စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်ကိုဒီနေ့ လာမယ်လို့ သတင်းထွက်၊ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ လာတာဖြစ်နိုင်တယ်လို့ဆို
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်ကိုဒီနေ့ လာမယ်လို့ သတင်းထွက်၊ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ လာတာဖြစ်နိုင်တယ်လို့ဆို

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်ကို ဒီနေ့ညနေပိုင်းရောက်မယ်လို့ သတင်းထွက်ပေါ်နေပြီး စကခ – ၈ ထဲက ဧည့်ရိပ်သာတွေကို ပြင်ဆင်တာတွေလုပ်နေတယ်လို့ တပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။
မင်းအောင်လှိုင်လာမယ်လို့ သတင်းထွက်ပေါ်နေသလိုမျိုး ဒုခေါင်းဆောင်စိုးဝင်းလာမယ်လို့လည်း သတင်းထွက်နေပြီး နှစ်ယောက်မှာ တစ်ယောက်လာမှာတော့ သေချာတယ်လို့ တပ်နဲ့နီးစပ်တဲ့ အရင်းအမြစ်တွေနဲ့ ဒေသခံဌာနဆိုင်ရာဝန်ထမ်းအချို့က ပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့အတူ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ပါလာမှာဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း(ထားဝယ်ရေနက်ဆိပ်ကမ်း) ကို သွားရောက်မယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းပြန်စဖို့ မကြာခဏ ထုတ်ဖော်ပြောဆိုနေသလို ကြားကာလမှာ ဝန်ထမ်းခန့်အပ်တာတွေလည်းရှိနေပါတယ်။
စစ်ခေါင်းဆောင်ခရီးစဥ်အတွက် ထားဝယ်မြို့ပေါ်က လမ်းဆုံလမ်းခွနေရာအချို့နဲ့ ဘုရားကြီးအနီးတစ်ဝိုက်မှာ ဒီကနေ့မနက်ပိုင်းကစပြီး လမ်းကင်းတွေ ချထားတယ်လို့ မြို့ခံတွေကပြောပါတယ်။
အရင်နေ့တွေထက် မြို့လုံခြုံရေးအင်အားတိုးထားပြီး တိုင်းအစိုးရအဖွဲ့ရုံးမှာလည်း အင်အားအများအပြားချထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထားဝယ်၊ ရေဖြူ၊ လောင်းလုံးမြို့နယ်တွေက လှေဆိပ်တွေမှာ မနေ့ကစပြီးကင်းပုန်းဝတ်ပြီး လုံခြုံရေးယူနေတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဌာနဆိုင်ရာတွေကို အကုန်ပြင်ခိုင်းထားတယ်။ မြို့ထဲမှာလည်း လမ်းတွေဆေးခြယ်၊ ပလက်ဖောင်း ဆေးသုတ်တာတွေလည်းလုပ်ထားတယ်” လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောပါတယ်။
စစ်ခေါင်းဆောင်တွေရဲ့ ခရီးစဥ်သတင်းမထွက်ခင် ထားဝယ်မြို့ရဲ့ အရပ်လေးမျက်နှာမှာ စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။
ထားဝယ်အရှေ့တောဒေသ ဖြစ်တဲ့ ဥယျာဥ်ကြီး၊ အညာဖျားကျေးရွာနဲ့အနီး တစ်ဝိုက်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်တွေကို အောက်တိုဘာလကုန်ပိုင်းမှာ စစ်တပ်တွေက စစ်ကြောင်းထိုးခဲ့ပါတယ်။
ထားဝယ်မြို့ရဲ့အနောက်ဘက်ကိုလည်း စစ်သားအင်အားတွေဖြည့်ထားတာ တွေ့ရသလို စစ်ခေါင်းဆောင်တွေသွားဖို့ သတင်းထွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းရှိရာ နဘုလယ်ဒေသမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့ကပဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
The Tanintharyi Times