ထားဝယ်ထောင်သစ်ဧရိယာကို စစ်ကောင်စီတပ်‌က စစ်ကြောင်းထိုးပြီး အနီးအနားတဝိုက်ကိုဒရုန်းနဲ့‌ဗုံးကြဲ

ထားဝယ်ထောင်သစ်ဧရိယာကို စစ်ကောင်စီတပ်‌က စစ်ကြောင်းထိုးပြီး အနီးအနားတဝိုက်ကိုဒရုန်းနဲ့‌ဗုံးကြဲ

ထားဝယ်ခရိုင်မှာ အသစ်ဆောက်လုပ်မယ့် အကျဥ်းထောင်သစ်ဧရိယာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အနီးအနားတစ်ဝိုက်ကို ဒရုန်းနဲ့ဗုံးကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေအပြည့်လိုက်ပါလာတဲ့ ဗီဂိုးကား လေးစီးဟာ ရေဖြူမြို့နယ်၊က ဇီးကျရွာကိုရောက်လာခဲ့တယ်လို့ ဒေသခံတွေကဆိုတယ်။

အဲဒီနောက် ဇီးကျရွာအရှေ့ဘက်က ထားဝယ်အကျဥ်းထောင်အသစ်ဆောက်လုပ်မယ့် ဧရိယာကိုစစ်ကြောင်းထိုးနေတာပါ။

“ကားငါးစီးနဲ့ လာတယ်။ တစ်စီးကို ဘုရားမဲဂိတ်မှာချပြီး ကျန်တဲ့လေးစီးရောက်လာတာ။ သေနတ်တွေ ပစ်ပစ်ပြီးဝင်နေတယ်။ နယ်မြေရှင်းလင်းတဲ့ပုံစံပါပဲ” လို့ ဇီးကျရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်က လက်ရှိထားဝယ်မြို့ထဲကအကျဥ်းထောင်ထက် ငါးဆဝန်းကျင်ကြီးတဲ့ အကျဥ်းထောင်အသစ်တစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာစတင်ဆောက်လုပ်‌နေတာပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အကျဥ်းထောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်သမားနေထိုင်တဲ့အဆောက်အအုံတွေကိုမီးရှို့ပြီး တာဝန်ခံတွေကို ဝင်ရောက်ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အကျဥ်းထောင်အသစ် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆက်မလုပ်တေ့ဘဲ ရပ်နားထားတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီက နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့ စစ်ကြောင်းထိုးလာတာပါ။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ မနေ့က မနက်ပိုင်းမှာလည်း ဇီးကျရွာနဲ့ မောင်မယ်ရှောင်ရွာတစ်ဝိုက်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဒရုန်းက သုံးစီးလောက်တစ်ပြိုင်တည်းတက်တာ။ ပြီးတော့ ပတ်ပြီးသွားနေတယ်။ ဗုံးသီးလည်း ဆယ်ကျော်လောက်တောင်ချတယ်” လို့ နောက်ထပ်ဒေသခံ တစ်ဦးကပြောပါတယ်။

အဲဒီထဲက ဗုံးသီးတချို့ ဇီးကျရွာအရှေ့ဘက်မှာရှိတဲ့ မှီအုံးတောင်ခြေက ဇရပ်တစ်ဆောင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဇရပ်အဆောက်အအုံပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့က မနက်ပိုင်းမှာပဲ မောင်မယ်ရှောင်ရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကလည်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ‌မောင်မယ်ရှောင်ကျေးရွာအ‌ရှေ့ပိုင်းက နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာကို အခုတစ်ပတ်အတွင်း သုံးကြိမ်အထိရှိပြီဖြစ်ပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

“ကျမတို့အိမ်တွေပါသွားပြီလို့လည်း ကြားတယ်။ စိတ်ထဲဘာမှလည်း မခံစားရတော့ပါဘူး။ ဘာမှမမျှော်လင့်တော့ဘူး။ ရွာအရှေ့ပိုင်းမှာတော့ တခြမ်းလုံးကုန်ပြီကြားတာပဲ” လို့ နေအိမ်စွန်ခွာတိမ်းရှောင်နေရတဲ့ ရွာခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်ထိလည်း မောင်မယ်ရှောင်ရွာအတွင်းမှာ စစ်‌ကောင်စီတပ်သားတွေက နေရာယူတပ်စွဲထားဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိစစ်‌ကောင်စီတပ်က စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်‌နေထိုင်နေတဲ့ ဇီးကျရွာနဲ့ မောင်မယ်ရှောင်ရွာတွေဟာ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်မှာရှိပါတယ်။

The Tanintharyi Times