မိုးရာသီနဲ့ အရေပြားပြဿနာ

မိုးရာသီနဲ့ အရေပြားပြဿနာ

မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးတို့ ဖြစ်တတ်ကြသကဲ့သို့ အရေပြားပြဿနာတွေလည်း ဖြစ်ပေါ်တတ်လေ့ ရှိပါတယ်။

▪️မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ

– ဦးခေါင်းအရေပြား ယားယံခြင်း

– ခြေသည်းလက်သည်းတွေမှာ မှိုစွဲခြင်း

– ဝက်ခြံများထခြင်းတို့ အဖြစ်များပါတယ်။

▪️ဦးခေါင်းအရေပြားယားယံခြင်း

စွတ်စိုတဲ့ ကာလဖြစ်တဲ့ မိုးရာသီမှာ ခါတိုင်းရာသီချိန်တွေထက် မှိုတွေပေါက်ဖွာလေ့ ရှိကြပါတယ်။

မိုးရေစိုထားတဲ့ ခေါင်းကို ပြောင်စင်အောင်မသုတ်ခြင်းကနေ ဦးရေပြားမှာ ယားယံခြင်း၊အနာဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

သတိပြုရမယ့်အချက်ကတော့ ယားယံတဲ့ဦးရေပြားကို ညစ်ပတ်တဲ့ လက်နဲ့ အတင်းကုတ်ခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။

ဦးရေပြားယားယံခြင်းသက်သာစေဖို့ ခေါင်းကိုအုန်းဆီလိမ်းပေးသင့်ပါတယ်။

▪️ခြေသည်းလက်သည်းတွေမှာ မှိုစွဲခြင်း

ခြေသည်းလက်သည်းတွေမှာ မှိုစွဲခြင်းကိုသဲဝဲစားခြင်းလို့ခေါ်ပါတယ်။ သဲဝဲစားခြင်းက မိုးရာသီရဲ့အဖြစ်အများဆုံးသော အရေပြားပြဿနာတစ်ခုဖြစ်ပါတယ်။

သဲဝဲစားခြင်းက တစ်ဦးမှတစ်ဦးသို့ကူးစက် နိုင်ပါတယ်။

▪️သဲဝဲစားခြင်းအဖြစ်များသူတွေ

– ခြေထောက်မှာ ချွေးထွက်များတဲ့သူ

– ရေထဲမှာအချိန်ကြာကြာ အလုပ်လုပ်ရတဲ့ ရေကူးသမား၊ ငါးဖမ်းသမား၊ လယ်သမားတွေ

– ရှုးဖိနပ်နဲ့ ခြေအိတ်တွေကို အချိန်ပြည့်ဝတ်ဆင်ထားရသူ

– အများသုံးရေကူးကန်တွေမှာ ရေအမြဲကူးသူ

– ခြေဆီအထွက်များပြီး လေဝင်လေထွက်မကောင်းတဲ့ ဖိနပ်တွေ စီးလေ့ရှိသူ

– ခြေထောက်သန့်ရှင်းမှု နည်းပါးသူ

– ရေစိုနေတဲ့ ဖိနပ်ကို အချိန်ကြာကြာစီးထားသူ

– မိုးရေထဲမှပြန်လာပြီး ခြေထောက်ကိုရေစင်အောင်မဆေးဘဲ နေသူတွေ ဖြစ်ပါတယ်။

▪️သဲဝဲစားတဲ့ လက္ခဏာတွေကတော့

– ခြေချောင်းတွေကြားမှာ ပူပြီး မခံမရပ်နိုင်ယားယံနေခြင်း၊ နီရဲနေခြင်း

– ခြေဖဝါးမှာ ယားပြီးအရေကြည်အိတ်ထခြင်း

– ခြေသည်းတွေ အရောင်ပြောင်းခြင်း

– ဝတ်ထားတဲ့ ခြေအိတ်၊ စီးထားတဲ့ ဖိနပ်မတွေ ချွတ်လိုက်တဲ့အခါ ပိုပြီးယားယံလာသလို ခံစားရခြင်း

