ဘောပင်လေးမှ သေနတ်ဆီသို့ ပေးစာ
ဘောပင်လေးမှ သေနတ်ဆီသို့ ပေးစာ
ချစ်ရတဲ့သူငယ်ချင်းရေ
ဒီနေ့ ကောင်းကင်ကြီး တအားဝမ်းနည်းနေတယ် ထင်ပါတယ်။ မိုးတွေ အဆက်မပြတ်ရွာချနေလေရဲ့။ အခုလိုအချိန်မှာ မိုးတွေရွာရင် ငါတို့ငယ်ငယ်က ထီးကလေးတွေဆောင်းပြီး အတူတူကျောင်းသွား၊ ကျောင်းပြန်အချိန်တွေကို ငါသိပ်လွမ်းမိတယ် သူငယ်ချင်း။
အခုတော့မင်းနဲ့ငါက နိုင်ငံရေးအခြေအနေဆိုးကြီးကြောင့် CDM ကျောင်းသားလေးတွေလုပ်ပြီး တစ်ယောက်တစ်နေရာစီကနေ စစ်အာဏာရှင်ကို တော်လှန်နေကြရတာပေါ့။
တော်လှန်ရေးအစကဆို မင်းနဲ့ငါအတူတူသပိတ်မှောက်သွားကြတာ မင်းမှတ်မိသေးလား။ အဲဒီတုန်းက စစ်ခွေးတွေကြောင့် ပြေးရတာလေ။ မင်းနဲ့ငါက လက်တွေကို တင်းတင်းဆုတ်ကိုင်ထားပြီး ဘယ်တော့မှ မလွှတ်ချဘဲ ဘေးကင်းတဲ့အထိ အတူတူပြေးခဲ့ကြတာကို ငါ မှတ်မိနေသေးတယ် သူငယ်ချင်း။
အခုဆို မင်းနဲ့ငါ ဝေးနေတာ သုံးနှစ်ပြည့်တော့မယ်နော်။ မင်းနဲ့ခွဲရတဲ့ အချိန်လေးကို ငါမှတ်ထားပါတယ်။ အဲဒီအချိန်လေးကို ငါဘယ်တော့မှမမေ့ပါဘူး။
မင်းနဲ့ခွဲရတဲ့အချိန်ကို ပြန်တွေးမိတိုင်း ငါမျက်ရည်ကျမိတယ် သူငယ်ချင်း။ အဲ့အချိန်က ငါမင်းနဲ့အတူ သိပ်လိုက်ချင်ခဲ့တာ။ ငါတို့အတူတူ အစကနေအဆုံးထိ လက်တွဲမဖြုတ်ဘဲ အတူတူတော်လှန်ချင်လို့ပေါ့။ ဒါပေမယ့် ငါလိုက်လို့မရခဲ့ဘူး။
မင်းသိတဲ့အတိုင်းပဲ ငါ့မှာက အဘိုးနဲ့ အဘွားကို ပြုစုစောင့်ရှောက် နေရသေးတယ်လေ။ မင်းမှာတော့ ပြုစုစောင့်ရှောက်ရမယ့် သက်ကြီးရွယ်အိုမရှိတော့ စိတ်ချလက်ချနဲ့ တော်လှန်ရေးတပ်ထဲဝင်သွားနိုင်ခဲ့တာပေါ့။ ငါကမင်းနဲ့အတူလိုက်ခဲ့ချင်ပေမယ့် အဘိုးနဲ့ အဘွားကို စောင့်ရှောက်ပေးမယ့်သူမရှိလို့ မတတ်သာဘဲ နေခဲ့ရတာပါ သူငယ်ချင်း။
ဒါနဲ့ မင်းရော နေကောင်းရဲ့လားသူငယ်ချင်း။ကျန်းမာရေးကိုလည်း သေချာဂရုစိုက်ပါနော်။
အခုလိုမိုးတွေ တအားရွာနေရင်၊ ငါ မင်းကို သိပ်စိတ်ပူတယ် သိလား။ ငါ့သူငယ်ချင်းလေး အအေးများ မိနေမလား၊ တအားချမ်းနေမလား၊ အဆင်ရောပြေရဲ့လားဆိုပြီး တွေးရင်း စိတ်ပူနေမိတယ်။
ငါကုသိုလ်တွေလုပ်တိုင်း ဒီတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ဖို့ကြိုးစားနေကြတဲ့ ငါ့သူငယ်ချင်း မင်းအပါအဝင် ပြည်သူ့အချစ်တော်သူ ရဲကောင်းရဲဘော်လေးတွေအားလုံးအတွက် ဘေးကင်းပြီးကျန်းမာဖို့ ငါအမြဲဆုတောင်းတယ်။
