ရုရှားသံအမတ်နဲ့ တနင်္သာရီဝန်ကြီးချုပ်တို့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ တွေ့ဆုံဆွေးနွေး
ရုရှားသံအမတ်နဲ့ တနင်္သာရီဝန်ကြီးချုပ်တို့ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ တွေ့ဆုံဆွေးနွေး
မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်နဲ့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကိစ္စ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတင်းထုတ်ပြန်ပါတယ်။
ရုရှား သံအမတ်ကြီး Mr. Iskander Azizov ဦးဆောင်အဖွဲ့၊ ဦးမြတ်ကို ဦးဆောင်တဲ့အဖွဲ့နဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးတို့ဟာ မနေ့က ထားဝယ်မြို့ပေါ်မှာရှိတဲ့ တိုင်းအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံမှုမှာ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းလုပ်ငန်းအကြောင်း၊ တနင်္သာရီတိုင်းအတွင်းက ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းဒေသတွေရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထုတ်ပြန်ထားပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကစလို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုထားတာပါ။
ရုရှားသံအမတ်တွေနဲ့ မနေ့ကဆွေးနွေးနေတဲ့ တချိန်တည်းမှာပဲ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာကို စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်က ရေလမ်းကဝင်ရောက်လာပြီး စစ်ကြောင်းထိုးနေပါတယ်။ အလားတူ မနေ့က စစ်ရဟတ်ယာဥ်တွေလည်း အထူးစီးပွားရေးဇုန်ဧရိယာတစ်ဝိုက်မှာ အချိန်ကြာကြာပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းက စစ်ကြောင်းဟာ မနေ့က ဒရုန်းနဲ့ဗုံသီးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားထိခိုက်မှုနဲ့ လက်နက်ပစ္စည်းတွေ ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ်သားတွေ မယင်းကြီးရွာနဲ့ မူးဒူးရွာတွေဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလ ၅ ရက်နေ့ကလည်း ရေနက်ဆိပ်ကမ်းရှိတဲ့ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသအနီးက ပင်လယ်ပြင်ကို စစ်သင်္ဘာတစ်စီး ရောက်လာပြီးနောက် အဲဒီအပေါ်က အမည်မသိရတဲ့ ပစ္စည်းထုပ်တွေကို ရေနက်ဆိပ်ကမ်းဧရိယာထဲကို ပိုဆောင်ခဲ့ပါတယ်။ အဲဒီအကြောင်းကို တနင်္သာရီတိုင်းမ်က သတင်းဖော်ပြခဲ့ပါတယ်။
ဒေသခံတွေကတော့ ရေနက်ဆိပ်ကမ်းကို ပြန်လည်လုပ်ဆောင်ဖို့ စီစဥ်ပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ စတင်နေပြီဖြစ်တယ်လို့ သုံသပ်ပြောဆိုပါတယ်။
အဲဒီစစ်ကြောင်းကြောင့် နဘုလယ်ဒေသအတွင်းက မူးဒူး၊ ပရဒတ်၊ လဲရှောင်နဲ့ ထိန်ကြီးရွာတွေက ဒေသခံတွေ မနေ့ကစလို့ နီစပ်ရာကို တိမ်းရှောင်နေကြပါတယ်။
ထားဝယ်မြို့ကိုရောက်ရှိနေတဲ့ ရုရှားသံအမတ်နဲ့အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းကလည်းမြို့ပေါ်မှာ ယာဥ်တန်းနဲ့ သွားလာနေပြီး ထားဝယ်ဟိုတယ်မှာ တည်းခိုနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလ ၁၄ ရက်နေ့ကလည်း တရုတ်သံအမတ်ကြီး Ms. Ma Jiaနဲ့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ကော့သောင်းမြို့မှာ တွေ့ဆုံခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
မြန်မာနိင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ အဲဒီတွေ့ဆုံမှုမှာတော့ ရင်းနှီးမြုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်၊ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပညာစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိ စစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနစ်မှာ အီတာလျံထိုင်းကုမ္ပဏီနဲ့ပူးပေါင်းပြီး စတင်လုပ်ဆောင်ခဲ့ပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနစ်မှာ စီမံကိန်းကိုရပ်တန့်သွားခဲ့တာပါ။
The Tanintharyi Times
