လွမ်းငွေ့စီးကြောင်းများ

လွမ်းငွေ့စီးကြောင်းများ

လွမ်းငွေ့စီးကြောင်းများသည် နေရာအနှံ့ လျှံကျလျက် ရှိသည်။ ထို့နောက် မျက်ရည်များနှင့် ရောထွေးသွားပြန်သည်။ အသက်ဒြပ်များသည် စာရွက်တစ်ရွက်လိုပင် မမြဲခဲ့သော ဆိုးဝါးလွန်းလှသည့် နေ့စွဲများသာ ဖြစ်သည်။ မိုး​တွေသည်းနေဆဲမှာပင် ရုတ်ချည်း ချစ်ချစ်တောက်ပူပြင်းလာပြန်သည်။

တချို့သည် မိုးစိုအအေးမိရင်းပင် ထွက်ခွာသွားကြသည်။ တချို့ကျတော့ ခြောက်သွေ့ နွမ်းကြေလျက်ဖြစ်သည်။ တချို့သည် တရွေ့ရွေ့နှင့်။ တချို့သည် တစ်ဟုန်ထိုး ပြေးလွှားပြိုလဲလျက်။ ထိုသူတို့မှာ မည်သည့်အခါမျှ မညှိုးမမှိန်နိုင်သည့် သူရဲကောင်းကြယ်တာရာတွေဖြစ်သည်။ သွေးမျက်ရည်ကြားမှ ဦးညွှတ်ရပါသည်။

လှပအောင် ရေး၍မရသော ကံကြမ္မာ၏ သတ်ပုံသတ်ညွှန်းအတိုင်း ကျွန်တော်တို့ အသီးသီး လွင့်စဥ်ခဲ့၊ ပြိုလဲခဲ့ကြသည်။

စနေမိုးသည် စွေတုန်း​၊ သည်းတုန်း၊ လေကြမ်းတွေလည်း ထန်တုန်းပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့၏ မျှော်လင့်ခြင်းသည် ပပ်ကြားအက်ခဲ့ရသည်။ အသက်ရှူရခြင်းသည် ဗလာဖြစ်ခဲ့ရသည်။ အိပ်မက်သည် ပြာပူထဲတွင် လူးလိမ့်နေခဲ့ရသည်။ ဟုတ်ကဲ့ ကျွန်တော်တို့အားလုံးသည် မည်သည့်အပြစ်မှ မလုပ်ရဘဲနှင့် အရှင်လတ်လတ် ငရဲကျနေသူများ ဖြစ်ကြပါသည်။

အမှောင်ထုထဲတွင် ကိုယ့်အရိပ်ကိုယ် ပြန်စမ်းနေကြသည့် မျက်ကန်းတွေလို၊ သွေးဘီလူးစီးခံထားရသည့် ခြောက်အိပ်မက်ထဲက ထွက်ကျမလာနိုင်သည့် အော်သံတွေလို၊ အရေးပေါ်အခန်းထဲက ကူကယ်ရာမဲ့နေသည့် ခန်းတော့မည့် အောက်ဆီဂျင်ဘူးတစ်လုံးလို။ သို့သော် မည်သူတစ်ဦးတစ်ယောက်မှ အလံမလဲ၊ အရှုံးမပေးသေးပေ။ သွေးတစ်စက်တည်းကျန်လျှင်တောင်မှ ဆက်၍တိုက်ပွဲဝင်မည်ဟု အာဇာနည်ဝိညာဥ်များကို သစ္စာပြုနေကြသည်။

ညှီစို့စို့ရနံ့တွေ သင်္ချိုင်းဆီက လှိုက်တက်လာပြန်တော့ ကျွန်တော်တို့ ဝမ်းနည်းရင်း နှာခေါင်းရှုံ့ကြရသည်။ ခံပြင်းဒေါသဖြစ်ကြရသည်။