မင်းနဲ့ ငါအတူရှိတုန်းက ကိုယ့်ကိုယ်ကိုယ်အမြဲဂရုစိုက်ဖို့ တဖွဖွမှာခဲ့တယ်မလား။ အခုဆို မင်းသူငယ်ချင်းငါကလေ ကိုယ့်ကိုယ်ကိုယ်အပြင် မိသားစုကိုပါဂရုစိုက်တတ်နေပါပြီ။
အခက်အခဲပေါင်းစုံရင်ဆိုင်ရင်း အားတင်းပြီးတော့ ငါအဆင်ပြေအောင်နေပါတယ်။ ငါ့ကိုစိတ်မပူနဲ့နော်။ မင်းသာ သေချာဂရုစိုက်ပါသူငယ်ချင်း။
အရင်ကဆို အခုချိန်ကျောင်းတွေ ဖွင့်နေကြပြီနော်။ အခုလည်း စစ်ကောင်စီကျောင်းတွေကတော့ ဖွင့်နေတယ်။ ဘောမတွေကတော့ သွားတက်နေကြတာပေါ့ကွယ်။ ငါကတော့ မင်းနဲ့အတူတူ CDM လုပ်ခဲ့ရတာကို ဘယ်တော့မှ နောင်တမရဘူး။ ငါတို့ရွေးတဲ့လမ်းက လုံးဝမှန်ကန်တယ်။ အဆုံးထိ လျှောက်လှမ်းကြမယ်။ ဘယ်တော့မှအရှုံးမပေးဘူး။
ဒါနဲ့ငါ Online School တက်နေတယ် သိလား။ မင်းကိုလည်း ငါနဲ့အတူတူတက်စေချင်လိုက်တာ သူငယ်ချင်းရယ်။ မင်းက သေနတ်ကိုင်ပြီးတော်လှန်။ ငါကဘောပင်ကိုင်ပြီး ပညာနဲ့တော်လှန်မယ်။မင်းအားတင်းထားနော်။
တော်လှန်ရေးကြီးပြီးသွားရင် ငါကအောင်သပြေပန်းခက်နဲ့အတူ မင်းကို စောင့်ကြိုနေမယ်နော် သူငယ်ချင်း။
မင်းကို ငါတက်နေတဲ့ Online Schoolအကြောင်း ပြောပြရဦးမယ်။ကျောင်းနာမည်က Future Goals Federalist School တဲ့။ NUGကနေ အသိအမှတ်ပြုထားတဲ့ ဖယ်ဒရယ်ကျောင်းတစ်ခုပေါ့။ ဟိုဘောမတွေတက်နေတဲ့ စစ်ကောင်စီကဖွင့်တဲ့ စစ်ကျွန်ပညာရေးကျောင်းထက် အဆပေါင်းများစွာသာတယ် သူငယ်ချင်းရဲ့။ ဒီကျောင်းကလေ ငါတို့အရင်က တက်ခဲ့တဲ့ ဒါကျက်ဒါဖြေဆိုတဲ့ ပညာရေးစနစ်ကို ပစ်ပယ်ပြီးတော့ ဖယ်ဒရယ်ပညာရေးစနစ်နဲ့အညီသင်ကြားပို့ချပေးတယ် သူငယ်ချင်း။
ဆရာ၊ ဆရာမတွေကလည်း သိပ်တော်ကြတယ်။ကျောင်းသားတွေအတွက် ကျောင်းစာအုပ်ထဲကစာတွေမကဘဲ ပြင်ပဗဟုသုတတွေ၊ ဘဝအတွက်အသုံးဝင်တဲ့ ပညာပေးတွေ၊ လူ့အခွင့်အရေးတွေ၊ ကလေးအခွင့်အရေးတွေကို လည်းသင်ပေးတယ်သူငယ်ချင်းရဲ့။ ငါ့မှာမင်းနဲ့ အတူတူသင်ချင်လိုက်တာမှ လွန်ရောသူငယ်ချင်းရယ်။ ဒါပေမယ့် ဘာမှမဖြစ်နဲ့ မပူနဲ့နော်သူငယ်ချင်း။ တော်လှန်ရေးကြီးပြီးသွားရင် ငါသိထားသမျှ တတ်ထားသမျှတွေအကုန် မင်းကိုပြန်သင်ပေးမယ်နော်။ ကျောင်းလည်း အတူတူပျော်ရွှင်စွာနဲ့ ပြန်တက်ကြမယ်နော် သူငယ်ချင်း။
ဒါပဲနော် သူငယ်ချင်း။
နောက်တော့ တော်လှန်ရေးကြီးအောင်လို့ ငါတို့အတူပြန်ဆုံမှ အမှတ်တရတွေအများကြီး ပြောကြမယ်နော်။ ကျန်မာဘေးကင်းပြီး အိမ်အမြန်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်သူငယ်ချင်း။
မင်းရဲ့ချစ်ရတဲ့သူငယ်ချင်း
ဒီဆောင်း
ဒီဆောင်း
The Tanintharyi Times
