ဥတုကပ်ဘေးရဲ့ လက်သည်တရားခံများ
ဥတုကပ်ဘေးရဲ့ လက်သည်တရားခံများ
ရာသီဥတုကပ်ဘေးဟာ လူတွေကို နေ့စဉ်နဲ့အမျှ ခြောက်လှန့်နှိပ်စက် နေပါပြီ။ စစ်မီးဝိုင်းနေတဲ့ ရွှေပြည်ကြီးမှာ နွေဆိုလည်း ရေချိုခမ်းခြောက်ပြတ်လပ်တာ အဆမတန် ပူပြင်းတာ၊ မိုးရာသီမှာ ရေကြီးရေလျှံတာ မြေပြိုတာစတဲ့ ဘေးဒုက္ခအပေါင်းကို အလူးအလဲ ခံနေရပါတယ်။ ဥတုကပ်ဘေးကို သူ့အလိုလို ဖြစ်လာတဲ့ သဘာဝဘေးလို့ ခေါင်းစဉ်တပ်ရင် အမှားကြီးမှားပါလိမ့်မယ်။ ဒီဘေးအန္တရာယ်တွေဟာလူလုပ်ထားတဲ့ ဘေးဆိုးကြီးပါ။
သဘာဝသယံဇာတလို့ အမည်တပ်ထားတဲ့အရာတွေကို မြေပေါ်မြေအောက် ရှိရှိသမျှ ထုတ်ယူပြီး ကိုယ်ကျိုးစီးပွားအတွက် သုံးဖြုန်းဇိမ်ယစ်နေတဲ့ စစ်အာဏာရှင်နဲ့ခရိုနီတွေဟာအဓိကလက်သည်တရားခံပါ။ သစ်တောတွေကို အပြောင်ရှင်းတာ။ ထွက်သမျှ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ရွှေ၊ ခဲမဖြူ အဖြိုက်နက်၊ မြေရှား စတဲ့ သတ္တုအမျိုးမျိုးကို စည်းမဲ့ကမ်းမဲ့ တူးဖော်ထုတ်လုပ်တာတွေက တစ်တိုင်းပြည်လုံးအနှံ့ နေရာလွတ်မကျန်အောင်ပါပဲ။
ဂြိုလ်တုကနေ လှမ်းမြင်ရတဲ့ ပုံတွေမှာ မိုင်းလုပ်ကွက်တွေကြောင့် ပျက်စီးနေတဲ့ တောတောင် မြေဆီလွှာတွေဟာ ဓါတ်ပုံထဲက လကမ္ဘာမျက်နှာပြင်ရဲ့ ချိုင့်ဝှမ်းချိုင့်ခွက်တွေထက်တောင် အမြင်ဆိုးလွန်းလှတယ်။ တောင်နေရာမှာ ချိုင့်ခွက်ဖြစ်နေပြီး စွန့်ပစ်မြေစာပုံက တောင်သဏ္ဍာန် ဖြစ်လိုဖြစ်။ အဆိပ်သင့် မြစ်ချောင်းတွေက နေရာအနှံ့မှာ စီးဆင်းလို့နေတယ်။
တနင်္သာရီတိုင်းတစ်တိုင်းတည်းမှာကိုပဲ ရွှေတူးဖော်ရေးလုပ်ကွက်တွေဟာ ဘောလုံးကွင်းပေါင်း ထောင်ချီတဲ့ အရွယ်ရှိသတဲ့။ မိုင်းတူးတာ ရွာအဝင်လမ်းကိုတောင် မရှောင်လို့ ဟိန္ဒားရွာအဝင်လမ်း ပျက်စီးနေတဲ့ပုံကို ဒီရက်ပိုင်းသတင်းမှာ တွေ့ရတော့ အတော်လေးစိတ်မသက်မသာ ဖြစ်မိပါတယ်။
အာဏာရှင်နဲ့ အပေါင်းပါတွေဟာ ဒီမြေ ဒီရေက ထွက်ရှိသမျှ သယံဇာတတွေကို စိတ်ကြိုက်ခြယ်လှယ် ရောင်းချပြီး ပြည်သူတွေကို ကျွန်ပြုခဲ့တာ ရာစုနှစ်တစ်ခုနီးပါး ကြာခဲ့ပါပြီ။ အာဏာနဲ့စည်းစိမ်ဟာ သူတို့လူတစ်စုဆီမှာပဲ စုပုံနေခဲ့ပြီး နင်းပြားပြည်သူတွေကတော့ ဆင်းရဲမွဲတေမှု ဝဲကယက်မှာ နစ်မြုပ်နေရုံမကဘူး၊ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးလို့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ခါးစည်း ခံကြရရှာတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတဝန်း ရေဘေးသင့်ပြည်သူ ၉ သိန်း နီးပါးရှိပြီး၊ လက်ရှိအချိန်ထိ သေဆုံးသူ ၃၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။