ယခုဆိုလျှင် မမြင်နိုင်သည့် ပိုးမွှားများကလည်း ကမ္ဘာဖျက်ပိုးတွေလို ဖျက်ဆီးနေကြပြန်သည်။ ဆိုးဝါးလာ​​ပြန်သည့် တတိယလှိုင်း​ဖြစ်သည်။ ကိုယ့်အသက်ကိုယ် ထွက်ကျမသွားအောင် ကျကျန်မနေရစ်အောင် အိတ်ကပ်လေးတွေ ကိုယ်စီဖိကာ သွားနေရသည်။ တစ်ပြားမှလည်း မရှိကြချေ။ မောလှပါပြီ။ တစ်ယောက်ကိုတစ်ယောက် မကူနိုင်မကယ်နိုင်နေ့ရက်များသည် ဝမ်းနည်းစရာအလွန်ကောင်းပါသည်။

ငယ်ဘဝတုန်းက ပေတေလေလွင့်ပြီး အိမ်ကို ပြန်ချင်စိတ်မရှိသည့်သူတွေသည် ယခုတော့ စိတ်နှင့်သာ ပြန်နိုင်ကြတော့သည်။ စိတ်နှင့်သာ လပြည့်လိုက် စိတ်နှင့်သာ လကွယ်လိုက်နှင့် ချောင်းကြည့်ပေါက်ကိုယ်စီဖြင့် စိတ်ကူးယဥ်နေရတော့သည်။

လက်ဖက်ရည်ဆိုင်က စီးကရက်မီးခိုးများကို လွမ်းသည်။ ရယ်မောပျော်ရွှင်ခဲ့ရသည့် ပျော်ရွှင်စရာခေတ်ကြီးကို လွမ်းသည်။ ချစ်သူနှင့်အတူ ပျံသန်းခဲ့ရသည့် ဆည်းဆာရီများကို လွမ်းသည်။ သူငယ်ချင်း​တွေနှင့် ရီဝေမျောလွင့်ခဲ့ရသည့် ညချမ်းများကို လွမ်းသည်။ ချစ်ခြင်းမေတ္တာဆန်သည့်ကဗျာတွေ ရေးနေရသည့်အချိန်များကို လွမ်းသည်။ ပန်းဝါဝါများနှင့် ကျေးငှက်များ၊ မျက်စိတစ်ဆုံး လွတ်လပ်မိုးသားများ၊ စမ်းရေစီးသံများ စသည်ဖြင့် အားလုံးကို ရင်နှင့်မဆံ့အောင် လွမ်းရပါသည်။

တိရစ္ဆာန်ဆိုး၊ စုန်းမိစ္ဆာတွေထက် အဆပေါင်းများစွာ သာလွန်သော ရန်စွယ်အပေါင်းတို့၏အောက်တွင် ကျွန်တော်တို့သည် အသိုက်ကို ပြန်မရောက်နိုင်သေးသော ငှက်​တေလေများသာ ဖြစ်ကြပါသည်။ မကြာမီတွင်တော့ မိသားစုမစုံလင်တော့သော ထမင်းဝိုင်းတွေကို ဝမ်းနည်းစာနာဖို့၊ သူရဲကောင်းကြယ်တာရာများကို ဦးညွှတ်ဖို့၊ ကိုယ့်အသိုက်ကိုယ် ရဲဝံ့ရင်ဖွင့်ပျံရတော့မည်ဟု ယုံကြည်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဓမ္မနှင့် အဓမ္မတိုက်ပွဲတွင် ကျဆုံးသွားသည့်အာဇာနည်ကြယ်များသည် ကျွန်တော်တို့၏ ကောင်းကင်မှာ လင်းသည်ထက်လင်းလက်ကာ အားကောင်းနေပြီး မိစ္ဆာဆိုးတွေ၏ စိတ်ရိုင်းများမှာ အဆုံးစွန်ဆုံး မှောင်မိုက်ကာ သွေးပျက်နေပြီဖြစ်သည်။ အရေးတော်ပုံ အောင်တော့မည်။

မိုဃ်းဇက်သော်

The Tanintharyi Times