်သွားနိုင်ရေးအတွက် ၂ဝ၂၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တပါတည်း ရှမ်းမြောက်ကာကွယ် ရေးတပ်ဖွဲ့ (Northern Shan State Defense Force) ကို ဖွဲ့စည်းခဲ့ပြီး
_
“၁။ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ရေးအတွက် မိမိတို့ တော်လှန်ရေး ညီအစ်ကိုများမှ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်၍ စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရန် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည်။
၂။ မိမိတို့မဟာမိတ်အဖွဲ့များ အနေဖြင့် ပူးပေါင်း ဆက်သွယ်၍ စစ်ရေးအရ အဘက်ဘက်မှ ကူညီပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
၃။ နိုင်ငံအလိုက် မြို့ပြတိုက်ပွဲများ ဖြစ်ပေါ်လာပါက မိမိတို့ ရှမ်းမြောက်ကာကွယ်ရေးတပ်ဖွဲ့ (NSSDF)ကလည်း အမျိုးသားညီညွတ်ရေးအစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပူးပေါင်း၍ စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ကြမည်” စတဲ့ဖော်ပြပါအချက် ၃ ချက်ကို ထုတ်ပြန်ကြေညာခဲ့တယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ စစ်အာဏာရှင် ကျရှုံးရေးနဲ့ အာဏာရှင်စနစ်ကျဆုံး ပျက်သုဥ်းရေး စစ်ရေးလုပ်ဆောင်ချက်တွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် LASHIO CIVIL DEFENCE FORCE-LCDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လားရှို့မြို)ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ People’s Defence Force – Kyaukme နဲ့ PSDA Lashio သုံးဖွဲ့ ပေါင်းစည်းက ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း Northern Shan State Alliance Army (N.S.S.A.A) ကို ပြောင်းလဲဖွဲ့စည်းခဲ့ပြီး—
၁။ ပြည်သူလူထုအပေါ် အကြမ်းဖက်နေသည့် စစ်အာဏာရှင်အုပ်စုများရန်မှ ခုခံကာ ကွယ်သွားရန်။
၂။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသော အပြစ်မဲ့ပြည်သူများ၏ အသက်များကို ထောက်ထား၍ စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည့်တိုင်အောင် အဆုံး ထိတိုက်ပွဲဝင်ရန်။
၃။ အခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့်လဲ ပူးပေါင်း၍ စစ်အာဏာရှင်ကို ဆုံးခန်းတိုင် တော်လှန် တိုက်ပွဲဝင်ရန်။
၄။ ပြည်ထောင်စုအတွင်း စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် ” စတဲ့ အချက် ၄ ချက်ကို သဘောတူ လက်မှတ်ထိုး ထုတ်ပြန်ကြေညာခဲ့တယ်။
၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ (N.S.S.A.A)ရဲ့ အခြေခံစစ်သင်တန်းအပတ်စဉ် (၁) ကို အောင်မြင်စွာ ပို့ချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ (N.S. S.A.A)အနေနဲ့ သင်တန်းအပတ်စဉ် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အမှတ်စဉ်(၃)ပြီးတဲ့နောက်
အခြေခံစစ်ပညာသင်တန်း၊ သင်တန်းအပတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၄.၉.၂၀၂၄ ခုနှစ်မှာ ကျင်းပခဲ့ပြီး သင်တန်းကာလမှာ (၃)လကြာမှာ ဖြစ်ပါတယ်။
၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်၊ မန္တလေးသပိတ်အင်အားစု၊ တောင်တန်းဒေသ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ နဲ့ ဒေသတွင်းက တိုင်းရင်းသားတပ်တွေက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးမှ သဝဏ်လွှာပေးပို့ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။
[ ၄ ]
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဆက်လက် ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ အချိန်ကာလမှာပဲ မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တယ်။