မိုးလေဝသ ပညာရှင် “ဦးဝင်းနိုင်” ကလည်း မုတ်သုံဆုတ်ခွာချိန် (အောက်တိုဘာ ၁၅ ရက်နေ့အထိ) မိုးများနိုင်တာမို့ မိုးလွန်ကာလရောက်ချိန်အထိ မပေါ့ဆကြဖို့ သတိပေးထားပါတယ်။
ဒီအတိုင်းဆက်သွားရင် ဥတုကပ်ဘေးဟာ ပိုဆိုးလာဖို့ပဲ ရှိတော့တယ်။ ကူညီကယ်ဆယ်ရေးအလုပ်ဟာ အရေးကြီးတယ် ဆိုပေမယ့် ရေရှည်ကောင်းမွန်ဖို့ အစီအစဉ်တွေ စနစ်တကျ မရှိဘူးဆိုရင် အဆိုးသံသရာထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။
သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့ သစ်ပင်စိုက်ကြပါလို့ တိုက်တွန်းကြတယ်။ သစ်ပင်စိုက်တာဟာ အလွန့်အလွန် ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ မဖြစ်မနေ လုပ်ဆောင်ကြရပါမယ်။ ဒါပေမယ့် ပျက်ဆီးနေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ပြန်လည်ကောင်းမွန်စေချင်တယ်ဆိုရင် သစ်ပင်စိုက်တာ တစ်ခုတည်းနဲ့ မလုံလောက်ပဲ တခြားအကြောင်းရင်းတွေကို ပြုပြင်ပြောင်းလဲဖို့လည်း လိုပါသေးတယ်။
တိုင်းပြည်တစ်ခုလုံးက ရှိရှိသမျှ သယံဇာတတွေကို နှစ်ပေါင်းများစွာ မောင်ပိုင်စီး လုယူထားတဲ့ စစ်အာဏာရှင်နဲ့ အပေါင်းပါ ခရိုနီတစ်စုကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးနိုင်ဖို့ ကြိုးစားကြရမယ်။ အာဏာရှင်စနစ်ကြီး အပြီးသတ် ပြိုလဲပျက်စီးသွားအောင် ဝိုင်းဝန်းတိုက်ထုတ်ကြရပါမယ်။ ဒီလိုဖြစ်ဖို့ဆိုရင် လက်ရှိတော်လှန်ရေးဟာ ဆက်လက်လုပ်ဆောင်ရမယ့် အဓိကအကျဆုံး လုပ်ငန်းဖြစ်ပါတယ်။
ကောင်းမွန်မှန်ကန်တဲ့ နိုင်ငံရေးစနစ်တစ်ခု လည်ပတ်နိုင်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အားသွန်လုပ်ဆောင်နိုင်ကြမှာပါ။ တော်လှန်ရေးအလွန် တိုင်းပြည်တည်ဆောက်ရေးကာလမှာလည်း လက်ရှိပျက်စီးနေတဲ့ ဂေဟစနစ်ကို ပြင်လည်ကုစားနိုင်ဖို့အတွက် သတိကြီးကြီး ထားရမယ့်အရာတွေ ရှိပါသေးတယ်။
