သဲဝဲစားခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

သဲဝဲစားခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

သဲဝဲစားခြင်းဆိုတာက ခြေထောက်နဲ့ ခြေဖဝါးတွေမှာ ဖြစ်ပေါ်တတ်တဲ့ မှိုစွဲရောဂါတစ်မျိုးသာဖြစ်ပါတယ်။ သဲဝဲစားခြင်းက တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

အခုလို ရေကြီး၊ ရေလျှံကာလတွေမှာ သဲဝဲကြောင့် ခြေဖဝါးနာတွေ အပြင်းအထန်ဖြစ်နေပြီး ကုသမှု ခံယူနေရသူတွေ အတော်များများရှိနေတာကိုလည်း တွေ့နေရပါတယ်။

  • သဲဝဲစားခြင်း အဖြစ်များသူတွေက ဘယ်လိုလူတွေလဲ

- ခြေထောက်မှာ ချွေးထွက်များတဲ့သူ

- ရေထဲမှာ အချိန်ကြာကြာအလုပ်လုပ်ရတဲ့ ရေကူးသမား၊ ငါးဖမ်းသမား၊ လယ်သမားတွေ

- ရှုးဖိနပ်နဲ့ ခြေအိတ်တွေကို အချိန်ပြည့်ဝတ်ဆင်ထားရသူ

- အများသုံးရေကူးကန်တွေမှာ အမြဲကူးသူ

- ခြေဆီအထွက်များပြီး လေဝင်လေထွက်မကောင်းတဲ့ ဖိနပ်တွေစီးလေ့ရှိသူ

- ခြေထောက်သန့်ရှင်းမှု အားနည်းသူ

- ရေစိုနေတဲ့ဖိနပ်ကို အချိန်ကြာကြာစီးထားသူ

- မိုးရေထဲမှပြန်လာပြီး ခြေထောက်ကိုရေစင်အောင်မဆေးဘဲ နေတဲ့သူတွေ ဖြစ်ပါတယ်။

  • သဲဝဲစားခြင်းရဲ့ လက္ခဏာတွေကတော့

- ခြေချောင်းတွေကြားမှာ ပူပြီး မခံမရပ်နိုင် ယားယံနေခြင်း၊ နီရဲနေခြင်း

- ခြေဖဝါးမှာ ယားပြီး အရေကြည်အိတ်ထခြင်း

- ခြေသည်းတွေ အရောင်ပြောင်းခြင်း

- ဝတ်ထားတဲ့ ခြေအိတ်၊ စီးထားတဲ့ ဖိနပ်တွေ ချွတ်လိုက်တဲ့အခါ ပိုပြီးယားယံလာသလို ခံစားရခြင်း

- ခြေထောက်အရေပြားတွေမှာ အကြေးခွံထပြီး အဖတ်ကွာကျခြင်း

- ယားယံတဲ့နေရာကို ပွတ်ကြည့်ရင် ကြမ်းနေတဲ့ ခံစားမှုမျိုးရှိခြင်းတို့ ဖြစ်ပါတယ်။

  • သဲဝဲစားခြင်းကို အိမ်တွင်းကုထုံးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲ

- သဲဝဲစားတာဖြစ်လာရင် ထန်းပင်က ထန်းနို့ကို ပြာချပြီး အုန်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်။ ထန်းနို့ရှာလို့ မလွယ်တဲ့ နေရာတွေမှာ အုန်းဆီချည်း သီးသန့်လိမ်းပေးနိုင်ပါတယ်။

- ခရုခွံ့တစ်မျိုးမျိုးကို ပြောင်စင်အောင်ဆေးကြောပြီး မီးဖုတ်ပါ။ ရလာတဲ့ပြာကို အုန်းဆီနဲ့ လိမ်းပေးခြင်းကလည်း သဲဝဲစားခြင်းကို သက်သာစေနိုင်ပါတယ်။

- မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ကြက်သွန်ဖြူ(၅)မွှာကို ထောင်းပြီး သဲဝဲစားတဲ့ နေရာမှာ အုံပေးရင်လည်း သက်သာစေပါတယ်။ ကြက်သွန်ဖြူမှာ ပိုးသတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

- သဲဝဲစားတဲ့ လူနာတွေအနေနဲ့ မိမိတို့လက်တစ်ကမ်းမှာရှိတဲ့ အိမ်သုံးဆားကို ရေနွေးကြက်သေးနွေးလေးမှာ ထည့်ကာ ခြေထောက်ကို စိမ်ပေးခြင်း (၁၅မိနစ်ခန့်)ကလည်း သက်သာစေမှာ ဖြစ်ပါတယ်။

- သဲဝဲစားတဲ့ လူနာတွေအနေနဲ့ အကောင်းဆုံးကတော့ မိမိတို့ခြေထောက်တွေ စိုစွတ်နေရင် ရေသန့်သန့် နဲ့ ပြောင်အောင်ဆေးပြီး ခြောက်သွေ့အောင်သုတ်ထားဖို့ လိုပါတယ်။

- အနီးအနားမှာ အရက်ပြန်ရှိတယ်ဆိုလည်း သဲဝဲစားတဲ့နေရာကို အရက်ပြန်နဲ့ သုတ်ပေးနိုင်ပါတယ်။

- ငှက်ပျောဖူးမှာကပ်နေတဲ့ အဖက်တွေကိုသုံးပြီးလည်း သဲဝဲစားခြင်းကို သက်သာအောင်လုပ်လို့ရပါတယ်။ ငှက်ပျောဖူးဖက်တွေကိုယူပြီး ပြာချလိုက်ပါ။ရလာတဲ့ပြာကို အုန်းဆီးနဲ့ လိမ်းပေးခြင်းက သဲဝဲစားခြင်းကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ အုန်းဆီမရှိဘူးဆိုရင်လည်း ပြာချည်းသပ်သပ် လိမ်းပေးလို့ရပါတယ်။

