ချင်းမိုင် က စီးပွားရေးအချက်အချာနေရာတွေပါ ရေလွှမ်းမိုးလာ

ချင်းမိုင် က စီးပွားရေးအချက်အချာနေရာတွေပါ ရေလွှမ်းမိုးလာ

အင်္ဂါနေ့ညကစလို့ ပင်းမြစ်ရေမြင့်တက်မှုကနေ ချင်းမိုင်ခရိုင်အတွင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့ပါတယ်။ ချင်းမိုင်မြို့လယ်အထိ ရေလွှမ်းမိုးမှု ရှိနေတယ်လို့ ဘန်ကောက်ပိုစ့်သတင်းဌာန မှာဖော်ပြထားပါတယ်။

ရေကြီးမှု အရှိန်က ဗုဒ္ဓဟူးနေ့ ညဘက်မှာ ပိုဆိုးရွားလာနိုင်တာကြောင့် ချင်းမိုင်ခရိုင်အတွင်းနေထိုင်သူတွေအနေနဲ့ သတိဝိရိယ ရှိကြဖို့ သက်ဆိုင်ရာဌာန အသီးသီးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ချင်းမိုင်မြို့ကို ပတ်ခွေစီးဆင်းနေတဲ့ ပင်းမြစ်မှာ ရေအလျဥ်က လျင်လျင်မြန်မြန် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့ညသန်းခေါင်ခန့်က နဝရတ်တံတား စောင့်ကြည့်ရေးစခန်းမှာ တိုင်းတာချက်အရ မြစ်ရေဟာ စိုး‌ရိမ်ရေမှတ် ၄ ဒသမ ၂ မီတာထက် ကျော်လွန်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီဝန်းကျင်မှာတော့ ၄ ဒသမ ၄၅ မီတာ အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မြစ်ရေဟာ ဒီအမြင့်မှာပဲ ဆက်လက်တန်းနေခဲ့တယ်လို့ ဆိုပါတယ်။

ပင်းမြစ်ရေဟာ ကမ်းပါးတွေကို ကျော်လွန်ဖုံးလွှမ်းခဲ့ပြီး မြို့လယ်က စီးပွားရေးအချက်အချာနေရာတွေဖြစ်တဲ့ ချန်ကလန်နဲ့ ချာရွန်ပရာထေ့ လမ်းမတွေအပြင် ချင်းမိုင်ညဈေးတွေအထိပါ ရေလွှမ်းမိုးထားပါတယ်။ အထူးသဖြင့် အနိမ့်ပိုင်း လူနေရပ်ကွက်တွေဖြစ်တဲ့ ပါဒတ်နဲ့ နောင်ဟွိုင် နေရာတွေက ရေနစ်မြုပ်တဲ့ အဓိကနေရာတွေ ဖြစ်ပါတယ်။

ချင်းမိုင် စည်ပင်သာယာရေးအဖွဲ့နဲ့ ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတော့ မြစ်ကမ်းပါး‌တလျှောက် ရေကာဖို့အတွက် သဲအိတ်တွေနဲ့ တာတမံတွေလုပ် တားဆီးဖို့ ကြိုးစားနေကြပါတယ်။ ရပ်ကွက်အလိုက် ရေဝင်ရောက်နိုင်တဲ့နေရာတွေမှာ ဖို့ထားဖို့ ရပ်ကွက်အလိုက် ဒေသခံတွေဆီကို သဲအိတ်တွေ ပို့ဆောင်ပေးနေကြပါတယ်။

ရေနုတ်မြောင်းနဲ့ ဆက်သွယ်ထားတဲ့ ပိုက်တန်းတွေလည်း ရေစီးအားကြောင့် ပျက်စီးမှုတွေ ရှိလာတာကြောင့် ဒေသခံအတော်များများ တစ်ပူပေါ် နှစ်ပူဆင့်ရပြန်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဆိုထားပါတယ်။

မြို့ပေါ်ကို ရေလွှမ်းတဲ့ ရေထု အနက်ဟာ စင်တီမီတာ ၃၀ ကနေ ၅၀ ကြားမှာ ရှိပြီး တချို့လမ်းတွေမှာ ယာဥ်ငယ်တွေ သွားလာဖို့ အဆင်မပြေတော့ကြောင်း သိရပါတယ်။ အခုလို ရေကြီးမှုပုံစံဟာ ၂၀၂၂ ခုနှစ်က ကြုံခဲ့ရတဲ့ ရေကြီးရေလျှံမှုနဲ့ ဆင်တူတယ်လို့ ချင်းမိုင်ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာတင် ဆည်မြောင်ရုံး အမှတ် ၁ ရဲ့ ထုတ်ပြန်ချက်ထဲမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ပိုင်းက ချင်းတောင်းခရိုင်အတွင်းရှိ မဲတိုင်နဲ့ နမ့်ပင်းမြစ်တွေမှာ ရေကြောင်းခရီး သွားလာမှုတွေကို သတိပေးထားပါတယ်။ ဒီမြစ်တွေကရေဟာ ပင်းမြစ်ထဲကို ဗုဒ္ဓဟူးနေ့ညမှာ ရောက်ရှိလာမှာ ဖြစ်တာကြောင့် ဒီညဟာ ချင်းမိုင်မြို့အတွက် စိုးရိမ်ဖွယ်အခြေအနေ အရှိဆုံးအချိန်လို့ ဆိုပါတယ်။

ရေဘေးသင့် ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးအစီအစဥ်အနေနဲ့ ရေစုပ်စက်တွေ တပ်ဆင်ပေးနေပြီး ရှင်းလင်းရေး စက်ကိရိယာတွေနဲ့ လိုက်လံရှင်းလင်းပေးမယ့် အဖွဲ့တွေ၊ အေဂျင်စီတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချင်းမိုင်မြို့ စည်ပင်သာယာရေးအဖွဲ့ကလည်း ရေဘေးသင့်ပြည်သူတွေ အထူးသဖြင့် အကူအညီလိုအပ်ကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အိပ်ရာထဲလဲနေသူတွေအတွက် စည်ပင်သာယာဆေးရုံမှာ ယာယီစခန်းတွေ တည်ဆောက်ဖွင့်လှစ်ထားပါတယ်။

ဒါ့အပြင် ကြိုတင်ခန့်မှန်းထားကြတဲ့ ဗုဒ္ဓဟူးနေ့ည ရေလွှမ်းမိုးမှုအတွက် အကူအညီပေးရေးအဖွဲ့တွေကလည်း သတိကြီးကြီးထားပြီး လိုအပ်တာတွေ ပြင်ဆင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပိုစ့်

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times