– ခြေထောက်အရေပြားတွေမှာ အကြေးခွံ့ထပြီး အဖတ်ကွာကျခြင်း

– ယားယံတဲ့နေရာကို ပွတ်ကြည့်ရင် ကြမ်းနေတဲ့ ခံစားမှုမျိုးရှိခြင်းတို့ ဖြစ်ပါတယ်။

▪️သဲဝဲစားခြင်းနဲ့ အိမ်တွင်းကုထုံး

မီးဖိုချောင်မှာ သုံးတဲ့ ပစ္စည်းဖြစ်တဲ့ ကြက်သွန်ဖြူ(၅)မွှာကိုထောင်းပြီး သဲဝဲစားတဲ့ နေရာမှာ အုံပေးခြင်းဖြင့် သက်သာစေပါမယ်။ကြက်သွန်ဖြူမှာ ပိုးသတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

သဲဝဲစားတဲ့ လူနာတွေအနေနဲ့ မိမိတို့လက်တစ်ကမ်းမှာရှိတဲ့ အိမ်သုံးဆားကို ရေနွေးကြက်သီးနွေးလေးမှာ ထည့်ကာ ခြေထောက်ကို ၁၅မိနစ်ခန့် စိမ်ပေးခြင်းကလည်း သက်သာစေမှာ ဖြစ်ပါတယ်။

သဲဝဲစားတဲ့ လူနာတွေအနေနဲ့ အကောင်းဆုံးကတော့ မိမိတို့ခြေထောက်တွေ စိုစွတ်နေရင် ရေသန့်သန့်နဲ့ ပြောင်အောင်ဆေးပြီး ခြောက်သွေ့အောင်သုတ်ထားဖို့ လိုပါတယ်။

အနီးအနားမှာ အရက်ပြန်ရှိတယ်ဆိုလည်း မိမိတို့သဲဝဲစားတဲ့ နေရာကို အရက်ပြန်နဲ့သုတ်ပေးနိုင်ပါတယ်။

ငှက်ပျောဖူးမှာကပ်နေတဲ့ အဖက်တွေကိုသုံးပြီးလည်း သဲဝဲစားခြင်းကိုသက်သာအောင်လုပ်လို့ရပါတယ်။ ငှက်ပျောဖူးဖက်တွေကိုယူပြီး ပြာချလိုက်ပါ။ရလာတဲ့ပြာကို အုန်းဆီးနဲ့ လိမ်းပေးတာက သဲဝဲစားခြင်းကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ အုန်းဆီမရှိဘူးဆိုရင်လည်း ပြာချည်း သပ်သပ်လိမ်းပေးလို့ ရပါတယ်။

အာလူးရှိတဲ့ နေရာနွေမှာ အာလူးကို အသုံးပြုပြီး သဲဝဲစားခြင်းကို သက်သာအောင် ပြုလုပ်ပေးနိုင် ပါတယ်။ အာလူးကို ခြမ်းပြီး သဲဝဲဖြစ်တဲ့ နေရာကို ဆယ်မိနစ်ခန့် ပွတ်ပေးခြင်းဖြင့် သက်သာစေပါတယ်။

▪️သဲဝဲစားခြင်းမှ ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကတော့

– မလိုအပ်ဘဲ မိုးရွာနေချိန်မှာ အပြင်မထွက်ပါနဲ့။

– မိုးရွာထဲက ပြန်လာပြီးတိုင်း ခြေထောက်ကို ရေသန့်သန့်ဖြင့် ပြောင်စင်အောင်ဆေးပြီး ခြောက်သွေ့အောင် လုပ်ပေးသင့်ပါတယ်။

– ခြေအိတ်ဝတ်သူတွေအနေနဲ့ ခြေအိတ်ကိုမကြာမကြာ လဲပေးဖို့ လိုအပ်သလို ၊သန့်သန့်ရှင်းရှင်းလျှော်ပေးဖို့လည်း လိုပါတယ်။

