အကြောက်တရား အရိပ်မဲကြီးအောက်မှာ
အကြောက်တရား အရိပ်မဲကြီးအောက်မှာ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့။
စိုးရိမ်ထိတ်လန့်စရာ သတင်းက နံနက်စောစောမှာပဲ လူတိုင်းဆီကို ဝုန်းကနဲ ရောက်လာတယ်။
သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့တွေ ရွာထိပ်မှာ စုနေကြပြီ။ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ကောက်တော့မယ်တဲ့။
လူဦးရေစာရင်းကောက်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်လေမလား။ ဒါမှမဟုတ် ခြိမ်းခြောက်တာ၊ ငွေညှစ်တာ၊ ဖမ်းဆီးနှိပ်စက်တာမျိုး လုပ်လာလေမလား။ ရွာသူရွာသားတွေဟာလားပေါင်းမြောက်များစွာနဲ့ ဖြစ်နိုင်ချေ အမျိုးမျိုးကို မှန်းဆရင်း ကြောက်လန့်မှုကိုယ်စီနဲ့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပျာယာခတ်ကုန်ကြတယ်။
သန်းခေါင်စာရင်း မကောက်မီ တစ်ရက်အလို ကြိုတင်အကြောင်းကြားထားမယ်လို့ သတင်းတွေမှာ တွေ့ရပေမယ့် ကျွန်မတို့ဒေသမှာတော့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာမှ ရွာသူရွာသားတွေ သိခွင့်ရကြတာပါ။
သတင်းကြိုတင် ကြားကြား၊ မကြားကြား ဒီမနက်မှာစိုးရိမ်တကြီး ဖြစ်ကြရတာချင်း အတူတူပါပဲ။ ကိုယ့်အိမ်ကလူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို အသုံးချပြီးဘယ်လိုကောက်ကျစ်ယုတ်မာမှုမျိုး လုပ်လာမလဲ။ ဒီစာရင်းကို အကြောင်းပြုပြီး ဘယ်လိုကြမ္မာဆိုးမျိုး ကိုယ့်ဆီရောက်လာလိမ့်ဦးမလဲ။
သန်းခေါင်းစာရင်းကောက်တာမို့ ကြောက်စရာမလိုဘူးလို့ စစ်ကောင်စီဘက်က ပြောနေပေမယ့် လူလိမ်နှုတ်ကထွက်တဲ့ စကားတွေကို ဘယ်လိုစိတ်ထားနဲ့ ယုံကြည်ရပါ့မလဲ။ အစဉ်အဆက် လိမ်ခဲ့ကြတဲ့ လူလိမ်အုပ်စုကြီး မဟုတ်လား။ သူတို့ကိုယ်ကျိုးစီးပွားအတွက်ဆို လူသတ်တာကို ပုရွက်ဆိတ်သတ်သလို သဘောထားနေတာ မဟုတ်လား။
အခုလည်း ကျရှုံးနေတဲ့ အခြေအနေကို တစ်နည်းတစ်ဖုံ ကာကွယ်ဖို့ လိမ်နည်းမျိုးစုံနဲ့ လှည့်ပတ်လိမ်လည်နေပြန်ပြီ။ သန်းခေါင်းစာရင်းကောက်မယ်၊ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အလိမ်စကားကို တစ်ဖက်မှာ တွင်တွင်ကြွေးကြော်ပြီး၊ တစ်ဖက်မှာတော့ လူသတ်တဲ့အလုပ်ကို တိုးလုပ်နေကြဆဲပါပဲ။