စစ်အာဏာသိမ်းမှုကို အလိုမရှိတဲ့ မြန်မာပြည်တဝှမ်းလုံးမှာ ငြိမ်းချမ်းစွာနဲ့ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်ပြသခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို စစ်တပ်နဲ့ခိုင်းဖတ် လက်ဖြောင့်သေနတ်သမားတွေက ကျည်ဆန်အစစ်တွေ မီးခိုးဗုံးတွေနဲ့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းပြုခဲ့တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း စစ်တပ် ခိုင်းသမျှ ဆန္ဒပြလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သလို အကျဉ်းထောင်ထဲကို ဖမ်းပြီးပို့ဆောင် ထောင်ချခဲ့တယ်။
၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာပင် ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူလူထု အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်။
စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ ပူးပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရခိုင် (ULA/AA) တို့က အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်။
အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ပြီး မိဘပြည်သူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ပူးတွဲကြေညာခဲ့တယ်။
TNLA တအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်ရာ နယ်မြေအတွင်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ( ၂၃) ရက်နေ့က ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲအခမ်းအနားမှာ TNLA တအာင်း (ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်အနေနဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အတွက် ( ၂ဝ၂ဝ) ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့အကြောင်းကို TNLAရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောကြားခဲ့ဖူးပါတယ်။
AA၊ TNLA၊ MNDAA မဟာမိတ်ညီနောင်းတိုင်းရင်းသားလက်နက်ကိုင်တပ်အနေနဲ့ ပထမဆုံးအကြိမ် မြေပြန့်ဒေသအထိဆင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ဖူးတယ်။
၂၀၁၉ ခုနှစ်ရဲ့ ဩဂုတ်လ ၁၅ ရက်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ ပြင်ဦးလွင်မှ နောင်ချိုမြို့ဘက်သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ နောင်ချိုမြို့မှ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်နဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်တခုတို့ကို AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့က နံနက် ၅ နာရီခွဲခန့်မှာ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ဖူးတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်တပ် နစကအနေနဲ့ နိုင်ငံရေးအမြင်မတူတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၄ ယောက်ကို သေဒဏ်စီရင်ဆောင်ရွက်လိုက်ခြင်းအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့တယ်။
စစ်တပ်က မတရားသဖြင့် အမိန့်ချ သေဒဏ်ပေးခံရသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် နဲ့ ဝါရင့်နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး၊ ကိုအောင်သူရဇော် (ခ) ကတုံး (ခ) သူရ တို့ဖြစ်ပြီး သေဒဏ်စီရင်လိုက်ခြင်းက လက်ရှိကမ္ဘာ့နိုင်ငံရေး ဥပဒေရဲ့ စံထားချက်တွေနဲ့ ဆန့်ကျင်နေသလို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေး ကွန်ဗင်းရှင်းတွေကို ဆိုးဝါးစွာ ချိုးဖောက်နေခဲ့တယ်။ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးက ချမှတ်တဲ့ ဂျာကာတာ ထိပ်သီးအစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ် အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းမယ့် လမ်းစဉ်တွေနဲ့လည်း လုံးဝဆန့်ကျင်နေတယ်။