အဲဒါကတော့ အရင်းရှင်စီးပွားရေးစနစ် ပါပဲ။ ကိုယ်ကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်နေတဲ့ အရင်းရှင်စီးပွားရေးသမားတို့ရဲ့ လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုကို ကမ္ဘာ့တိုင်းပြည် အတော်များများမှာ တွေ့မြင်နိုင်ပါတယ်။
ဖွံ့ဖြိုးရေး စီမံကိန်းဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံဌာနေတိုင်းရင်းသားတို့ရဲ့ နေရာကို ဝင်ရောက်ကျူးကျော်ကြတယ်။ ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး စတဲ့ မျှော်လင့်ချက်အမှားတွေ မက်လုံးတွေနဲ့ စည်းရုံးသိမ်းသွင်းကြတယ်။ သူတို့စီးပွားရေး အကျိုးအမြတ်တစ်ခုတည်းအတွက်သာ ကြည့်ပြီး ဌာနေဒေသခံတို့ရဲ့ တောတောင်ရေမြေကို အသားတစ်လို စိတ်ကြိုက်ခုတ်ထစ်ဖြတ်တောက်ပြီး မှုန့်မှုန့်ညက်ညက်ကြေအောင် လုပ်ပစ်ကြတော့တာပါပဲ။
ဒီလို အပျော့ဆွဲနဲ့ ရောက်လာတဲ့ အရင်းရှင်စီးပွားရေးသမားတွေကို လူမှုတရားမျှတမှုနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာပူးတွဲလှုပ်ရှားသူ ပါမောက္ခ “Rob Nixon” က “သွေးအေးအကြမ်းဖက်မှု (Slow Violence)” လို့ ခေါ်ပါတယ်။
သွေးအေးအကြမ်းဖက်မှုဆိုတာ တစ်ဖက်သူက ကိုယ့်အပေါ်မှာ အကြမ်းဖက်နေတယ်လို့ ချက်ချင်းမခံစားရဘူး။ ခံရသူတွေဘက်က ကိုယ့်ကို အနိုင်ကျင့်နေသူတွေဟာ ဘယ်သူလဲဆိုတာ ထင်ထင်ရှားရှား တန်းမသိနိုင်ဘူး။ အချိန်ကာလတစ်ခုကြာပြီးမှ ဒါဟာ အကြမ်းဖက်မှုလို့ သိလာရတာမျိုး။ အကြမ်းဖက်မှုလို့ သိလာချိန်မှာ သားကောင်ဖြစ်သွားတဲ့ သူတွေဟာ တုံ့ပြန်ကာကွယ်ခွင့် မရနိုင်လောက်အောင် အကြမ်းဖက်မှုဘက်က အားအလွန်ကြီးနေပြီလို့ ပါမောက္ခ ‘နစ်ဇင်’ က ဆိုပါတယ်။
တိုင်းပြည်တည်ဆောက်ရေးကာလမှာလည်း ဖွံ့ဖြိုးရေးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်တယ်၊ ဘယ်လိုလုပ်ဆောင်ချင်တယ် ဆိုတာနဲ့ ငြင်းခုံကြဦးမှာပါပဲ။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမယ့် စက်ရုံ၊ အလုပ်ရုံ စီမံကိန်းအကြီးစားတွေကို အကောင်အထည်ဖော်နိုင်မှ ဖွံ့ဖြိုးရေးလို့ သတ်မှတ်မယ်ဆိုရင် သွေးအေးအကြမ်းဖက်မှုဒဏ်ကို ပြည်သူတွေ ခေါင်းမဖော်စတမ်း ဆက်ခံနေကြရဦးမှာ ဖြစ်ပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်ရတာပါဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ အကြီးစားစီမံကိန်းတွေဖြစ်တဲ့ ကျောက်မီးသွေးစက်ရုံ၊ ရေကာတာ(ဆည်)၊ ရေနက်ဆိပ်ကမ်း စတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ကြတာ၊ ဌာနေတိုင်းရင်းသားတို့ရဲ့ သစ်တော သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ပျက်စီးသွားအောင် စီးပွားရေးအမျိုးမျိုး လုပ်ဆောင်ကြတာ စတဲ့ သွေးအေးအကြမ်းဖက်မှုရန်ကနေ ကာကွယ်ကြဖို့လည်း လိုပါတယ်။
