“အလုပ်တွေထဲမှာ ပိုပြီး ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာတွေ များလာတယ်”

“အလုပ်တွေထဲမှာ ပိုပြီး ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာတွေ များလာတယ်”

အခုလထဲမှာ ထိုင်းအရပ်ဘက် မဟာမိတ်အဖွဲ့အစည်းအချို့ကနေ ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ရွှေ့ပြောင်းမြန်မာအလုပ်သမားကိစ္စတွေနဲ့ ပက်သတ်လို့ အချက် ၈ ချက်ကို စာပို့တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ ကလေးတွေရဲ့ ကလေးသူငယ်အခွင့်အရေးတွေ၊ ပညာရေးတွေနဲ့ပတ်သက်လို့လည်း ကန့်ကွက်တောင်းဆိုတာတွေရှိခဲ့သလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်ပါမစ်ခွင့်ပြုချက်တွေ၊ အလုပ်သမားအခွင့်အရေးတွေကို ကန့်ကွက်တောင်းဆိုတွေ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးရှေ့မှာလည်း ထိုင်းလူမျိုးတွေစုစည်းပြီး ကန့်ကွက်ဆန္ဒပြကြတာနဲ့ ပတ်သက်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေကြားမှာစိုးရိမ်စရာ၊ ပြောစရာတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုလိုအခြေအနေတွေဖြစ်နေတဲ့ကာလမှာ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့ ဘာတွေစိုးရိမ်စရာ၊ ပူပန်စရာတွေရှိနေလဲဆိုတာကို ဒီတစ်ပါတ်ရဲ့ ‘တောင်ပိုင်းသားတို့အသံ’ အစီအစဥ်ကနေ ဖော်ပြပေးလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မမာလာ
ပူကစ်မြို့ မှာအလုပ်လုပ်နေတဲ့ ထားဝယ်ဒေသခံ

မေး – လက်ရှိထိုင်းမှာ အစုအဖွဲ့တချို့က ထိုင်းနိုင်ငံအစိုးရကို မြန်မာအရေးနဲ့ ပတ်သက်လို့ စာပို့တာ၊ မြန်မာတွေထွားသွားဖို့ ဆန္ဒပြတာတွေရှိနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေ သိထား ကြားထားလဲရှင့်။
ဖြေ – မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားတွေ ဆန္ဒပြနေတယ်လို့သိရပါတယ်။ သူတို့လိုအပ်ချက်တွေတင်ပြပြီး ပြည်တော်ပြန်ကြဖို့ တောင်းဆိုတယ်လို့သိရပါတယ်။

မေး – ဒါနဲ့ပတ်သက်လို့‌ ထိုင်းကို ရောက်နေတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုစိုးရိမ်ချက်‌တွေ ရှိနေလဲ ပြောပြပေးပါရှင့်။
ဖြေ – စိုးရိမ်တာကတော့ မြန်မာတွေအပေါ် အရင်ကထက် ပိုပြီးဖိနှိပ်မှာ လစာတွေပိုနှိမ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေမရမှာ စိုးရိမ်ပူပန်မှုကအမျိုးမျိုးပါပဲ။

မေး – တောင်းဆိုထားတဲ့အချက်တွေထဲမှာ အလုပ်ပါမစ်ကို အခုလိုမဟုတ်ဘဲ တစ်ကြိမ်ကို ရက် ၉၀ သာ အလုပ်ပါမစ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ ရက် ၉၀ အလုပ်လုပ်ခွင့်ပြည့်သွားရင် မြန်မာနိုင်ငံထဲပြန်ဝင်ပြီး ရက် ၃၀ ထပ်စောင့်ပြီးမှသာ ထိုင်းမှာ အလုပ်လုပ်ခွင့်ရက် ၉၀ ထပ်လျှောက်ရန်ဆိုတဲ့ အချက်လည်းပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။
ဖြေ – အလုပ်ပါမစ်ကို ရက် ၉၀ သာရမယ်။ မြန်မာပြည်ထဲဝင်ပြီး ရက် ၃၀ ထပ်စောင့်ပြီးမှ အလုပ်လုပ်ခွင့်ရက် ၉၀ ထပ်လျှောက်ရန်ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ တပ်အပ်ပြောလို့မရသလို ဖြစ်နိုင်ချေတော့ ပိုပြီးနည်းမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံတွေက မြန်မာတွေနဲ့လည်ပတ်နေတာ။ ဒီမြန်မာအလုပ်သမားတွေ မြန်မာပြည်ပြန်နေတဲ့အချိန်အတွင်း ဒီမှာ လည်ဖို့ အလုပ်သမားတွေမရှိဘဲ ဖြစ်သွားလိမ့်မယ်လို့ထင်တယ်။ မြန်မာတွေလောက် အောက်ခြေသိမ်းအလုပ်ကို သူတိူ့နိုင်ငံသားတွေ မလုပ်နိုင်ပါဘူး။ သူတို့ စီးပွားရေး ယန္တရားထိခိုက်စေမယ်ဆိုတော့ ကျန်တဲ့ လုပ်ငန်းရှင် ထိုင်းနိုင်ငံသားတွေလည်း ကန့်ကွက်ကြလိမ့်မယ်ထင်တယ်။ ဒီအချက်ကတော့ သူတို့နိုင်ငံသားချင်းချင်းအတိုက်ခံတွေဖြစ်ပြီးမှ ဆုံးဖြတ်ချက်ချရမှာဖြစ်တဲ့အတွက် သူတို့အစိုးရအနေနဲ့ ခက်ခဲစွာ ချရမဲ့ ဆုံးဖြတ်ချက်လို့ထင်တယ်။