ယုတ္တိမရှိတဲ့ ပြစ်မှုနဲ့ နိုင်ငံရေးအမြင်မတူတဲ့ပုဂ္ဂိုလ်တွေကို သေဒဏ်စီရင်ခြင်းက ပြည်သူတရပ်လုံးရဲ့ ဒေါသစိတ်နဲ့ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေခဲ့ပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို နစက အာဏာသိမ်းစစ်တပ်အစိုးရက တာဝန်ယူရမယ့်လို့ AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်။ သေဒဏ်စီရင်ခြင်းခံရသူတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ထပ်တူ ဝမ်းနည်းရပြီး အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နဲ့ ရက္ခိုင် (ULA/AA) အဖွဲ့အစည်း (၃) ဖွဲ့အနေနဲ့ ဆယ်စုနှစ်နီးပါး အချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်မှာပါ တစ်ယောက်ကို တစ်ယောက် အသက်၊ သွေး၊ ချွေး ပေးဆပ်မှုတွေနဲ့ စည်းစည်းလုံးလုံး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်တွေ ဖြစ်သလို တစ်ဖွဲရဲ့ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲ့က လေးစား အသိအမှတ်ပြုပြီး မည်သည့်ကိစ္စတွင်မဆို စိတ်ရင်းစေတနာမှန်နဲ့ အကောင်းဆုံးဖေးမကူညီခဲ့ကြသလို ထို့အပြင် “တစ်ဖွဲ့၏ ပြဿနာသည် သုံးဖွဲ့စလုံး၏ ပြဿနာဖြစ်သည်” ဟူသော မူဝါဒကို ချမှတ်ပြီး ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။
“ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အချိုးအကွေ့ ကာလတွေမှာ မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသော နိုင်ငံရေး၊ စစ်ရေး စိန်ခေါ်မှုများကို ဆယ်စုနှစ်တစ်ခုနီးပါး အတူတကွ ခါးစည်းခံခဲ့ကြရသော်လည်း မယိမ်းမယိုင်သောခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာရှိရှိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြပြီး အတူတကွ တိုက်ပွဲဝင်နေဆဲ ဖြစ်သည့်အပြင် အနာဂတ်တွင်လည်း ဆက်လက်ပြီး လက်တွဲခိုင်မာစွာ ရပ်တည်သွားမည် ဖြစ်သည်။
မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ ” ဆိုပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်။
၁၀၂၇စစ်ဆင်ရေး ပထမလှိုင်း စတင်ခဲ့တဲ့၂၀၂၃ခုနှစ် အောက်တိုဘာလ၂၇ရက်နေ့ကနေ ၂၀၂၄ဇန်နဝါရီလအထိ ရှမ်းမြောက်က မြို့ပေါင်း(၁၇)မြိုကို မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပါတယ်။
ကိုးကန့်MNDAAအဖွဲ့အနေနဲ့ သိန္နီ၊ကွမ်းလုံ၊ချင်းရွှေဟော်၊လောင်ကိုင်၊မုံးကိုး၊ကြူကုတ် (ပန်ဆိုင်း)၊ကုန်းကြမ်းနဲ့ ဖောင်းဆိုင်မြို့တွေကို သိမ်းယူထားပြီးကျန်မြို့ဖြစ်တဲ့ ကွတ်ခိုင်၊နမ့်ဆန်၊မန်တုံ၊နမ္မတူ၊နမ်းခမ်း၊မိုင်းလုံနဲ့မိုင်းငေါ့မြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်TNLAက သိမ်းယူထားပါတယ်။
ဟိုပန်မြို့နဲ့ပန်လုံမြို့တွေကိုတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ”ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်UWSAက MNDAAတပ်ဆီကနေ လွှဲယူထားပါတယ်။
၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ဟိုင်ဂင်သဘောတူညီချက်အရ တိုက်ပွဲတွေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ဇွန်လ၂၅ရက်နေ့ကစလို့ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းတကျော့ပြန်တိုက်ပွဲအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းရဲ့ လားရှိုးမြို့၊နောင်ချို၊နဲ့မိုးမိတ်မြို့တွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုင်လိုက်ပါတယ်။MNDAAက လားရှိုးနဲ့TNLAကနောင်ချိုနဲ့ မိုးမိတ်မြို့ကိုထိန်းချုပ်ထားပြီး မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့စဉ့်ကူးမြို့ကိုတော့ TNLAနဲ့ မန္တလေးPDFက သိမ်းပိုက်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်မှုနဲ့ ရှမ်းမြောက်က PDF တွေအပါအဝင် MDY PDF, BPLA, PLA တို့ပါဝင်တဲ့ တပ်ပေါင်းစု ပုံစံစုဖွဲ့မှုနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ တပ်ရင်း အမှတ် ၆၀၆ လည်း ပူးပေါင်းပါဝင်ပြီး စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
