မြိတ်မှာ ငှက်သိုက်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦးကိုဖမ်းဆီးပြီး စစ်မှုထမ်းပို့
မြိတ်မှာ ငှက်သိုက်ခိုးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦးကိုဖမ်းဆီးပြီး စစ်မှုထမ်းပို့

မြိုတ်မြို့နယ်၊ တညက်ကျေးရွာမှာ ဇီဝဇိုးငှက်သိုက်ခိုးယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးပြီးစစ်မှုထမ်းပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်နေ့က မြိတ်မြို့၊ ပါရမီရပ်ကွက်မှာ ဖုန်းပြင်နေတဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် လူငယ်အမျိုးသားတစ်ဦးကို ရပ်ကွက်မီးသတ်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်ဟာ တညက်ရွာခံတစ်ဦးဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက သူ့ကိုဖမ်းဆီးပြီးနောက် တညက်ကျေးရွာက ပျူစောထီးအဖွဲ့ ဆီကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပြပါတယ်။
အဲဒီလူငယ် တညက်ကျေးရွာကိုပို့ဆောင်ခံရပြီးနောက် ရွာခံပျူစောထီးအဖွဲ့ဟာ သူနဲ့ဆက်စပ်တဲ့ နောက်ထပ် ရွာခံလူငယ်အမျိုးသားနှစ်ဦးကိုလည်း တစ်ရက်တည်းမှာပဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသားသုံးဦးဟာ တညက်ကျေးရွာထဲမှာ ဇီဝဇိုးငှက်သိုက်တွေကို ခိုးယူရောင်းချခဲ့တဲ့သူတွေဖြစ်တယ်လို့ကြားရကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
“သူတို့သုံးယောက်က ခြောက်လပိုင်းလောက်မှာ ငှက်သိုက်တွေခိုးပြီးရောင်းကြတယ်ပြောကြတယ်။ အရင်ဆုံးအဖမ်းခံရတဲ့တစ်ယောက်ကမြိတ်မှာ ရှောင်နေတာပေါ့” လို့ တညက်ရွာခံ အမျိုးသားတစ်ဦးကပြောပါတယ်။
အဲဒီအမျိုးသားတွေ ဇီဝဇိုးငှက်သိုက်တွေကို ခိုးယူရောင်းချတယ်ဆိုတဲ့ ပြောဆိုချက်အပေါ်မှာ တနင်္သာရီတိုင်းမ်က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
သူတို့ဖမ်းဆီးခံရပြီး တစ်ရက်အကြာ ၂၆ ရက်နေ့မှာတော့ အရင်ဆုံးဖမ်းဆီးခံရတဲ့ လူငယ်အမျိုးသားကို တညက်ရွာခံ ပျူစောထီးအဖွဲ့က စစ်မှုထမ်းဖို့ မြိတ်မြို့နယ်၊ နန်းတော်ရာရွာအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် (၅၀၁) တပ်ရင်းထဲကိုပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နောက်ထပ်ကျန်ရှိတဲ့ နှစ်ဦးကိုလည်း ငွေကျပ် သိန်း ၃၀ စီနဲ့ လာမထုတ်နိုင်ရင် စစ်မှုထမ်းပို့မယ်လို့ တညက်ရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးဇော်မင်းလက်က ပြောဆိုလိုက်တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“ချက်ချင်းလာထုတ်ဖို့ပြောလိုက်တယ်။ တစ်ယာက်ကို သိန်းသုံးဆယ်နဲ့ ပြန်ထုတ်ရတယ်။ နောက်တစ်ယောက်ကိုထုတ်ဖို့က ငွေမရှိကြဘူး” လို့ ကာယကံရှင်တွေနဲ့ နီးစပ်တဲ့ တညက်ရွာခံ ကပြောပါတယ်။
နောက်တစ်ရက် ၂၇ ရက်နေ့မှာတော့ ငွေကြေးနဲ့ မထုတ်ယူနိုင်တဲ့ လူငယ်အမျိုးသားကို နန်းတော်ရာရွာအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် (၅၀၁) ထပ်မံပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငွေကျပ် သိန်း၃၀ နဲ့ ထုတ်ယူခိုင်းတဲ့အမျိုးသားကိုလည်း ပျူစောထီးအဖွဲ့က ကျပ်ငါးသိန်းနဲ့သာထုတ်ယူခဲ့တဲ့ အကြောင်း ပျူစောထီးခေါင်းဆောင်ဦးဇော်မင်းလက်က လိမ်လည်ပြီး ခံဝန်လက်မှတ်ရေးထိုးစေခဲ့တယ်လို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
တညက်ရွာမှာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ဆယ်ကျော်လောက်ရှိပြီး ကျေးရွာအတွင်း အာဏာပြတာနဲ့ ဖမ်းဆီးငွေညှစ်တာတွေကို မကြာခဏလုပ်ဆောင်နေတာပါ။
အဲဒီပျူစောထီးတွေရဲ့ သူတို့ရဲ့ လစာနဲ့ စစ်မှုထမ်းအတွက်လို့ဆိုပြီး အခုနှစ်ဇွန်လကစလို့ ကျေးရွာအတွင်းက နေအိမ်တစ်ဆောင်ကို ငွေကျပ်ငါးသောင်းလောက်အထိ လစဥ်ကောက်ခံနေပါတယ်။
The Tanintharyi Times