သန်းခေါင်စာရင်း ကောက်တယ်သာဆိုတယ်။ ရောက်လာပုံက တကယ့်ဓါးပြအဖွဲ့ပုံစံ။ စစ်သားတွေ ရဲတွေက ယူနီးဖောင်းအပြည့် လမ်းမတစ်လျှောက်မှာ သေနတ်တကားကားနဲ့။ တိုက်ပုံအစိမ်းနဲ့ လူတွေကလည်း အုံလိုက်ကျင်းလိုက်၊ မျက်နှာရှစ်ခေါက်ချိုးနဲ့ ဟန်ရေးတပြပြ။ ရွာပတ်နေတဲ့ သေနတ်သမား လူသတ်ကောင်ကို မကြောက်ဘယ်သူရှိပါ့မလဲ။ ရွာသူရွာသားတိုင်း ကြောက်ကြတော့တာပေါ့။
မော်တော်ကားတွေကို တွေ့ရင် ပို့ဆောင်ခိုင်းတာအပြင် ဖမ်းဆီးငွေတောင်း တတ်လွန်းလို့ ကားသမားတွေက လွတ်ရာကျွတ်ရာ မောင်းပြေးကုန်ကြတယ်။ အမျိုးသားတွေကလည်း ဖမ်းဆီးနှိပ်စက်ခံရမှာ ဘော်တာဆွဲခံရမှာစိုးလို့ အိမ်ကနေ ကပျာကယာ ရှောင်တိမ်းကြရတယ်။ တဝီဝီကားသံနဲ့ဟိုဟိုဒီဒီ ရှောင်ပုန်းကြတဲ့ လူသံသူသံ ကြားရပြီးနောက်မှာအသံတွေတိတ်သွားတယ်။
နံနက်တိုင်း လယ်သွား၊ ခြံသွား၊ ကျောင်းသွား၊ ဈေးသွားနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ရွာကြီးဟာ ပြုန်းကနဲ ငြိမ်သက်တိတ်ဆိတ်သွားတယ်။ အိမ်ထဲမှာ ကျန်နေသူတွေက ဘယ်လိုမေးရင် ဘယ်လိုဖြေရပါ့မလဲ၊ ဘာများလာမေးဦးမလဲ၊ မတော်တဆ အဖြေလွဲမှားသွားရင် ဘယ်များလုပ်ကြဦးမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ တထိတ်ထိတ်ဖြစ် ကျန်ရစ်တယ်။
ကွန်ပျူတာကို မမြင်ကွယ်ရာမှာ သိမ်းနေရင်းက “ကွန်ပျူတာရှိလားလို့မေးရင် မရှိဘူးလို့ဖြေနော်အမေ” လို့ လှမ်းပြောမိပြီးမှ “မထူးပါဘူး၊ သူတို့လာရင် သမီးပဲ ဒိုင်ခံဖြေလိုက်ပါ့မယ်” လို့ ထပ်ပြောမိပြန်တယ်။
တံမြက်စည်းကိုင်ပြီး အတန်ကြာငိုင်နေတဲ့ အမေက “ငါတို့ အိမ်တံခါး ပိတ်ထားကြမလား” လို့ တိုးတိုးလေး လှမ်းပြောတယ်။ “အိမ်တံခါးတော့ ပိတ်ထားလို့ မဖြစ်ဘူး အမေ၊ ဒလန်တွေဘာတွေက လက်ညှိုးညွှန်လိုက်ရင် နေရင်းထိုင်ရင်း အမှုကြီးနေပါဦးမယ်” လို့ ပြန်ပြောတော့ အမေ့ခမျာ အသံတိတ်သွားတယ်။
တုန်ယင်လှိုက်ခါနေတဲ့ အမေ့စကားသံတိုးတိုးတွေ၊ ပြူးကျယ်ဝိုင်းစက်နေတဲ့ အမေ့ရဲ့ အထိတ်တလန့်မျက်ဝန်းတွေကို ကြည့်ပြီး ကျွန်မ စိတ်မသက်မသာနဲ့ သက်ပြင်းချလိုက်မိတယ်။
“သိပ်မကြောက်ပါနဲ့အမေ၊ မေးရုံမေးတာပဲ၊ သူတို့က မေးချင်ရာမေး၊ ကိုယ်ကလည်း ဖြေချင်ရာဖြေလိုက်တာပေါ့” လို့ အမေစိတ်ပေါ့အောင် ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ တထင့်ထင့်နဲ့ရယ်။
ဘယ်လိုပြောရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာကို အမျိုးမျိုး လှည့်ပတ်တွေးရင်း ကိုယ့်စိုးရိမ်စိတ်ကို အမေမရိပ်မိအောင် ဖုံးဖိထားရသေးတယ်။ သူ့ငယ်ဘဝတစ်လျှောက် စစ်ပွဲတွေနဲ့ ကြုံဆုံခဲ့ရတဲ့ အမေဟာ စစ်သားဖြစ်ဖြစ် ရဲဖြစ်ဖြစ် ယူနီဖောင်းဝတ်ဆိုရင် အလိုလိုနေရင်းကြောက်ရွံ့နေမိပြီးသား။ သူ့ကို အကြောက်တရားတွေ ဒီထက် ပိုမတိုးစေချင်တော့။