မေး – ထိုင်းအစိုးရအပေါ်တောင်းဆိုချက်တွေထဲမှာ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ ကလေးငယ်တွေကို ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေမှာ ကူညီပေးဖို့ အစီအစဥ်ကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်ပါဝင်တယ်။ အဲဒီအပေါ်မှာရော ဘယ်လို မြင်လဲ။
ဖြေ – ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးကိစ္စရပ်တွေမှာကူညီပေးဖို့ အစီအစဉ်ကိုပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်ကတော့ မြန်မာဘုရင်တွေလက်ထက်ကတည်းက အမုန်းတရားတွေက အခုထိတော့ မပပျောက်သေးဘူး။ တချို့ထိုင်းတွေမှာ အဲ့ဒီစိတ်တွေ ပပျောက်နေပေမယ့် တချို့ထိုင်းတွေမှာ မပပျောက်သေးဘူး။ ထိုင်းကျောင်းမှာတက်နေတဲ့ မြန်မာကလေးတွေကိုတောင် အနိုင်ကျင့်မှုတွေ ခွဲခြားဆက်ဆံခံရမှုတွေက အခုထိရှိတုန်းဆိုတော့ သူတို့အနေနဲ့က မြန်မာတွေကို ကျွန်အဖြစ်သတ်မှတ်ထားတော့ ဒီလူမျိုးစုတွေကို သူတို့နဲ့တန်းတူ ပညာသင်ခွင့်တွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးချင်တာမျိုးဖြစ်မှာပါ။ ကလေးတွေအတွက်ကတော့ ဝမ်းနည်းစရာပေါ့။

မေး – ကလေး‌တွေရဲ့ ပညာ‌ရေး နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ချက်တွေရှိ‌နေလဲ ပြောလို့ရရင် ပြောပြပေးပါ။
ဖြေ – ပြည်တွင်းမှာ ပညာကိုကောင်းစွာသင်ယူခွင့်မရလို့ ပြည်ပမှာ သင်ယူပြန်တော့ အဆင်မပြေနေကြဘူးဆိုတော့ ကလေးတွေ အနာဂတ်ကိုနည်းနည်းစိတ်ပူမိတယ်။ အခု ၂၀၂၁ နောက်ပိုင်း ငါးနှစ်အရွယ်ကလေးကစလို့ ပညာသင်ယူဖို့အရွယ်ရောက်နေတဲ့ကျောင်းသားအားလုံး ပညာရေးတပိုင်းတစတွေဖြစ်တယ်။ တချို့ဆို စစ်အာဏာရှင်ဆန့်ကျင်ရင်း စာကိုလုံးဝမသင်ရဖူးတဲ့ကလေးတွေ အများကြီးလေ။ ဒီလိုပညာသင်ယူခွင့်မရဘဲနဲ့ ဆက်သွားနေရရင် ဒီ generation တစ်စုတော့ အသိပညာ အတတ်ပညာတွေအများကြီးမဲ့သွားလိမ့်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါကတော့ တော်တော်ကို လူသားအရင်းအမြစ်အတွက်စိုးရိမ်စရာကောင်းတဲ့အချက်တချက်ပါပဲ။

မေး – ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ၊ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားအချို့စုစည်းပြီး ဆန္ဒပြခဲ့ကြတယ်။ အခုလိုမျိုး မြန်မာလူမျိုး‌တွေကို ထိုင်းကနေ မောင်းထုတ်နေတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ – စက်တင်ဘာလ ၂၃ ရက်က ဆန္ဒပြတဲ့ကိစ္စဆိုရင် အဓိက အားဖြင့် မြန်မာတွေကိုမလိုလားတော့ဘူးပေါ့။ မြန်မာလူမျိုးတွေက သူတို့လုပ်ကိုင်တဲ့ အလုပ်ကို လုတယ်။ သူတို့အတွက်လုပ်စရာမရှိတော့ဘူးပေါ့။ ဒါတွေအားလုံးရဲ့ အရင်းအမြစ်က မနာလိုခြင်းကနေစတယ်လို့ထင်တယ်။ ဒီဘက်မှာ မြန်မာတွေ တအားကြိုးစားကြတယ်။ အလုပ်လုပ်နိုင်တယ်။ နောက်တချက်က စုဆောင်းတတ်တယ်။ မြန်မာတစ်ယောက်ငှားရင် မန်နေဂျာရော ပြာတာအလုပ်ရော လုပ်နိုင်တယ်။ ထိုင်းသူဌေးတွေ ကိုယ်တိုင်ကလည်း မြန်မာတွေကိုဆို အလုပ်လုပ်တာတော်တယ်ဆိုပြီး မြန်မာတွေကိုပဲ့ခန့်ချင်ကြတယ်။ မြန်မာတွေက စုမိဆောင်းမိပြီး တခြားလုပ်ငန်းလေးတွေကိုစမ်းလုပ်ကြည့်တယ်။ အောင်မြင်လာတယ်။ အဲ့မှာ တချို့မြန်မာတွေ ကားစီးနိုင်ပြီး ရွှေတွေငွေတွေဝတ်ဆင်ကြတဲ့ အချိန်မှာ သူတို့က ဒုံရင်းဒုံရင်းပဲ့ ဆိုတော့ မြန်မာတွေကို မျက်စိဆံပင်မွှေးစူးလာကြတယ်ပေါ့။ အဲဒီချိန်မှာတချို့မြန်မာတွေကလည်း စည်းမဲ့ကမ်းမဲ့ လုပ်ချင်သလိုလုပ် နေချင်သလိုနေလာကြတော့ ပြောစရာတွေပိုဖြစ်တာပေါ့။ မြန်မာတွေကို လိုလားတဲ့ ထိုင်းတွေအများကြီးရှိသလို မလိုလားတဲ့ထိုင်းတွေလည်းအများကြီးရှိပါတယ်။

