သိန္ဓောစခန်းကိုစွန့်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ စစ်ကူစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်
သိန္ဓောစခန်းကိုစွန့်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ စစ်ကူစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်
သိန္ဓောစစ်ကောင်စီတပ်စခန်းကနေ စွန့်ခွာလာတဲ့စစ်ကြောင်းနဲ့ သူတို့ကို လုံခြုံရေးယူပေးတဲ့ စစ်ကူစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေဘက်က တောက်လျှောက်တိုက်ခိုက်နေတယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်က လချီကြာ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က တနင်္သာရီမြို့နယ်၊ သိန္ဓောစစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခဲ့တာပါ။
စခန်းကနေ စွန့်ခွာလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေက သိန္ဓောနဲ့ တကူကျေးရွာအုပ်စုကြားမှာ ၃ ကြိမ်နဲ့ ဘန်လောရွာ အနီးမှာ ၃ ကြိမ် ထက်မနည်း တော်လှန်ရေးတပ်တွေဘက်က ဒရုန်းဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောပါတယ်။
“ တပ်မိသားစုတွေပါ ပါလာတော့ လမ်းတောက်လျှောက် သူတို့ဘက်က အရမ်းပြန်မပစ်ဘူး။ ကာပစ်ရုံပဲပစ်တယ်လို့သိရတယ်” လို့ ရဲဘော်မျိုးကြီးက ဆိုပါတယ်။
အဲ့ဒီနောက် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းမှာ ဘန်ကျုပ်ရွာအနီး ထပ်မံတိုက်ခိုက်ခံရပြီး ကျွဲထိန်းကုန်းရွာအနီးမှာလည်း နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာပဲ သိန္ဓောစခန်းကထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းအတွက် ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းက စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်က တကူဘက်ဦးတည် စစ်ကြောင်းထိုးပြီး လမ်းကြောင်းရှင်းကာ လုံခြုံရေးယူပေးခဲ့တယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေက ဆိုပါတယ်။
အဆိုပါ စစ်ကူစစ်ကြောင်းကိုလည်း စက်တင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်က ရေခမ်းချောင်းရွာအနီး အရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်၊ ည ၇ နာရီဝန်းကျင်မှာလည်း လယ်တောင်ယာရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က ထပ်မံ မိုင်းဆွဲခဲ့တယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
အဲ့ဒီနောက်စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ သိန္ဓောစခန်းကိုစွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေ အောက်ကင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၅၇) တပ်ကို ရောက်ရှိခဲ့တယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီက သိရပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ လမ်းတလျှောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူများခဲ့ပေမဲ့ အရေအတွက်အတိအကျကိုတော့ အတည်မပြုနိုင်ဘူးလို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ ၅၅၇ ကို ရောက်တဲ့ညမှာပဲ ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို သူတို့တပ်ထဲက စစ်ကားအကြီးနဲ့ တင်သွားတယ်ဗျ။ အသေတွေကိုတော့ လမ်းမှာ ဒီတိုင်းထားခဲ့လို့ ကျနော်တို့တွေ လိုက်ကောက်မြုပ်ပေးရတာလည်း ရှိတယ်” လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
မနေ့က အောက်တိုဘာ ၁ ရက်နေ့မှာလည်း တမုတ်ချုံရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လယ်တောင်ယာရွာနဲ့ တမုတ်ချုံရွာကြားမှာ တော်လှန်ရေးတပ်တွေဘက်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
“ ကြည့်ရတာ သိန္ဓောက စစ်ကောင်စီတပ်သားတွေက အောက်ကင်းကနေ တနင်္သာရီဘက်ဆက်သွားဖို့ကို လမ်းကြောင်းရှင်းပေးနေတဲ့ ပုံပဲဗျ” လို့ တနင်္သာရီဒေသအခြေစိုက် မြေပြင်တော်လှန်ရေးရဲဘော် နောက်တစ်ဦးက ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း အရှေ့မော်တုန်းရွာအခြေစိုက် အမြောက်တပ်ရင်း အမတ (၃၀၆) က စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါး ဘန်းလမွတ်ရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကနေ ဘန်းလမွတ်ရွာအနီးမှာ တစ်ကြိမ်၊ ညောင်ပင်ကုန်းရွာအနီးမှာ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာလတစ်လလုံးနီးပါး စစ်ကောင်စီစစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ မြေပြင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။
The Tanintharyi Times
