ရေဖြူက စစ်ကောင်စီတပ်သားတွေ ညဘက်ကားမီးပိတ်ပြီးပြန်ထွက်ချိန် ​တိုက်ခိုက်ခံရ

ရေဖြူက စစ်ကောင်စီတပ်သားတွေ ညဘက်ကားမီးပိတ်ပြီးပြန်ထွက်ချိန် ​တိုက်ခိုက်ခံရ

ဓာတ်ပုံ - ရေဖြူမြို့နယ်က ကင်းတံတား(ပုံဟောင်း)

ရေဖြူမြို့နယ်မှာ နေအိမ်တွေမီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်​ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ရဲဘော်နဲ့ဒေသခံတွေကပြောပါတယ်။

အခုလ ၂၆ ရက်နေ့ည ၉ နာရီလောက်က မြေတင်ကားနှစ်စီးနဲ့ ကားမီးပိတ်ပြီး ရန်ကုန်-ထားဝယ်ကားလမ်းမဘက်ကို တိတ်တဆိတ်ပြန်ထွက်ခွာလာချိန် ထားဝယ်ရေနက်ဆိပ်ကမ်းလမ်း​ပေါ်မှာရှိတဲ့ ကမ်းတံ​တားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာပါ။

“လက်နက်ငယ်နဲ့အရင်ပစ်တယ်။ သူတို့ ကားရပ်သွားတော့မှ မိုင်းလေးလုံးဆွဲလိုက်တယ်” လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှု နာရီဝက်အကြာဖြစ်ပွားခဲ့ပြီးနောက် စစ်​​ကောင်စီဘက်က မြေတင်ကားတစ်စီးပျက်စီးသွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ ရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ကျနော်တို့ကအပိုင်ပစ်ရတာ။ အကွာအဝေးက ပေ ၁၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ ပစ္စည်းတွေတင်လာတော့ သူတို့က ကားပေါ်တက်ထိုင်လာတာ။ ပစ်ခံရချိန်ဝင်ပုန်းမယ့်နေရာမရှိဘူးပေါ့” လို့တိုက်ပွဲမှာပါဝင်တဲ့ရဲဘော်ကပြောပါတယ်။

စစ်ကားနှစ်စီးတိုက်ခိုက်ခံရပြီးနောက် နဘုလယ်ဒေသထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတချို့ကလည်း ထိန်ကြီးရွာကတဆင့် ပုဂေါဇွန်းရွာဘက်ကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပျက်စီးသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့ ​မြေတင်ကားကိုတော့ တိုက်ပွဲဖြစ်တဲ့နေရာကနေ မနေ့ကလာရောက် သယ်​ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

အဲဒီစစ်ကြောင်းဟာ အခုလ ၁၉ ရက်နေ့ကတည်းက ရေဖြူမြို့နယ်အနောက်ဖက်ကမ်းကိုဝင်ရောက်လာပြီး ကျေးရွာတွေမှာ နေအိမ်မီးရှို့တာနဲ့ အရပ်သားတွေကိုပစ်သတ်တာတွေပြုလုပ်ခဲ့ပါတယ်။

ရွာတွေကိုစစ်ကြောင်းထိုးခဲ့တဲ့ တစ်ပတ်ကျော်ကာလအတွင်း မူးဒူးရွာက နေအိမ်အဆောင် ၂၀၊ လဲရှောင်နဲ့ပရဒတ်ရွာက နေအိမ် ၆ ဆောင်ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်လာချိန် ကင်းရွာကငါးဖမ်းနေတဲ့အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့သလို ပရဒတ်ရွာက နေအိမ်မီးရှို့ခံထားရတဲ့ပြာပုံထဲမှာလည်း အလောင်း ၃ လောင်းကိုတွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ စစ်ကောင်စီစစ်ကြောင်းကြောင့် ရေဖြူအနောက်ဖက်ကမ်းမှာရှိတဲ့ မူးဒူး၊ လဲရှောင်နဲ့ ပရဒတ်အပါအဝင် ကျေးရွာဆယ်ခုကျော်က ဒေသခံအများအပြားစစ်ဘေးရှောင်ထွက်ပြေးခဲ့ရပါတယ်။

The Tanintharyi Times