အကြောက်တရားဆိုတာ အာဏာရှင်တွေအတွက် အရေးပါဆုံး လက်နက်တစ်ခုပဲ မဟုတ်လား။ လူတွေရဲ့စိတ်ထဲကိုအကြောက်တရားတွေ များများခတ်နှိပ်ထားနိုင်လေလေအာဏာရှင်သက်တမ်းကို ဆွဲဆံ့နိုင်လေလေပါပဲ။ ဒါကြောင့် ပြည်သူတွေ ကြောက်ရွံ့နေအောင် နည်းလမ်းပေါင်းစုံသုံးပြီးနှိပ်ကွပ်ချိုးနှိမ်ထားတတ်ကြတယ်။
အာဏာရှင်စနစ် လည်ပတ်ရာနေရာဟာ အကြီးမားဆုံးအကြောက်တရားတွေ လွှမ်းမိုးဖြန့်ကျက်ခံထားရတဲ့ နေရာပါပဲ။ အာဏာရှင်စနစ်က ပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ကျွန်မတို့ဟာ မျိုးဆက်သုံးဆက်လောက် အကြောက်တရားအောက်မှာ ပြားပြားဝပ်ခဲ့ကြတယ်။ အခုလည်း ကြောက်နေရဆဲပါပဲလား။
အကြောက်တရားအကြောင်း တွေးနေရင်းက အိမ်ရှေ့လမ်းမပေါ်မှာ ဖြတ်သွားတဲ့ အရိပ်တစ်ခုကို တွေ့လိုက်တယ်။ သေနတ်တကားကားနဲ့ ယူနီဖောင်းဝတ် ရဲသားတစ်ယောက်။ အမေက ကျွန်မဘက်ကို မျက်လုံးပြူးကြီးနဲ့ ဖြတ်ကနဲလှမ်းကြည့်တယ်။ ကျွန်မတို့ လမ်းဘက်ကို စူးစိုက်ကြည့်နေချိန်မှာပဲ နောက်ထပ် ရဲသားနှစ်ယောက် ထပ်လျှောက်သွားပြန်တယ်။
ယူနီဖောင်း ဝတ်ထားသူတွေရော၊ မဝတ်ထားသူတွေရော၊ တိုက်ပုံအစိမ်းဝတ်တွေရော လုံးထွေးနေတဲ့ လူအုပ်စုတစ်စုက အိမ်ရှေ့ကို ရောက်လာတယ်။
ကျွန်မနဲ့ နီးကပ်လာတဲ့ အဲဒီလူတွေကိုကြည့်ပြီး “ထွက်သွား” လို့ အော်ဟစ်ပစ်လိုက်ချင်စိတ်၊ ဘာမေးမေး မဖြေဘူးလို့ တင်းခံလိုက်ချင်စိတ်က တားမနိုင်ဆီးမရ။
အတွေးထဲကအတိုင်း ကျွန်မတကယ်လုပ်ဝံ့သလား။ ‘ဟင့်အင်း’ ကျွန်မ မလုပ်ရဲပါဘူး။ ကျွန်မက “ဆော့ခရတ္တိ” မှ မဟုတ်တာ။ ယုံကြည်ချက်အတွက် အဆိပ်ခွက်ကို မော့သောက်လိုက်တဲ့ သတ္တိမျိုးက ကျွန်မအတွက် ကွာလှမ်းလွန်းလှတယ်။
ဒီလိုတွေးမိတော့ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ Gen- Z လူငယ်လေးတွေကို ရှက်မိပါရဲ့။ ကြောက်စိတ်တွေ ချိုးကပ်နေတဲ့ ကျွန်မလိုလူမျိုးကို သူတို့က နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလား။ အမှန်တရားဟာဘာလဲလို့ နားလည်လျက်သားနဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်မဆိုင်ဝံ့သူ၊ သတ္တိနည်းသူ၊ သူရဲဘောကြောင်သူလို့ အပြစ်တင်ရင်လည်းခေါင်းငုံ့ခံရုံကလွဲပြီး တခြားမရှိတော့ပါဘူး။
