ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး မျှခြေ

ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး မျှခြေ

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ကိုးကန့်တပ်လို့ အသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army_ MNDAA ) က သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့တာသိကြပြီးဖြစ်မယ် ထင်ပါတယ်။

အဲဒီ သဘောထားထုတ်ပြန်ချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ စစ်ရေး၊ နိုင်ငံရေးအရ မပူးပေါင်းပါလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တရုတ်အစိုးရက ကြားဝင်ဖြေရှင်းပေးဖို့ အတိအလင်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

MNDAA ရဲ့ အဲဒီသဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ အပါအဝင် စစ်ကောင်စီကို ထောက်ခံတဲ့ သူတွေထဲမှာပါ ထင်မြင်ယူဆချက်အမျိုးမျိုး ၊ သုံးသပ်စေ့ငုချက်အဖုံဖုံ၊ သဘောထားအမြင် အသွယ် သွယ် ရှိခဲ့တာတာလည်းဖြစ်ပါတယ်။

ဘယ်လိုအခြေအနေ အကြောင်းကြောင်းပဲဖြစ်ဖြစ် အဲဒီထွက်ပေါ်လာတဲ့ ထင်မြင်ယူဆသုံးသပ်ချက် သဘောထားတွေကို လက်တဆုံးနှိုက်ကြည့်မယ်ဆိုရင် အုပ်စုတူ နိုင်ငံရေးအင်အားစုတွေကြားမှာ အချင်းချင်း ယုံကြည်မှုမတည်ဆောက်နိုင်သေးတဲ့ အားနည်းချက်ကို မြင်တွေ့ရမှာဖြစ်သလို တရုတ်အစိုးရဟာ သူ့ဩဇာအရှိန်အဝါကို အသုံးပြုရင်း သူ့အကျိုးစီးပွား မထိခိုက်စေရေးအတွက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအပေါ်စွက်ဖက်ထိန်းကြောင်းဖို့ကြိုး စားနေတယ်ဆိုတာကို သိသိသာသာ မြင်ရမှာဖြစ်ပါတယ်။

တကယ့်တကယ်တမ်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဦးဆောင်ပြီး ရှမ်းမြောက်၊ မန်းမြောက် ဧရိယာနယ်မြေ တွေကို သိမ်းယူနိုင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရလဒ်တချို့ကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ဖွဲ့တစ်ယောက်တည်းရဲ့ အားထုတ်ကြိုးပမ်းမှုထက် အစုအဖွဲ့ပြု အားထုတ်ကြိုးပမ်းခဲ့ရမှု ၊ ပေးဆပ်ခဲ့ရမှုတွေက ထင်သာမြင်သာရှိနေခဲ့တာ ဖြစ်ပါတယ်။

ခွဲခြားပြောဆိုလိုမှု မဟုတ်ဘဲ အကျိုးအကြောင်းအရ စိတ်ဖြာပြရရင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်း-မန်းစစ်ဆင်ရေးဆိုတဲ့ စစ်ရေးပဋိပက္ခတွေမှာ အညာသားဗမာတော်လှန်ရေးရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ရင်း အသက်စွန့်ပေးဆပ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

ခြုံငုံပြောဆိုတာမျိုးမဟုတ်ဘဲ သီးခြားသဘောခွဲထုတ်ပြောဆိုရရင် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA ရဲ့ လားရှိုးမြို့ထိ ပြန်လည်သိမ်းပိုင်နိုင်ခဲ့မှု တိုက်ပွဲတွေကို ရက်စဉ်မှတ်တမ်းဖွဲ့ကြည့်တဲ့အခါ အညာသားဗမာတော်လှန်ရေး ရဲဘော်တွေရဲ့ ပူးပေါင်းပါဝင်ပေးဆပ်ရင်းနှီးမှုက ‌ရေပေါ် အရုပ်ရေးသလို ကိစ္စမဟုတ်တာ အထင်အရှားပါပဲ။

အဲဒီလို အခြေအနေ၊ အခင်းအကျင်း၊ ရှိတည်နေမှု ပစ္စခက် အကြောင်းတရားမှာ MNDAA က သူ့တစ်ဖွဲ့တည်းရဲ့ သဘောထားအမြင်ကို ထုတ်ပြန်ခဲ့တာက အသေအချာကြီးကို မေးခွန်းထုတ်ဖို့ လိုအပ်တဲ့ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီ မေးခွန်းက လက်နက်ကိုင်အချင်းချင်းကြားက ယုံကြည်မှုနဲ့ ဘုံသဘောတူညီမှုက ဘာလဲဆိုတဲ့ဟာပဲဖြစ်ပါတယ်။