မေး – အခုလိုအခြေအနေတွေဖြစ်လာပြီးနောက်မှာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့အလုပ်မှာ ဘာတွေ ပြောင်းလဲသွားတာရှိလဲ။
ဖြေ – ပတ်ဝန်းကျင်တွေ အလုပ်တွေမှာတော့ပြောင်းလဲသွားတာမရှိပါဘူး။ ပုံမှန်ပါပဲ။ ဒါပေမဲ့ လူမျိုးရေးခွဲခြားမှုတွေတော့ နည်းနည်းပိုလာ‌တာပေါ့။

မေး – ကိုယ့်လိုပဲ ဘဝတူ ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုရော ဘာပြောချင်တာရှိလဲ။
ဖြေ – ထိုင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့တော့ စည်းကမ်းရှိပါ။ စည်းလုံးကြပါပဲပြောချင်ပါတယ်။

မေး – တခြား ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။
တခြားဖြည့်စွက်ပြောချင်တာတော့ မြန်မာတွေစည်းကမ်းရှိတာ မရှိတာထက်ကို တိုင်းပြည်ကြီးက ဒုက္ခရောက်နေမှန်းသိလို့ အနိုင်ကျင့်ကျတယ်လို့ထင်ပါတယ်။ မိဘမဲ့တွေဆို လူတွေကပိုအနိုင်ကျင့်ချင်တာ သဘာဝပါပဲ။ မြန်မာပြည်သူပြည်သားတွေ အာလုံးအားတင်းထားကြပါလို့။ တိုင်းပြည်ကြီးပြန်ကောင်းတဲ့တနေ့ ထိုင်းနိုင်ငံကို လက်ပြနှုတ်ဆက်ပြီး သွားကြရအောင်‌ပါ။

မဝါလေး
ရနောင်းမြို့နေ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦး

မေး – လက်ရှိထိုင်းမှာ အစုအဖွဲ့တချို့က ထိုင်းနိုင်ငံအစိုးရကို မြန်မာအရေးနဲ့ ပတ်သက်လို့ စာပို့တာ၊ မြန်မာတွေထွားသွားဖို့ ဆန္ဒပြတာတွေရှိနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေ သိထား ကြားထားလဲရှင့်။
ဖြေ – တောင်းဆိုလို့လည်း ဘာမှမရနိုင်တဲ့ အခြေအနေပါ။ မနေတတ် မထိုင်တတ်ဘဲ မဆင်မခြင်ကြွားကြတဲ့ လူနည်းစုတွေ‌ကနေ စလာတဲ့ပြဿနာပါ။

မေး – ဒါနဲ့ပတ်သက်လို့‌ ထိုင်းကို ရောက်နေတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုစိုးရိမ်ချက်‌တွေ ရှိနေလဲ ပြောပြပေးပါရှင့်။
ဖြေ – လက်ရှိအချိန်မှာ ထိုင်းအစိုးရကချမှတ်ထားတဲ့စည်းဘောင်ထဲကနေ ဂရုစိုက်သွား လာ နေထိုင်ကြဖို့ပဲ လိုပါတယ်။ သူတို့ဘက်က ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဆူပူနေချိန် ကိုယ့်ဘက်ကအသိတရားနဲ့ထိန်းချုပ်ပြီး ခွန်းတုံ့မပြန်နေဘဲ ပုံမှန်အတိုင်းနေသွားကြရုံလေးပါ။ အဲ့လိုမဟုတ်ပဲ ထပ်ပြီးဆင့်ကဲနေမယ် လိုအပ်တာထပ်ပိုတဲ့ပြန်တောင်းဆိုမှုတွေ ထပ်မလုပ်မိကြစေဖို့ သတိထားရမှာပါ။ မဟုတ်ရင် မီးလောင်ရာလေပင့်ပြီး ပြဿနာပိုကြီးသွားနိုင်ပါတယ်။

