ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကောင်စီက အမည်မသိပစ္စည်းထုပ်တွေပို့နေ

ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကောင်စီက အမည်မသိပစ္စည်းထုပ်တွေပို့နေ

ပုံစာ - ၂၀၂၂ ခုနစ် နိုဝင်ဘာလက စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထားဝယ်ရေနက်ဆိပ်ကမ်းကိုသွားရောက်ကြည့်ရှုခဲ့တဲ့မြင်ကွင်း။

ရုရှားနိုင်ငံနဲ့ဆွေးနွေးမှုတွေလုပ်နေတဲ့ ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာထဲကို စစ်ကောင်စီတပ်က အမည်မသိပစ္စည်းထုပ်တွေ ပို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဘက်ကဆိုထားသလို အခုနှစ်အစမှာလည်း စီမံကိန်းပြန်လည်အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုတာတွေ ဆက်တိုက်ရှိနေတာပါ။

အခုလ ၅ ရက်နေ့က‌တော့ ရေနက်ဆိပ်ကမ်းရှိတဲ့ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသအနီးက ပင်လယ်ပြင်ကို စစ်သင်္ဘာတစ်စီး ရောက်လာပြီးနောက် အဲဒီအပေါ်က ပစ္စည်းတချို့ကို ရေနက်ဆိပ်ကမ်းဧရိယာထဲကို ပိုဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေကတဆင့် သိရပါတယ်။

“စစ်သင်္ဘောရောက်လာပြီးတော့ ငါးဖမ်းလှေသုံးစီးကို ချောဆွဲလိုက်တယ်။ ညပိုင်းကျမှ ပစ္စည်းတင်တယ်။ အဲဒီငါးဖမ်းလှေတွေနဲ့တဆင့်ပဲ ရေနက်ဆိပ်ကမ်းထဲပို့တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီပစ္စည်းထုပ်တွေထဲမှာ ဘာတွေပါတယ်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲမှာ စစ်‌ကောင်စီတပ်သား အင်အား ၁၀ ကျော်လောက်တပ်စွဲထားတဲ့ တပ်စခန်းငယ်တစ်ခုလည်း ရှိပါတယ်။

ဒေသခံတွေကတော့ အဲဒီတပ်စခန်းဟာ ၂၀၂၃ နှစ်အစပိုင်းကတည်းကရှိနေတာဖြစ်ပြီး တပ်စခန်းအတွက်လိုအပ်နဲ့ လက်နက်နဲ့ရိက္ခာတစ်ခုတည်းအတွက် အခုလို စစ်သင်္ဘာပစ္စည်းပို့တာမျိုးမရှိဖူးဘူးလို့ ဆိုပါတယ်။

“စခန်းအတွက်တော့မဖြစ်နိုင်ဘူး။ ပစ္စည်းကတော့ များတာပေါ့။ ငါးဖမ်းလှေကို သုံးစီးတောင်ခေါ်တာ။ အဝေးကဆိုတော့ ဘာမှန်းမသိဘူးပေါ့” လို့ မျက်မြင်တွေ့ရတဲ့သူနဲ့ နီးစပ်တဲ့ ဒေသခံ အမျိုးသမီးကပြောပါတယ်။

ဒေသခံနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ စစ်ကောင်စီက ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနစ်မှာ အီတာလျံထိုင်းကုမ္ပဏီနဲ့ပူးပေါင်းပြီး စတင်လုပ်ဆောင်ခဲ့ပေမဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနစ်မှာ‌ စီမံကိန်းကိုရပ်တန့်သွားခဲ့တာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က‌တော့ ပြီးခဲ့တဲ့နှစ်မတ်လမှာ တန်ချိန်နှစ်သိန်းနဲ့အထက် သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့ ရုရှားနဲ့ ဆွေးနွေးနေတယ်လို့ ရုရှားသတင်းဌာနကို ထုတ်ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ထားဝယ်အထူးစီးပွားရေးဇုန်ဟာ အရှေ့တောင်အာရှမှာ အရေးပါတဲ့ ဇုန်တစ်ခု ဖြစ်လာနိုင်တဲ့အတွက် ဆက်လက်ဆောင်ရွက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ အခုလ ၁၄ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အခုလ ၁၄ ရက်နေ့မှာပဲ တရုတ်သံအမတ်ကြီး Ms. Ma Jiaနဲ့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ကော့သောင်းမြို့မှာ တွေ့ဆုံခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အရင်က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

ကော့သောင်းမြို့က တွေ့ဆုံမှုမှာတော့ ရင်းနှီးမြုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်၊ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပညာစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဒေသကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်ကစလို့ စစ်ကောင်စီတပ်က အကြိမ်ကြိမ်စစ်ကြာင်းထိုးခဲ့ဖူးပြီး စစ်ကြောင်းထိုးတဲ့အချိန်တိုင်းမှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းကာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲအကြိမ် ၄၀ ဝန်းကျင်အထိဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုလည်း များပြားခဲ့ပါတယ်။

The Tanintharyi Times