အခြားသော တစ်ဖက်ဖြစ်တဲ့ တရုတ်အစိုးရရဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်မှုကို လေ့လာကြည့်မယ်ဆိုရင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက တရုတ်အစိုးရဟာ ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာတဲ့အထိ ပါဝင်ပတ်သက်ခဲ့သလို ဟိုင်ဂင်သဘောတူညီချက် ပျက်ပြားပြီးနောက်ပိုင်း တရုတ်အစိုးရဟာ ရှမ်းမြောက် ဧရိယာအတွင်းက တိုက်ပွဲတွေ အဆုံးသတ်ရေး မျိုးစုံသောနည်းလမ်းနဲ့ ဖိအားပေးနေခဲ့တာပဲဖြစ်ပါတယ်။

ဩဂုတ်လ ၃၀ ရက်က ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေနဲ့ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေချက်ချင်းရပ်တန့်ဖို့နဲ့ ရပ်တန့်ဖို့ မလိုက်နာဘူး ဆိုရင် ကြောက်ရွံ့ကျိုးနွံအောင် ဆုံးမသွန်သင်မှုတွေကို ပိုမိုရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ခြိမ်းခြောက်ခဲ့တာကို မှတ်မိ ကြမယ်ထင်ပါတယ်။

အဲဒီထုတ်ပြန်ခြိမ်းခြောက်ချက်ကို ကြည့်ရင် တရုတ်ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ သူ့ဩဇာကို အလွန်အကျူး အသုံးပြုပြီး စွက်ဖက်ပါဝင်နေတာကို ပိုမိုမြင်တွေ့ရမှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ အဲဒီထုတ်ပြန်ချက်မှာ တရုတ်အစိုးရအနေနဲ့ ရှမ်းမြောက်တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကြိုးစားနေတယ်လို့ဆိုထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အခြေအနေကြားထဲမှာပဲ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ MNDAA ရဲ့ မြန်မာ့အကျပ်အတည်းကို တရုတ်က ကြားဝင်ဖြေရှင်းပေးရေး ဆိုတဲ့ လူသိရှင်ကြား တောင်းဆိုချက်သဘောထား ထွက်ပေါ် လာတာပါပဲ။

ဒီနေရာမှာ အနှေးပြကွက်တစ်ခုလို စစ်ရေးအကျိုးအကြောင်း ဖြစ်ရပ်တွေကို ပြန်ရစ်ကြည့်မယ်ဆိုရင် ဟိုင်ဂင်သဘောတူညီချက်ကာလမတိုင်မီ၊ ဟိုင်ဂင်သဘောတူညီချက်ကာလ၊ သဘောတူညီချက်ပျက်ပြားပြီးနောက်ပိုင်းကာလတွေမှာ တရုတ်ရဲ့ ပါဝင်စွက်ဖက်ညှိနှိုင်းမှုနဲ့ ဖိအားပေး လွှမ်းမိုးမှုအတိုင်း တိုက်ပွဲတွေ ရပ်တန်သွားတာလည်းရှိသလို မရပ်တန့်ဘဲ ဆက်လက်ဖြစ်ပွားတာလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

စစ်ရေးမဟုတ်တဲ့ အခြားတစ်ဖက်က နိုင်ငံရေး အခြေအနေကို အထင်အရှား မြင်သာအောင် ချဲ့ကားဆွဲယူကြည့်မယ်ဆိုရင်လည်း တရုတ်အစိုးရဟာ ညီနောင်မဟာမိတ်သုံးဖွဲ့၊ စစ်ကောင်စီအဖွဲ့တွေကိုသာ ထိတွေ့ဆက်ဆံပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို လိုရာကြိုးဆွဲဖြေရှင်းဖို့ လုပ်ဆောင်နေတာက မြင်သာတဲ့ အချက်ပါပဲ။

ဒါက ဘာကိုညွှန်းဆိုတဲ့အချက်လဲလို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုအချို့ဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံအုပ်စုဘက်ကို ပိုယိမ်းကြတဲ့ အစုအဖွဲ့တွေအဖြစ် တရုတ်ရဲ့ ရှုမြင်ထားချက်ကို ညွှန်းဆိုပြတာပါပဲ။ အဲဒီလို ယိမ်းညွှတ်မှုက အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတ ချို့အပေါ် သူ့ရဲ့ဩဇာအပြည့်အဝ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူးလို့လည်း တရုတ်အစိုးရက တွက်ဆထားပုံပါပဲ။

အဲဒီအတွက် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားတဲ့အခါ အနောက်ဘက်ယိမ်းတဲ့ အင်အားစုတွေကို ဘေးဖယ်ထားလိုပုံရှိပြီး မဖြစ်မနေ ထိတွေ့ဆက်ဆံရမယ်ဆိုရင်လည်း ပြည်သူလူထုနဲ့ အင်အားစုအားလုံးနီးပါး အပေါ် မှာ ဩဇာလွှမ်းမိုးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုသာ ထိတွေ့ဆက်ဆံလိုပုံလည်း ရပါတယ်။