မေး – တောင်းဆိုထားတဲ့အချက်တွေထဲမှာ ရက် ၉၀ အလုပ်လုပ်ခွင့်ပြည့်သွားရင် မြန်မာနိုင်ငံထဲပြန်ဝင်ပြီး ရက် ၃၀ ထပ်စောင့်ပြီးမှသာ ထိုင်းမှာ အလုပ်လုပ်ခွင့်ရက် ၉၀ ထပ်လျှောက်ဖို့ဆိုတဲ့ အချက်လည်းပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။
ဖြေ – ထိုင်းတစ်ဖက်စွန်းရောက်လူနည်းစုတွေရဲ့ ဖိနှိပ်တောင်းဆိုမှုတွေဟာ အလုပ်သမားနဲ့ ကလေးသူငယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ကူညီစောင့်ရှောက်ရေးဆိုင်ရာ စောင့်ရှောက်မှု မူဝါဒပေါင်းစုံနဲ့ သွေဖည်နေတဲ့အတွက် ဘယ်အစိုးရမျိုးကမှ အတည်ပြုပေးမှာ မဟုတ်လို့ပါပဲ။ ခဏတာငြိမ်ငြိမ်လေးနဲ့ဧည့်သည် ဟာ ဧည့်သည်နေရာကနေ သူ့နိုင်ငံကချမှတ်ထားတဲ့ စည်းကမ်းဘောင်ထဲကနေ နေလိုက်ရင် မကြာခင် ငြိမ်သက်သွားမယ့်ကိစ္စတစ်ခုပါ။ ဒီလိုမတရားတောင်းဆိုမှုတွေကို အတည်ပြုပေးရအောင် အစိုးရပိုင်းကလူကြီးတွေက ဦးနှောက်မပါတဲ့ညဏ်ရည်နိမ့်သူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် အလုပ်သမားအခွင့်အရေးတွေ အပေါ်မှာတော့ ပိုမိုတင်းကြပ်လာမယ့်အနေထား ဖြစ်လာပါမယ်။

မေး – ထိုင်းအစိုးရအပေါ်တောင်းဆိုချက်တွေထဲမှာ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ ကလေးငယ်တွေကို ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေမှာ ကူညီပေးမယ့် အစီအစဥ်ကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်ပါဝင်တယ်။ အဲဒီအပေါ်မှာရော ဘယ်လို မြင်လဲ။
ဖြေ – ကလေးတွေရဲ့ပညာရေးနဲ့ ပတ်သတ်လို့က အခုနောက်ထပ်ကျန်တဲ့ခရိုင်က စာသင်ကျောင်းတွေမှာ ဝင်ရောက်စစ်ဆေးကြတာတွေရှိပေမဲ့ ထပ်မံပိတ်သိမ်းတာမျိုးတွေ မတွေ့ရတော့ပါ။ ဒါပေမယ့် ဖွင့်ထားတဲ့ စာသင်ကျောင်းတွေအနေနဲ့ ထိုင်းအစိုးရပညာရေးဝန်ကြီးဌာနရဲ့ တရားဝင်ခွင့်ပြုချက်ပါမစ်ရရှိအောင် အမြန်ဆုံးဆောင်ရွက်ကြဖို့ ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ ဘောင် စည်းကမ်း မူဝါဒ လမ်းစဉ် အတိုင်းသာလိုက်နာကျင့်သုံးကြဖို့ကို ‌ပြောဆိုသွားကြတယ်လို့ကြားရပါတယ်။ ပြီးတော့တစ်ပတ်/နှစ်ပတ်တစ်ခါဆိုသလို အမြဲတမ်းဝင်ရောက်စစ်ဆေးခြင်းတွေရှိနေပါတယ်။ သတ်မှတ်ပေးထားတဲ့ ကာလအတွင်း တရားဝင်ခွင့်ပြုချက်ပါမစ်မကျလာ/မပြသ နိုင်ခဲ့ရင်တော့ ကျောင်းကိုပိတ်သိမ်းရမယ်လို့ ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။

မေး – ကလေး‌တွေရဲ့ ပညာ‌ရေး နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ချက်တွေရှိ‌နေလဲ ပြောလို့ရရင် ပြောပြပေးပါ။
ဖြေ – နိုင်ငံတကာကပညာ‌ရေးဖောင်ဒေးရှင်းတွေနဲ့ချိတ်ဆက်ပြီး တရားဝင်ပါမစ်ရထားတဲ့ကျောင်း အနည်းငယ်ကလွဲလို့ ကျန်တဲ့ကျောင်းတွေထပ်မံပိတ်သိမ်းခံရရင် ကလေးတွေအတွက် ပညာရေးနဲ့လူမှုဆက်ဆံရေးက အင်မတန်ကိုနှောင့်နှေးသွားတော့မှာပါ။ ထိုင်းပညာရေးဌာနဘက်ကပြောသလို ထိုင်းကျောင်းတွေမှာအပ်နှံရအောင်က ကလေးအများစုမှာ ဘာသာစကားနဲ့သင်ယူမှုနားလည်မှုအပိုင်းတွေမှာ အခက်အခဲရှိတာမို့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့်အခုနှစ်မှာ နိုင်ငံရေးကြောင့်ရောက်ရှိလာကြတဲ့ ကလေးတွေအတော်များပါတယ်။ တစ်ချို့ကျောင်းတွေမှာ ထိုင်းမွေးစာရင်းမရှိရင်လက်မခံတာတွေ ရှိကြပါတယ်။ မြန်မာဘက်ပြန်ပို့ပြီးထားရအောင်ကလည်း နိုင်ငံရေးအခြေနေက သိကြတဲ့အတိုင်းပါပဲ။