ကြောက်စိတ်နဲ့ မခံချင်စိတ်ကြားမှာ လူးလာခေါက်တုံ့ ပြေးလွှားနေတဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းရင်း မေးခွန်းတွေကို တစ်ခုချင်းစီ အဖြေပေးလိုက်တယ်။ ကျွန်မအဖြေကို လိုက်မှတ်နေတဲ့ ကောင်မလေးရဲ့ ဘောပဲင်ထိပ်လေး ရွေ့လျားနေတာကိုကြည့်ရင်း လည်ချောင်းတွေခြောက်လာတယ်။
ကျွန်မအသံလုံးပြီး ပြောပြလိုက်တဲ့ နာမည်တွေဟာစာလုံးပေါင်းအမှားနဲ့ ကောင်မလေးက ရေးနေတယ်။ “ဒီလိုလား” ကောင်မလေးက အတည်ပြုချက်ယူတော့ ကျွန်မကအသာလေး ခေါင်းညှိတ်ပြလိုက်တယ်။ အသက်တွေကိုလည်း အမှန်မပြောလိုက်ဘူး။ အဲဒီလို အလွဲလေးတွေ ပြောလိုက်ရတဲ့အတွက် ကျွန်မစိတ်ထဲမှာ တဒင်္ဂတော့ ကျေနပ်သွားသလိုလို။
ရေးမှတ်နေတဲ့ ကောင်မလေးက အရင်လိုနေတဲ့ပုံစံနဲ့ မေးခွန်းတွေကို ခပ်မြန်မြန်မေးတယ်။ သူတို့တစ်ဖွဲ့လုံးလည်းခပ်သွက်သွက် တစ်အိမ်ဝင်တစ်အိမ်ထွက်။ မေးခွန်း (၆၈) ခုလို့ ကြေညာထားပေမယ့် ကျွန်မကိုတော့ မေးခွန်းဆယ်ခုတောင် ပြည့်အောင် မမေးသွားခဲ့ဘူး။
ဘာ “တက်ပလက်ဖုန်း” နဲ့မှလည်း မှတ်တာမဟုတ်ဘူး။ စာအုပ်နဲ့ ဘော်ပဲင်နဲ့ပဲရေးမှတ်နေတာ။
အိမ်ရှေ့မျက်နှာစာမှာ “သန်းခေါင်စာရင်း ကောက်ယူပြီးစီးကြောင်း” စာရွက်လေးကို ဖြတ်ကနဲ လှမ်းကပ်ပြီး ခပ်မြန်မြန်ထွက်သွားတဲ့ ကောင်းမလေးကျောပြင်ကို ငေးရင်း စိုးရိမ်စိတ်က တဖန်ပြန်ပေါ်လာပြန်တယ်။ ကျွန်မပြောလိုက်တဲ့ အချက်အလက် အမှားတွေအတွက် ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်လာဦးမလဲ။
အခုက ဗလာစာအုပ်နဲ့ အကြမ်းမှတ်သွားတယ်ဆိုတော့ သူတို့ရုံးမှာ ကျွန်မတို့နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ပေါက်ကရတွေ ဖြည့်ထည့်လိုက်ကြမှာလား။
ဘယ်လိုလိမ်နည်းလိမ်ဟန်နဲ့ သူတို့အထက်ကို တင်ပြကြဦးမလဲ။ သူတို့အချင်းချင်း လိမ်တာက အရေးမကြီး။ သူတို့ရဲ့ အလိမ်ဇာတ်ကြီးထဲ ကျွန်မတို့ ရွာသူရွာသားတွေ မြေစာပင်ဖြစ်ပြီး ထပ်တိုးဒုက္ခတွေ ရောက်လာဦးမှာလား။
ကြောက်စိတ်က ကျွန်မတစ်ကိုယ်လုံးကို ရစ်ပတ်ထားပြန်ပါပြီ။ ကိုယ့်ကြောက်စိတ်ကို ကိုယ်ခါးတီးရွံရှာစွာပဲ ပြန်ကြည့်နေမိတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တုန်လှုပ်ခြောက်ခြားစိတ်နဲ့ တိတ်ဆိတ်ငြိမ်သက်နေတယ်။ အာဏာရှင်လက်အောက်မှာ ဒီအကြောက်တရား အရိပ်မဲကြီးက ကျွန်မတို့ လည်မြိုကို ညှစ်ထားဆဲပါပဲလား။ ။
ငြိမ်းပန်
The Tanintharyi Times
