မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး တွေနဲ့တိုက်ခိုက်
မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး တွေနဲ့တိုက်ခိုက်
လေယာဉ်နှစ်စင်းပျက်စီးပြီးလေတပ်အရာရှိတွေအပါအဝင် ၁၅ ဦးသေဆုံးတယ်လို့ဆို
ရန်ကုန်ရှိ၊ စစ်ကောင်စီ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်လေယာဉ် ၂ စင်း ပျက်စီးကာ လေတပ်အရာရှိတွေအပါအဝင်
စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေကထုတ်ပြန်ပါတယ်။
မနေ့ ဒီဇင်ဘာ ၆ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ Brave Warriors for Myanmar နဲ့ Shadow SAF တော်လှန်ရေးအဖွဲ့တို့က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် Y-8 ထောက်ပို့စစ်လေယာဉ် ၁ စင်းနဲ့ Y-12 တိုက်ခိုက်ရေး စစ်လေယာဉ် ၁ စင်း ထိခိုက်ပျက်စီးသွားကြောင်း Brave Warriors for Myanmar BWM အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လေတပ်အရာရှိ ၃ ဦး၊ စစ်သည် ၁၂ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး လေတပ်စီမံခန့်ခွဲရေးလေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦးနဲ့ အခြားစစ်သည် ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း BWM အဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါက BWM အဖွဲ့ရဲ့ ကနဦး စုံစမ်းသိရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးပါ။
မှော်ဘီလေတပ်စခန်းဟာ တရုတ်ကလာတဲ့ စစ်လက်နက်ပစ္စည်းအားလုံးထားရာ အထိုင်စခန်းလည်း ဖြစ်သလို နိုင်ငံတကာမှ စစ်နဲ့ အရေးကြီး ပစ္စည်းတွေကို လက်ခံဖြန့်ဖြူးရာမှာ အဓိကကျတဲ့ လေတပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှော်ဘီလေတပ်ဟာ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းကို အဓိက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ လေတပ်စခန်းဌာနချုပ်လည်း ဖြစ်ပါတယ်။
အခု စစ်ဆင်ရေးမှာတော့ လေတပ်စခန်းအတွင်း Y-12 စစ်လေယာဉ်တွေ ထားရှိရာ လေယာဉ်ရုံ Hangar ကို ၁၀၂ မမ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်နိုင်တဲ့တဲ့ စစ်ဆင်ရေးတခုလို့ ဆိုပါတယ်။
Brave Warriors for Myanmar BWM အဖွဲ့ရဲ့ Mission 25 အနေနဲ့သော်လည်းကောင်း၊ Shadow SAF အဖွဲ့ရဲ့ Urban Special Operation U.S.O အနေနဲ့သော်လည်းကောင်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
Brave Warriors for Myanmar အဖွဲ့ဟာ မဟာမိတ်အဖွဲ့တွေနဲ့အတူ မန္တလေးရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် အေလာလေတပ်၊ တံတားဦးလေတပ်၊ တောင်ငူလေတပ် အပြင် အခု မှော်ဘီလေတပ်စခန်းတို့ကိုပါ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို အခုနှစ်အတွင်း ဆက်တိုက် ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
The Tanintharyi Times