မေး – ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ၊ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားအချို့စုစည်းပြီး ဆန္ဒပြခဲ့ကြတယ်။ အခုလိုမျိုး မြန်မာလူမျိုး‌တွေကို ထိုင်းကနေ မောင်းထုတ်နေတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ – ထိုင်းတွေဆန္ဒပြတာနဲ့ပတ်သတ်လို့ အဲ့ဒီအဖွဲ့ကိုဦးဆောင်သူတွေနဲ့ ထိုင်းသူဌေးလုပ်ငန်းရှင်များအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးပါပြီ။ အစည်းဝေးမှာနှစ်ဖက်လိုအပ်ချက်တွေကို ပြောဆိုတင်ပြကြပြီး လုပ်ငန်းရှင်တွေဘက်က အလုပ်သမားတွေရဲ့အခက်ခဲအများစုကို ပြောပြဖြေရှင်းပေးခဲ့ကြပါတယ်။ အဲ့ထဲကမှာ လုပ်ငန်းရှင်တွေဘက်ကနေ ရက် ၉၀ တစ်ခါထိုး မြန်မာပြည်ပြန် တစ်လနားပြန်ဝင်လုပ်နေရအောင် ကုန်ကျစရိတ်တွေက နည်းတယ်ထင်နေလို့လား။ အဲ့ဒါတွေခင်ဗျားတို့ထုတ်ပေးမလို့လား။ ပေါင်နှံ ချေးငှားလာရတဲ့ အကြွေးတွေကို ဘယ်သူဆပ်ပေးမှာလဲလို့ မေးခဲ့တဲ့အတွက် အစွန်းရောက်အဖွဲ့ဘက်က နှုတ်ဆိတ်ပြီးအဖြေမပေးနိုင်ခဲ့ကြဘူးလို့ တင်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့်ဒီကိစ္စဟာ ခဏတာနိုင်ငံရေးမီးရှို့မှုတစ်ရပ်သာဖြစ်တဲ့အတွက် ငြိမ်သွားမှာပါ။

မေး – အခုလိုအခြေအနေတွေဖြစ်လာပြီးနောက်မှာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့အလုပ်မှာ ဘာတွေ ပြောင်းလဲသွားတာရှိလဲ။
ဖြေ – လက်ရှိမှာတော့ အဲ့ကိစ္စနဲ့ပတ်သတ်လို့ ထိုင်းအတော်များများဘက်က မြန်မာတွေအပေါ် အမြင်မကြည်တာတွေ စစ်ဆေးရေးပိုင်းမှာပိုမိုတင်းကြပ်လာတာတွေ အလုပ်နေရာယူမှုတွေမှာပိုပြီးအကန့်ခွဲလာတာမျိုးတွေ ပိုဖြစ်လာပါတယ်။

မေး – လတ်တလောမှာ ကိုယ့်လုံခြုံရေးနဲ့ပတ်သက်လို့‌ရော ဘယ်လိုတွေ သတိထားနေထိုင်ဖြစ်‌နေလဲ။
ဖြေ – ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံပြန်မရကြတဲ့အခြေနေမှာ အထောက်ထားရှိသူ မရှိသူအားလုံး ငြိမ်ငြိမ်ဝပ်ဝပ်နဲ့ ချမှတ်ထားတဲ့ဘောင်အတွင်းကနေ စနစ်တကျလေး နေတတ် ထိုင်တတ်ကြဖို့ လိုပါတယ်။ သူဌေးအမာခံနဲ့လုပ်စားနေကြတဲ့ ငွေရှင် ကြေးရှင်တွေကလည်း မကြွားမဝါကြဘဲ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့အတိုင်း နေစား ရောင်းဝယ်ကြဖို့လိုပါလိမ့်မယ်။ သူတို့ကငွေရှိလို့အကြောင်းမဟုတ်ပေမယ့် ဖြစ်လာရင်ပထမဆုံးခံကြရတာ အောက်ခြေအလုပ်သမားနေ့လုပ်နေ့စားတွေနဲ့အထောက်ထားမဲ့တွေပါ။ ညှာတာမှုလေးရှိပေးကြဖို့ လိုပါတယ်။