တပ်ပေါင်းစုပုံစံလို့ပြောရခြင်းမှာ စစ်ကိုင်း၊ ကချင်အစပ် ထီးချိုင့်မှာ ပုံဖော်နေတဲ့ AA နဲ့ပူတွဲKIA ရဲ့တိုက်ပွဲ၊ နောင်ချို၊ ပြင်ဦးလွင်တကြောက TNLA နဲ့MDY PDF တိုက်ပွဲဖေါ်ဆောင်မှုတွေက တပ်ပေါင်းစု ပုံစံ အားကောင်းကောင်းနဲ့ ချိတ်ဆက်လာနေတာ တွေ့ရပါတယ်။
တပ်ပေါင်းစုမူရဲ့ အခြေခံဖြစ်တဲ့ “တူတာတွဲလုပ်၊ မတူတာခွဲလုပ်”ဆိုတဲ့ မူနဲ့ရခိုင်မှာ AAရဲ့ တိုက်ပွဲ ဖေါ်ဆောင်မှုတွေကို ကြည့်ရင် ထင်သာမြင်သာရှိစေပါတယ်။ တပ်ပေါင်းစုတွေဖွဲ့ပြီး တိုက်ရင် အောင်မြင်မှု ဘယ်လောက်ကြီးတယ်ဆိုတာကို operation1027 က သက်သေပြနေပါတယ်။တပ်ပေါင်းစုပုံစံနဲ့ တိုက်နေတဲ့ အခု ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေဟာ “တော်လှန်ရေးလက်ဝါးကြီးအုပ်ဗိုလ်ကျစိုးမိုးရေး”အတွေးအခေါ်နဲ့ မသွားပဲ တပ်ပေါင်းစုကို ရဲရဲဖွဲ့ပြီး ” တူတာတွဲလုပ်၊ မတူတာခွဲလုပ် ” တိုက်ပွဲဝင်သွားရင် တနိုင်ငံလုံးလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတိုက်ပွဲဟာ ဒီထပ်ပိုမြန်ဆန်လာမှာ အသေအခြာပါပဲ။
စစ်ကောင်စီရဲ့ စစ်တိုင်း(၁၄)ခုထဲကတတိယမြောက်အကြီးဆုံးဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေဆိုက်ရာ လားရှိုးမြို့အပါအဝင် ညီနောင်မဟာမိတ်တပ်တွေထိမ်းချုပ်ထားတဲ့ မြို့တချို့မှာ အုပ်ချုပ်ရေး ယန္တရားတွေ စတင်လည်ပတ်လာနေချိန်မှာပဲ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲချပြီး မြို့တွေကို ဖျက်စီးရေးတွေ လုပ်ဆောင်လာနေပါတယ်။
တရုတ်ရဲ့ ဖိအားပေးမှုတွေအတွင်း အကျဉ်းအကျပ်ထဲရောက်လာနေတဲ့ MNDAAအနေနဲ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့မှာ MNDAAအနေနဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့လာတာတွေ့ရတယ်။
ကြေညာချက်ထဲမှာ အဓိက ကြတဲ့ အချက်(၃) ချက်ကို တဆင့်ပြန်လည်းဖေါ်ပြရရင် “၁။ MNDAA ၏ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကိုလုံးဝပြောင်းလဲမည်မဟုတ်ပေ။ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ပေ။
၂။ တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ပါသည်။ ထို့အတူ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ပေ။ သို့သော် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားပါမည်။
၃။ တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ မိမိတို့အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံးဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားပါမည်”…ဆိုပြီးတွေ့ရပါတယ်။
အထက်ပါ ကြေညာချက်မှာ ညီနောင်သုံးဖွဲ့စလုံးရဲ့ သဘောထားထုတ်ပြန်ချက် မဟုတ်ပဲ MNDAAတပ်ရဲ့ ထုတ်ပြန်ချက်တာ ဖြစ်တယ်ဆိုတာတွေ့ရပြီး MNDAAရဲ့ ထုတ်ပြန်ချက်အပေါ်မှာ NUGရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အနေနဲ့ သဘောထားမှတ်ချက်ပေးတာ မတွေ့ရပါဘူး။
နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေအနေနဲ့ MNDAAအပေါ်မှတ်ချက် အမျိုးမျိုးတွေ ပေးကြ ရေးကြ ပြောလာကြပေမယ့်
၁၀၂၇စစ်ဆင်ရေးလှိုင်းရဲ့ အရှိန်အဟုန်ကတော့ စစ်အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေးမှာ အဓိက တွန်းအားတခုအနေနဲ့ ကျေးဇူးတရားရှိနေတာတော့ ရှောင်လွှဲလို့မရတဲ့ အချက်ပါပဲ။
၁၀၂၇စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ ရှမ်း မန်းစစ်ဆင်ရေးလှိုင်းနဲ့အတူအာဏာရှင်ဆန့်ကျင်ဖြုတ်ချရေး အရွေ့ကတော့ ရှေ့သို့ချီတက်မြဲ ချီတက်လာနေပြီ ဖြစ်ကြောင်း…။
နေချိုသွေး
The Tanintharyi Times