ဒါ့အပြင် အဲဒီအရာတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်ကောင်စီနဲ့ နီးစပ်ပြီး သဘောထားပျော့ပြောင်းတယ်လို့ ယူဆတဲ့ နိုင်ငံရေးပါတီတွေနဲ့ အထူးပြု ထိတွေ့ဆက်ဆံတာ၊ တရုတ်နိုင်ငံထိ ဖိတ်ခေါ်ဆွေးနွေးတာ၊ စစ်ကောင်စီဩဇာကို မလွန်ဆန်နိုင်တဲ့ စာနယ်ဇင်းမီဒီယာသမားတွေ၊ ဂီတ၊ အနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေပါဝင်တဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်တွေ ဖော်ဆောင်တာ ၊ တရုတ်အစိုးရအပေါ် ဝေဖန်ပြောဆိုမှုကို မနှစ်သက်ဘူးလို့ စာတစ်စောင်ပေတစ်ဖွဲ့ထုတ်ပြန်ပြီး တုံ့ပြန်နေတာတွေကို ကြည့်ရင် မြန်မာ့နိုင်ငံရေးအပေါ် တရုတ်ရဲ့ ကကွက်၊ ကလက်ကို ခန့်မှန်းလို့ ရနိုင်တာပဲဖြစ်ပါတယ်။ ဒီအခြေအနေတွေအားလုံးက မြင်သာထင်သာရှိနေတဲ့ အခြေအနေတွေနဲ့ အများသိထားပြီးဖြစ်တဲ့ အကြောင်းတွေပါပဲ။

အဲဒီအရာတွေရဲ့ နောက်ကွယ်နဲ့ ဒီအကျိုးအကြောင်းတွေရဲ့ လားရာနဲ့ သွားလိုရာကို စိတ်ဖြာကြည့်မယ်ဆိုရင် တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားဟာ သူ့အကျိုးစီးပွားမထိခိုက်မနစ်နာစေဖို့ပဲ ဖြစ်ပါတယ်။ ဒေသတွင်းအပါအဝင် နိုင်ငံတကာစာမျက်နှာမှာပါ မြန်မာနိုင်ငံကို နယ်ရုပ်တစ်ခုပမာ သဘောထားပြီး သူ့အကျိုးစီးပွားအတွက် ချိန်ခွင်လျှာညှိဖို့ပဲဖြစ်ပါတယ်။ သစ်၊ တွင်းထွက်ကျောက်၊ သဘာဝသယံဇာတ၊ လူအရင်းအမြစ်၊ ကုန်စည်ဈေးကွက် ဖော်ဆောင်ရေး စသဖြင့် မြန်မာနိုင်ငံက ရနိုင်သမျှသော အရာအားလုံးကို ဝါးမြိုစားသောက်ဖို့ပဲ ဖြစ်ပါတယ်။

တစ်ပါတီစနစ် ကျင့်သုံးတာ၊ လူ့အခွင့်အရေးကို လျစ်လျူရှုတာနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အလှမ်းကွာဝေးတာတွေကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး တိုင်းပြည်နဲ့မျိုးဆက်သစ်တွေ အနာဂတ်အတွက် စနစ်ကောင်းတစ်ခုပေါ်ထွက်လာဖို့ဆိုတဲ့အကြောင်းကို တရုတ်အစိုးရကစိတ်ဝင်စားမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်း စနစ်ကောင်းတစ်ခု တည်ဆောက်နိုင်ရေးမျှော်လင့်လိုလားချက်ထက် အာဏာလက်ကိုင်ရှိသူ အချင်းချင်းကြားက ဆက်ဆံရေးနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကြားက လက်ဝါးရိုက် ဆွေမျိုး‌ပေါက်ဖော်ဆက်ဆံရေးကို သာ တရုတ်အစိုးရက စိတ်ဝင်စားမှာသာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့အရေးအတွက် တရုတ်အစိုးရအပေါ်နားလည်နိုင်ရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအကြား မျှခြေညှိဆောင်ရွက်နိုင်ဖို့က အခရာကျမှာဖြစ်ပြီး နိုင်ငံရေးကိုလူမျိုးရေးအရ မချဉ်းကပ်မိစေဖို့နဲ့ ကိုယ့်

အချင်းချင်းကြား ယုံကြည်ချက်တည်ဆောက်နိုင်ဖို့က ပိုမိုအရေးကြီးတဲ့အချက် ဆိုတာကို သတိမလွှတ်ဘဲ အမြဲရှုမှတ်နေဖို့ပါပဲ။ ဒါက တနည်းအားဖြင့် ပေးဆပ်ထားခဲ့ခြင်းတွေအတွက် ရင်းစားပြန်လည်ရရှိမယ့် မျှော်လင့်ချက်နိုင်ငံအိပ်မက် အကောင်အထည်ပေါ်ဖို့ အကောင်းဆုံးသော ရွေးချယ်လမ်းစလည်း ဖြစ်တယ်ဆိုတာပါပဲ။

မာအောင်

The Tanintharyi Times