မေး – ကိုယ့်လိုပဲ ဘဝတူ ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုရော ဘာပြောချင်တာရှိလဲ။
ဖြေ – အခုချိန်‌အားလုံးဟာ စစ်ဆေးမှုတွေးပိုမိုတင်းကြပ်လာတဲ့အတွက် အသွား အလာ နေထိုင်တဲ့နေရာ အလုပ်နေရာတွေမှာ ဂရုစိုက်ကြဖို့ သတိထားကြဖို့နဲ့ အချင်းချင်းတတ်နိုင်တဲ့ဘက်ကနေ လူမျိုးရေးမခွဲခြားဘဲ ကူညီရိုင်းပင်းကြဖို့ ဧည့်သည်ဟာဧည့်သည်လို နေထိုင်ကျင့်ကြံကြဖို့ပဲ တိုက်တွန်း ချင်ပါတယ်။ ပြီးတော့သူတို့ထိုင်းဘုရင် တော်ဝင်မိသားစုနဲ့ပတ်သက်တာ ထိုင်းလူမျိုးတွေကို ဆူပူမှုဖြစ်စေမဲ့ စကား အရေးသားမျိုးတွေ ရေးသား ဖော်ပြခြင်း ပြောဆိုခြင်းမပြုလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။ ပြဌာန်းထားတဲ့ဥပဒေတွေ ပုဒ်မတွေက တန်းစီနေလို့ပါ။

ထိုင်းရောက် ကော့သောင်းမြို့ခံ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး

မေး – လက်ရှိထိုင်းမှာ အစုအဖွဲ့တချို့က ထိုင်းနိုင်ငံအစိုးရကို မြန်မာအရေးနဲ့ ပတ်သက်လို့ စာပို့တာ၊ မြန်မာတွေထွားသွားဖို့ ဆန္ဒပြတာတွေရှိနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေ သိထား ကြားထားလဲရှင့်။
ဖြေ – ဘတ်နဲ့နေတဲ့သူတွေ သုံးလတစ်ကြိမ်အထဲပြန်ဝင်ပြီး သက်တမ်းတိုးပြီးမှပြန်ထွက်ရမယ်လို့ ကြားထားတယ်။

မေး – ဒါနဲ့ပတ်သက်လို့‌ ထိုင်းကို ရောက်နေတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုစိုးရိမ်ချက်‌တွေ ရှိနေလဲ ပြောပြပေးပါရှင့်။
ဖြေ – စိုးရိမ်တာတော့ အစုံပဲ။ ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံကိုယ်မပြန်ချင်ဘူး။ ပြန်ဝင်ရင်ဂိတ်တွေမှာ အဖမ်းခံရမှာစိုးတယ်။ စစ်မှုထမ်းဖို့ ဖမ်းခေါ်ခံရမှာလည်းကြောက်နေရတယ်။

မေး – တောင်းဆိုထားတဲ့အချက်တွေထဲမှာ ရက် ၉၀ အလုပ်လုပ်ခွင့်ပြည့်သွားရင် မြန်မာနိုင်ငံထဲပြန်ဝင်ပြီး ရက် ၃၀ ထပ်စောင့်ပြီးမှသာ ထိုင်းမှာ အလုပ်လုပ်ခွင့်ရက် ၉၀ ထပ်လျှောက်ရန်ဆိုတဲ့ အချက်လည်းပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။
ဖြေ – သုံးလတကြိမ်ကတော့ မဖြစ်နိုင်တာပါ။ သုံးလအလုပ်လုပ်လို့ လမ်းစရိတ်အသွားအပြန်တောင် ရမှာမဟုတ်ပါဘူး။ အဲဒီအတိုင်းသာဖြစ်လာရင် တရားမဝင်နေထိုင်သူတွေပိုများလာနိုင်တယ်။

မေး – ထိုင်းအစိုးရအပေါ်တောင်းဆိုချက်တွေထဲမှာ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ ကလေးငယ်တွေကို ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေမှာ ကူညီပေးမယ့် အစီအစဥ်ကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်ပါဝင်တယ်။ အဲဒီအပေါ်မှာရော ဘယ်လို မြင်လဲ။
ဖြေ – သူတို့နိုင်ငံထဲလာတဲ့သူတွေမှာ ဘယ်သူမှပျော်လို့လာတာမဟုတ်ဘူးဆိုတာ ထိုင်းအစိုးရရော နိုင်ငံသားတွေကပါ သိမှာပါ။ အဲဒီအပေါ်မှာ ပြန်သုံးသပ်ရမှာက နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိတဲ့နည်းကိုပဲ သုံးသပ်သင့်တာ။ ကျောင်းတွေတရားဝင်ဖွင့်ပေးမယ် တရားဝင်အထောက်အထားတွေချပေးမယ်။ အဲကနေ သူတို့ငွေတွေပြန်ရမှာ။ ဒီတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့နည်းပဲ။ ဒီနည်းကိုပဲ သူတို့လုပ်သင့်တာ။

