၁၀၂၇ စစ်ဆင်ရေး ဆင်နွဲနေတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့) အညိုရောင်နယ်မြေ

၁၀၂၇ စစ်ဆင်ရေး ဆင်နွဲနေတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့) အညိုရောင်နယ်မြေ

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က ဒီကနေ့မှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”ရဲ့ ပထမဆုံး တိုက်ခိုက်မှုစတင်တဲ့နေရာက ရှမ်းပြည်မှာ ရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ရှမ်းပြည်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသ ငါးခုရှိပါတယ်။ အဲ့ဒီထဲမှာ ကိုးကန့် ပါဝင်ပါတယ်။

▪️ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိပါတယ်။ လောက်ကိုင်ခရိုင်တစ်ခုလုံးကို အရင်ကထည့်သွင်းဖွဲ့စည်းခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာလောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်ကိုပဲပေါင်းကာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

လောက်ကိုင် မြို့နယ်ထဲမှာ ချင်းရွှေဟော်မြို့ပါဝင်ပြီး ကုန်းကြမ်းမြို့နယ်ထဲမှာ မော်ထိုက်မြို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံနဲ့ ကပ်ရပ်တည်ရှိပြီး၊ လားရှိုး၊ ကွမ်းလုံ၊ မူဆယ်၊ ကွတ်ခိုင်မြို့တွေနဲ့လည်း နယ်နိမိတ်ထိစပ်နေပါတယ်။

▪️စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့ အင်အား

လောက်ကိုင်မြို့နယ်မှ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တစ်ခုရှိပြီး ကုန်းကြမ်းမှာ ဌာနချုပ် ၂ ခု၊ တပ်ရင်းအနေနဲ့ လောက်ကိုင်မှာ ၁၃ ရင်းရှိပြီး ကုန်းကြမ်းမှာ ၁ ရင်းရှိတယ်လို့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့အင်အားက အရာရှိအဆင့် ၃၆ ယောက်ရှိပြီး အခြားအဆင့် ၁၅၈ ယောက်၊ စုစုပေါင်း ၁၉၄ ယောက် ရှိတယ်လို့လည်း ထွေအုပ်ရဲ့ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ပြည်သူစစ်အင်အားကတော့ လောက်ကိုင်မှာ တပ်ဖွဲ့ ၈ ခုရှိပြီး အင်အား ၄၂၀ ရှိကာ ကုန်းကြမ်းမှာတော့ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကတော့

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အညိုရောင်နယ်မြေ သတ်မှတ်ထားပြီး၊ “နယ်မြေတည်ငြိမ်မှု မရှိ”လို့ ဖော်ပြထားပါတယ်။

ဒီအချက်တွေအပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ကို သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ စာရင်းအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူဦးရေ တစ်သိန်းကျော်ပဲရှိပါတယ်။

▪️ကိုးကန့်တပ်ဖွဲ့ (သို့) မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA

ကိုးကန့်(MNTJP/MNDAA)က တအာင်း (PSLF/TNLA)နဲ့ ရက္ခိုင်တပ်တော်(ULA/AA) တို့နဲ့အတူ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့အဖြစ် ဖွဲ့စည်းထားပါတယ်။

ကိုးကန့်တပ်ဖွဲ့လို့ အများက ခေါ်ကြတဲ့ MNDAA ကို ဗကပ - ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ခဲ့တဲ့ ဦးဖုန်ကြားရှင်ဟာ ၁၉၈၉ မှာ တည်ထောင်ခဲ့တာပါ။ MNDAA အတွင်း သဘောထားမတူညီမှုတွေဖြစ်ပြီး ယန်မိုးလျှံအဖွဲ့ကခွဲထွက်ကာ စစ်အစိုးရနဲ့ လက်တွဲပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့ပါတယ်။

အဲဒီကိုးကန့်နယ်ခြားစောင့်တပ်က စစ်ကောင်စီတပ်တွေနဲ့တဘက်၊ MNDAA ကိုးကန့်တပ်ဖွဲ့ကတဘက် စစ်ခင်းနေကြပြီး မူဆယ်ခရိုင်၊ မုံးကိုမြို့နယ်မှာ တိုက်ပွဲတွေ ရာချီပြီး ဖြစ်ခဲ့ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လောက်ကိုင်မြို့ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုတွေကြောင့် တရုတ်အစိုးရကပါ ပူးပေါင်းဖမ်းဆီးတာတွေ လုပ်နေရပါတယ်။