သဘာဝတရားကို မထီမဲ့မြင်ပြုပြီး ကိုယ်ကျိုးစီးပွားအတွက် အလိုလောဘမီးစာကို အဆုံးမရှိ လောင်ကျွမ်းစေတဲ့ အရင်းရှင်စီးပွားရေးရဲ့ ဘေးအန္တရာယ်ကိုလည်း သတိကြီးကြီးနဲ့ ရှောင်ရှားကြရအောင်ပါ။ လူသား၊ သစ်ပင်၊ တိရိစ္ဆာန် အပြန်အလှန် အမှီသဟဲပြု နေထိုင်ပြီး သဘာဝတရားဆီက လိုအပ်သလောက်သာ ရယူသုံးစွဲကြဖို့ပါ။ ကမ္ဘာ့ရွာပြုမှုဖြစ်စဉ် (Globalization) ကနေ ဒေသမှုပြုခြင်း (Localization) ဆီ ပြောင်းလဲကျင့်သုံးကြရအောင်ပါ။
သက်ရှိလောကမှာ ကျွန်မတို့ လူသားမျိုးစိတ်ကို “ဟိုမို ဆေပီယန်စ်- Homo Sapiens” လို့ ခေါ်သတဲ့။ အဓိပ္ပာယ်က“ဉာဏ်ပညာရှိတဲ့ လူသားမျိုးစိတ်” ပေါ့။
လူသားတွေရဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ တီထွင်ဆန်းသစ်မှုတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ သိပ္ပံပညာရဲ့ တိုးတက်မှုဟာ တကယ့်အံ့မခန်းပါ။ ဒါပေမယ့် အဲဒီအစွမ်းသတ္တိတွေကို နေရာတိုင်းမှာ မှန်မှန်ကန် အသုံးချခဲ့ပါရဲ့လား။
အစ္စရေးလူမျိုး၊ တွေးခေါ်ရှင် သမိုင်းပါမောက္ခတစ်ဦးဖြစ်တဲ့“Yuval Noah Harari” ကတော့ “လူသားတွေဟာ အဲဒီအစွမ်းသတ္တိတွေကို လွဲမှားစွာ အသုံးချခဲ့တဲ့အတွက် အခုဆိုရင် သက်ရှိလောက တည်မြဲရေးရဲ့ အခြေခံဖြစ်တဲ့ ဂေဟစနစ်ကြီးတစ်ခုလုံး ပြိုလဲပျက်စီးမှုရဲ့ ချောက်ကမ်းပါးအစွန်းကို ရောက်ရှိနေပြီ” လို့ ဆိုပါတယ်။
သဘာဝဘေးအန္တရာယ်လို့ ဆိုပေမယ့် သူ့အလိုလို ဖြစ်လာတာမျိုး မဟုတ်ဘဲ လူသားတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ ထင်ရှားနေပါတယ်။ ဥတုကပ်ဘေးရဲ့ အရေးပေါ်ခေါင်းလောင်းက ကျယ်ကျယ်လောင်လောင် ထိုးလိုက်ပါပြီ။ လက်ရှိဖြစ်နေတာကို ပြုပြင်ဖာထေးရုံနဲ့ ပြေလည်သွားမယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ လွယ်ကူတဲ့အလုပ် မဟုတ်ပေမယ့် လက်သည်တရားခံအစစ်ကို သိနေပြီ ဆိုမှတော့ ဘာဆက်လုပ်ရမလဲ ဆိုတာလည်း သိလောက်မယ် ထင်ပါတယ်။
ငြိမ်းပန်
The Tanintharyi Times