မေး – ကလေး‌တွေရဲ့ ပညာ‌ရေး နဲ့ပတ်သက်လို့ ဘာတွေစိုးရိမ်ချက်တွေရှိ‌နေလဲ ပြောလို့ရရင် ပြောပြပေးပါ။
ဖြေ – ကလေးတွေသာ ကျောင်းမတက်ရရင် ကျောင်းတက်ဖို့ ပညာသင်ယူဖို့အခွင့်အရေးမပေးရင် မျိုးဆက်တစ်ခုလုံးစာနစ်မြုပ်သွားလိမ့်မယ်။ ဒီလိုသာဆို နိုင်ငံအတွက်မဖော်ပြနိုင်တဲ့ဆုံးရှုံးမှုပဲ။ ကလေးတွေပညာသင်ခွင့် မရ ရအောင်တော့ သက်ဆိုင်ရာက အကောင်အထည်ဖော်ကိုဖော်ပေးရလိမ့်မယ်။

မေး – ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ၊ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားအချို့စုစည်းပြီး ဆန္ဒပြခဲ့ကြတယ်။ အခုလိုမျိုး မြန်မာလူမျိုး‌တွေကို ထိုင်းကနေ မောင်းထုတ်နေတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ – သိထားသလောက်ကတော့ ထိုင်းလူမျိုးတွေမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတာရယ် မြန်မာတွေဘက်ကလည်း တပိုင်တနိုင်စီးပွားရေးတွေလုပ်လာတော့ သူတို့ဝင်ငွေထိခိုက်လာလို့ ဖြစ်မယ်ထင်ပါတယ်။

မေး – အခုလိုအခြေအနေတွေဖြစ်လာပြီးနောက်မှာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့အလုပ်မှာ ဘာတွေ ပြောင်းလဲသွားတာရှိလဲ။
ဖြေ – လက်ရှိ ရှိနေတဲ့နေရာမှာတော့ ဘာမှထွေထွေထူးထူးပြောင်းလဲတာ မရှိပါဘူး။

မေး – လတ်တလောမှာ ကိုယ့်လုံခြုံရေးနဲ့ပတ်သက်လို့‌ရော ဘယ်လိုတွေ သတိထားနေထိုင်ဖြစ်‌နေလဲ။
ဖြေ – သတင်းတွေထွက်လာပြီးနောက်တော့ လူမျိုးရေးတိုက်ခိုက်မှုတွေဖြစ်လာတော့မလားဆိုပြီးတွေးမိတယ်။ တွေးကြောက်တာပေါ့။ အခုထိတော့ ပုံမှန်အတိုင်းပါပဲ ကိုယ့်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်တော့ ဂရုစိုက်နေနေပါတယ်။

မေး – ကိုယ့်လိုပဲ ဘဝတူ ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုရော ဘာပြောချင်တာရှိလဲ။
ဖြေ – ကိုယ့်ကြောင့်ပတ်ဝန်းကျင်ထိခိုက်အောင်မနေဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကိုလက်လှမ်းမှီသလောက်လေ့လာပြီး သဟဇာတဖြစ်အောင်နေဖို့ပဲ ပြောချင်ပါတယ်။ ဒီကြားထဲ ကူစရာရှိတာကူ ထူစရာရှိတာလည်း ထူရမှာပါ။ အခုထိ တော်လှန်ရေးက မပြီးသေးပါဘူး။

မမီးငယ်
ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ မြိတ်ဒေသခံ

မေး – လက်ရှိထိုင်းမှာ အစုအဖွဲ့တချို့က ထိုင်းနိုင်ငံအစိုးရကို မြန်မာအရေးနဲ့ ပတ်သက်လို့ စာပို့တာ၊ မြန်မာတွေထွားသွားဖို့ ဆန္ဒပြတာတွေရှိနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေ သိထား ကြားထားလဲရှင့်။
ဖြေ – လိုင်းပေါ်မှာတော့ တွေ့လိုက်တယ်။ ထိုင်းတွေ ဆန္ဒပြတဲ့ post တွေကို။ စာထုတ်ပြီးတောင်းဆိုတာတွေတော့ မသိလိုက်ဘူး။

မေး – ဒါနဲ့ပတ်သက်လို့‌ ထိုင်းကို ရောက်နေတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုစိုးရိမ်ချက်‌တွေ ရှိနေလဲ ပြောပြပေးပါရှင့်။
ဖြေ – အဖမ်းခံရမှာစိုးရိမ်တယ်။ အခုဆို လေဆိပ်တွေ၊ ရထားဂိတ်တွေမှာရော ရဲတွေ လာလာစစ်နေကြတာရှိတယ်။ အဲခါကြရင်ကျမကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ခပ်တည်တည်ပဲ သွားလိုက်တယ်။ ထိုင်းရဲအတော်များများက မိန်းခလေးတွေထက် ယောင်္ကျားလေးတွေကို ပို့စစ်ကြတယ်။

မေး – တောင်းဆိုထားတဲ့အချက်တွေထဲမှာ ရက် ၉၀ အလုပ်လုပ်ခွင့်ပြည့်သွားရင် မြန်မာနိုင်ငံထဲပြန်ဝင်ပြီး ရက် ၃၀ ထပ်စောင့်ပြီးမှသာ ထိုင်းမှာ အလုပ်လုပ်ခွင့်ရက် ၉၀ ထပ်လျှောက်ဖို့ဆိုတဲ့ အချက်လည်းပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။
ဖြေ – ဒါကြီးကတော့ ဘယ်လိုမှအဆင်မပြေဘူးလေ။ သုံးလဆိုရင် တော်တော်လေးအလုပ်ရှုပ်မှာ။ တစ်နှစ်တောင် မနည်းရုန်းကန်နေရတာ။ အောက်ခြေအလုပ်သမားတွေမှာက ပိတ်ရက်ဆိုလည်း သိပ်ရှိတာမဟုတ်ဘူး။ ပြန်နေရရင် လစာဖြတ်တာ၊ အလုပ်ဖြုတ်တာတွေကလည်း ရှိလာဦးမှာ။