- အာလူးရှိတဲ့နေရာတွေမှာ အာလူးကိုအသုံးပြုပြီး သဲဝဲစားခြင်းကိုသက်သာအောင် ပြုလုပ်ပေးလို့ ရပါတယ်။ အာလူးကိုခြမ်းပြီး သဲဝဲဖြစ်တဲ့နေရာကို ပွတ်ပေး(ဆယ်မိနစ်ခန့်)ပါက သက်သာစေပါတယ်။

- တမာရွက်ရှိတဲ့ နေရာတွေမှာ တမာရွက် ပြုတ်ရည်နဲ့ ခြေထောက်ကို ဆေးကြောပေးနိုင်ပါတယ်။

- ခွေးတောက်ရွက်၊ ကြက်ဟင်းခါးရွက်တို့ကို ထောင်းကာ သဲဝဲစားတဲ့နေရာတွေမှာ အုံပေးခြင်းကလည်း သက်သာစေမှာ ဖြစ်ပါတယ်။

- ညအိပ်ရာဝင်ခါနီးအချိန်မှာ မန်ကျည်းသီးအနှစ်နဲ့ မိမိတို့၏ခြေထောက်ကို ပွတ်ထားလိုက်ပါ။မနက်မိုးလင်းမှ ခြေထောက်ကိုရေနဲ့ ပြောင်စင်အောင်ဆေးပေးခြင်းက ခံစားရတဲ့ ဝေဒနာတွေ သက်သာစေနိုင်ပါတယ်။

- နေပွင့်တဲ့နေ့တွေမှာ ခြေထောက်ကိုနေပြပေးတာကလည်း သဲဝဲစားခြင်းကို သက်သာစေနိုင်ပါတယ်။

  • သဲဝဲစားခြင်းမှ ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကတော့

- မလိုအပ်ဘဲ မိုးရွာနေချိန်မှာ အပြင်မထွက်ပါနဲ့။

- မိုးရွာထဲကပြန်လာပြီးတိုင်း ခြေထောက်ကိုရေသန့်သန့်နဲ့ ပြောင်စင်အောင်ဆေးပြီး ခြောက်သွေ့အောင် လုပ်ပေးသင့်ပါတယ်။

- ခြေအိတ်ဝတ်သူတွေအနေနဲ့ ခြေအိတ်ကိုမကြာမကြာ လဲပေးဖို့လိုအပ်သလို၊ သန့်သန့်ရှင်းရှင်းလျှော်ပေးဖို့လည်း လိုပါတယ်။

- တင်းကြပ်လွန်းတဲ့ ဖိနပ်တွေစီးခြင်း၊ ပိတ်လှောင်နေတဲ့ ဖိနပ်တွေစီးခြင်းကိုရှောင်ကြဉ်ရပါမယ်။

- အများသုံးရေချိုးခန်း၊ အိမ်သာတွေသွားတဲ့အခါ ဖိနပ်မပါဘဲ ခြေဗလာနဲ့ မသွားမိပါစေနဲ့။

- မိမိတို့စီးမယ့် ရှုးဖိနပ်တွေကို ခြောက်သွေ့အောင်ပြုလုပ်ပြီးမှ စီးသင့်ပါတယ်။

- ဖိနပ်တွေ အနံ့ဆိုးထွက်တာ သက်သာစေဖို့ ဖိနပ်ထဲကို ပေါင်ဒါမှုန့်တွေ ဖြူးထားသင့်ပါတယ်။ ပေါင်ဒါမှုန့် မရှိတဲ့အရပ်မှာဆိုရင် ဖိနပ်ကို မကြာမကြာနေပြခြင်း ပြုလုပ်ပေးသင့်ပါတယ်။

- ရေများတဲ့နေရာကို သွားရမယ့်သူတွေကတော့ လည်ရှည်ဖိနပ်ကို စီးထားသင့်ပါတယ်။

- ရေစိုနေတဲ့ခြေအိတ်ကို အချိန်ကြာကြာဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။

- သဲတွေ၊ ရွှံ့တွေထူတဲ့နေရာဆီ သွားပြီးပြန်လာရင် ခြေချောင်းတွေကို အသေအချာဆေးကြောပေးဖို့ လိုပါတယ်။

- သဲဝဲစားခြင်း ခံစားနေရသူတွေအနေနဲ့ ခြေထောက်ကိုကုတ်ထားတဲ့လက်ကိုအသေအချာဆေးကြော ပေးဖို့လိုပါတယ်။

- သဲဝဲစားခြင်းက ကူးစက်နိုင်တာမို့ အခြားသူရဲ့ခြေအိတ်၊ ဖိနပ်တွေကို ငှားစီးခြင်းမျိုးမပြုလုပ်သင့်ပါဘူး။

- အရေကြီးဆုံးကတော့ အမြဲတစေ ခြေထောက်အစိုကြီးနဲ့ မနေမိပါစေဖို့ပါပဲ။

သဲဝဲစားခြင်းဆိုတာ အသေအချာမကုသရင် အရေပြားတွေကွဲအက်ပြီး ပိုးဝင်နိုင်တာမို့ သဲဝဲစားခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက သင့်ခြေထောက်ကျန်းမာရေးကိုစောင့်ရှောက်ပေးရာ ရောက်ပါတယ်။

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times