– တင်းကြပ်လွန်းတဲ့ ဖိနပ်တွေစီးခြင်း၊ပိတ်လှောင်နေတဲ့ ဖိနပ်တွေ စီးခြင်းမှရှောင်ကြဉ်ရပါမယ်။

– အများသုံးရေချိုးခန်း၊ အိမ်သာတွေ သွားတဲ့အခါ ဖိနပ်မပါဘဲ ခြေဗလာဖြင့် မသွားမိပါစေနဲ့။

– မိမိတို့စီးမယ့် ရှုးဖိနပ်တွေကို ခြောက်သွေ့အောင်ပြုလုပ်ပြီးမှ စီးသင့်ပါတယ်။

– ဖိနပ်တွေက အနံ့ဆိုးတွေ ထွက်တာသက်သာစေဖို့ ဖိနပ်ထဲကို ပေါင်ဒါမှုန့်တွေဖြူးထားသင့်ပါတယ်။ ပေါင်ဒါမှုန့် မရှိတဲ့အရပ်မှာဆို ဖိနပ်ကိုမကြာမကြာ နေပြတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

– ရေများတဲ့နေရာကို သွားရမယ့်သူတွေကတော့ လည်ရှည်ဖိနပ်ကို စီးထားသင့်ပါတယ်။

– ရေစိုနေတဲ့ ခြေအိတ်ကို အချိန်ကြာကြာဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။

– သဲတွေ၊ ရွှံ့တွေ ထူတဲ့နေရာဆီ သွားပြီးပြန်လာရင် ခြေချောင်းတွေကိုအသေအချာ ဆေးကြောပေးဖို့ လိုပါတယ်။

– သဲဝဲစားခြင်းခံစားနေရသူတွေ အနေနဲ့ ခြေထောက်ကိုကုတ်ပြီးတိုင်း လက်ကိုအသေအချာဆေးကြော ပေးဖို့လိုပါတယ်။

– သဲဝဲစားခြင်းက ကူးစက်နိုင်တာမို့ အခြားသူရဲ့ခြေအိတ်၊ ဖိနပ်တွေကို ငှားစီးခြင်းမျိုးမပြုလုပ်သင့်ပါဘူး။

– အရေကြီးဆုံးကတော့ အမြဲတစေ ခြေထောက်စိုကြီးနဲ့ မနေမိပါစေနဲ့။

သဲဝဲစားခြင်းဆိုတာ အသေအချာမကုသရင် အရေပြားတွေ ကွဲအက်ပြီး ပိုးဝင်နိုင်တာမို့ သဲဝဲစားခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းဖြင့် သင့်ခြေထောက်ကျန်းမာရေးကိုစောင့်ရှောက်ပေးရာ ရောက်ပါတယ်။

▪️ဝက်ခြံဖြစ်ခြင်း

စိုစွတ်တဲ့ မိုးရာသီမှာ လက်သန့်ရှင်းရေးက အလွန်အရေးကြီးလှပါတယ်။

မသန့်ရှင်းတဲ့ လက်နဲ့ မိမိတို့မျက်နှာကို ကိုင်တွယ်တာ၊ ပွတ်တိုက်တာတွေကြောင့် ဝက်ခြံတွေ ဖြစ်ပေါ် လာနိုင်ပါတယ်။

▪️မိုးတွင်းမှာ ဖြစ်ပွါးနိုင်တဲ့ အရေပြားပြဿနာတွေကနေ ကာကွယ်နိုင်ဖို့ အကောင်းဆုံးကာကွယ်နည်းကတော့ လက်ကိုဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးကြောခြင်း၊ ရေချိုးရာမှာလည်း ပြောင်စင်အောင် ချိုးခြင်း၊ အစာမစားမီအချိန်မှာ လက်ကိုပြောင်စင်အောင် ဆေးကြောခြင်းတို့ဖြစ်ပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times