မေး – ထိုင်းအစိုးရအပေါ်တောင်းဆိုချက်တွေထဲမှာ ရွှေ့ပြောင်းလုပ်သမားတွေရဲ့ ကလေးငယ်တွေကို ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေမှာ ကူညီပေးဖို့ အစီအစဥ်ကို ပြန်လည်သုံးသပ်ဖို့ဆိုတဲ့ အချက်ပါဝင်တယ်။ အဲဒီအပေါ်မှာရော ဘယ်လို မြင်လဲ။
ဖြေ – ဒီတောင်းဆိုချက်ကြီးကတော့ အရမ်းကို တကိုယ်ကောင်းဆန်လွန်းတယ်။

မေး – ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က ၊ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသားအချို့စုစည်းပြီး ဆန္ဒပြခဲ့ကြတယ်။ အခုလိုမျိုး ထိုင်းလူမျိုးတွေက မြန်မာလူမျိုး‌တွေကို မောင်းထုတ်နေတာ/မလိုလားတော့တာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ – အဓိကကတော့ မလိုလားလို့ကို လုပ်နေတာဖြစ်သွားပြီ။ မြန်မာတွေကလည်း တော်တော်များများ ထိုင်းဘက်ကို ရောက်လာကြတယ်ဆိုတော့ သူတို့ မကြိုက်ကြဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော မြန်မာတွေရဲ့ လစာက ထိုင်းတွေထက် သိသိသာသာပိုနည်းကြတာပဲလေ။ လုပ်အားကလည်း မြန်မာကပဲ ပိုထုတ်ရတာ။ မြန်မာတွေကလည်း လစာရနည်းကြတော့ပိုကြိုးစားလာကြတယ်။ ရရာအလုပ်တွေလုပ်ကြတယ်။ ထိုင်းတွေကြတော့ သူတို့ အဲ့လို ရရာအလုပ်မလုပ်ချင်တော့ အလုပ်လက်မဲ့များလာတာမျိုးဖြစ်မယ်ထင်တယ်။ အဲ့ဒါကို သူတို့မကျေနပ်ကြဘူးထင်တယ်။ ထိုင်းမှာက ထိုင်းလူမျိုးတွေရောက ရုန်းကန်နေရတုန်းအခြေအနေဆိုတော့ ဒီလိုဖြစ်လာတာထင်တယ်။

မေး – အခုလိုအခြေအနေတွေဖြစ်လာပြီးနောက်မှာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နဲ့အလုပ်မှာ ဘာတွေ ပြောင်းလဲသွားတာရှိလဲ။
ဖြေ – တချို့ ကျမအသိတွေ အလုပ်တွေထဲမှာ ပိုပြီး ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာတွေ များလာတယ်။ သူတို့လုပ်ရမဲ့ အလုပ်တွေပါ မြန်မာတွေကိုပဲ ပိုပြီးလုပ်ခိုင်းလာတာမျိုးတွေပေါ့။

မေး – လတ်တလောမှာ ကိုယ့်လုံခြုံရေးနဲ့ပတ်သက်လို့‌ရော ဘယ်လိုတွေ သတိထားနေထိုင်ဖြစ်‌နေလဲ။
ဖြေ – လုံခြုံရေးနဲ့ပတ်သက်လို့ကတော့ အခုဆို အမြဲ စိုးရိမ်နေရပြီ။ အခန်းငှားဖို့အတွက်ကိုလည်း စိတ်ပူနေရတယ်။ ထိုင်းတွေဘက်ကလည်း ကိုယ့်မှာ အထောက်အထားပြည့်စုံနေရင်တောင် တစ်နည်းမဟုတ် တစ်နည်းက ရစ်နေကြတယ်။ ပိုက်ဆံပိုတောင်းတာတွေလည်းရှိတယ်။

မေး – ကိုယ့်လိုပဲ ဘဝတူ ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုရော ဘာပြောချင်တာရှိလဲ။
ဖြေ – လတ်တလောမှာတော့ ကိုယ်တွေမြန်မာတွေအနေနဲ့ နေတတ်အောင် သတိထားနေကြဖို့လိုပါတယ်။ ကိုယ်တွေက သူတို့နိုင်ငံမှာ လာခိုလှုံနေရတာကိုး။ သူတို့နိုင်ငံသားတွေလည်း သူတို့နိုင်ငံအုပ်ချုပ်မှုကို မကြိုက်ကြပေမဲ့ ကျမတို့ကတော့ ပိုသတိထားရမှာပါပဲ။

The Tanintharyi Times