သေနတ်အလွမ်း
သေနတ်အလွမ်း
ကျနော် စက်ဘီး စီးလာခဲ့ပါသည်။ ဆိုင်ကယ်တစ်စီးက ကျနော့်ရှေ့မှ မောင်းနေ၏။ လမ်းဘေးပလက်ဖောင်းပေါ်၌ ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး။
ဆိုင်ကယ်က ကလေး၏ ရှေ့မှ ဖြတ်ကျော်သွားချိန်တွင် ကလေးသည် သူ့လက်ထဲက သေနတ်ကို ဆိုင်ကယ်သမားဆီသို့ ထိုးချိန်လိုက်ပြီး “ဒိုင်း” ခနဲ မြည်အောင် ပစ်လိုက်ပါသည်။ ကျနော် လှမ်းကြည့်နေရင်း စိုးရိမ်သွားပါသည်။ ကလေးက သေနတ်ကို နောက်တစ်ချက်၊ ပြီးတော့ တစ်ချက်။ ဆက်တိုက်ပင် “ဒိုင်းဒိုင်းဒိုင်း” ဟူ၍ သေနတ်သံ သုံးချက်ဆင့်မြည်သွားပါသည်။ ကလေး၏ သေနတ်သည် ကျည်ဆန်မပါသော ယမ်းသေနတ်ဖြစ်မှာပါလိမ့်မည်။ သို့သော် အဲသည်မြည်သံနှင့်အတူ ကျနော့်မှာ အနည်းငယ် ထိတ်လန့်မိသွားပါသည်။
ဆိုင်ကယ်သမားကမူ တစ်ချက်မျှ ငဲ့စောင်းကြည့်ပြီး သူ့လမ်းသူ ဆက်မောင်းသွားလေသည်။ ဆိုင်ကယ်သမားလွန်သွားသည့်အခါ ကျနော့်အလှည့်။ စက်ဘီးကို ဂရုတစိုက်ဖြင့် နင်းနေရင်း ကလေးကို လှမ်းကြည့်လိုက်ပါသည်။ တပြိုင်နက်တည်းမှာပင် ဦးခေါင်းကို ခါရမ်းပြလိုက်၏။ “မလုပ်နဲ့” ဟူသည့် သဘောဖြင့် ဖြစ်ပါသည်။
ပါးစပ်မှ စကားဖြင့်ပြောရန်မှာ ကျနော့်အနေနှင့် အဲသည်ကလေး၏ ဘာသာစကားကို တတ်ကျွမ်းနေခြင်းမဟုတ်ရာ ကမ္ဘာသုံးဘာသာစကားကိုသာ အသုံးပြုလိုက်ရခြင်းဖြစ်ပါသည်။ သို့သော် ကလေးက လက်မခံပါ။ ကျနော့်စက်ဘီးက သူ့ကို ဖြတ်ကျော်သွားသည့်အခိုက်အတန့်ဝယ် အချိန်မီကလေးပင် သူ့လက်ထဲကသေနတ်ကို လှမ်းချိန်ပြီး “ဒိုင်းဒိုင်း” မြည်အောင် ပစ်လိုက်ပြန်ပါသည်။ နောက်ကျောထဲ၌ တွန့်ခနဲ ကျနော် ဖြစ်သွားရပါသည်။ ထိုသို့ဖြစ်သွားသည်ကိုပင် ကလေးက ကျေနပ်နေမည်လော မပြောတတ်ပါ။
ကလေးများ သေနတ်ပစ်ဖောက်ဆော့ကစားခြင်းသည် တိုင်းပြည်၏ ငြိမ်းချမ်းသာယာခြင်းမှု သွင်ပြင်လက္ခဏာဖြစ်လေမည်လား။
သည်တိုင်းပြည်၊ သည်ဒေသတွင်မူ စစ်၏အနိဋ္ဌာရုံများ ရှိမနေသည်ဖြစ်ရာ ကလေးများ သေနတ်ဖြင့်ဆော့ကစားခြင်းအတွက် လူကြီးများက အမှတ်တမဲ့ပင် ရှိနေကြပါလိမ့်မည်။
စစ်မက်ဖြစ်ပွားရာ ဒေသက ကလေးခမျာမူ ယခုလိုမျိုး သေနတ်ပစ်ဖောက် ဆော့ကစားခွင့်များ ရှိချင်မှ ရှိပါလိမ့်မည်။ လူကြီးသူမများက နှစ်မြို့နိုင်လိမ့်မည်မဟုတ်ပါ။ “ဒိုင်း” ခနဲ၊ “ဖောင်း” ခနဲ မြည်သံတို့သည် စစ်ဘေးကြောင့် ဖရိုဖရဲပြေးလွှား နေကြရသူတွေအတွက် ခြောက်ခြားတုန်လှုပ်ဖွယ်ရာ အနှောင့်အယှက်များ ဖြစ်နေပါလိမ့်မည်။
သို့နှင့် ကလေးများ သေနတ်ဖြင့် ဆော့ကစားခြင်းအကြောင်းကို ကျနော် ဆက်၍ တွေးနေမိပြန်ပါသည်။ ထိုသို့ ဆော့ကစားခြင်းသည် ကောင်းသည့်ကိစ္စဖြစ်ပါသလော။
ကလေးဘဝမှာတုန်းက ယောက်ျားလေးတိုင်းလိုလိုသည် သေနတ်ကိုင်ခဲ့ကြဖူးလိမ့်မည်ဟု ထင်ပါသည်။ ကျနော်ငယ်ငယ်တုန်းကလည်း ဘုရားပွဲချိန်ရောက်တိုင်း သေနတ်တစ်လက်တော့ ပိုင်ဆိုင်ခွင့်ရခဲ့သည်ချည်းပင်။
ငယ်စဉ်ကကိုင်ခဲ့ရသော သေနတ်တို့ကလည်း အမျိုးမျိုး။ “ဒိုင်း” ခနဲ မြည်စေသော ယမ်းခွေကို ထည့်ပြီး ဖောက်ရသည့်သေနတ်၊ ပလတ်စတစ်အလုံးသေးသေးလေးများကို ထည့်ပြီးပစ်ရသည့် သေနတ်၊ တစ်ခါတလေတွင်မူ ဝါးဖြင့်လုပ်ထားသော ကျိုက်ထီးရိုးသေနတ် စသည်ဖြင့်။ ကျိုက်ထီးရိုးသေနတ်ကမူ သေနတ်အစစ်နှင့် အသွင်သဏ္ဌာန်ချင်း မတူပါပေ။ မြည်ပြန်သည့်အခါတွင်လည်း “ဒေါက်ဒေါက်၊ ဒက်ဒက်”။ ကိုယ့်ဘာသာ လုပ်သော ရွှံသေနတ်၊ သစ်သားသေနတ်များလည်း အခါများစွာ ကိုင်ခဲ့ကြပါသေး၏။ အဲသည်သေနတ်တွေကမူ ဘာမြည်သံ၊ ဘာကျည်ဆန်မှ မထွက်နိုင်ကြပါ။ ပါးစပ်ကနေ ကိုယ့်စိတ်ကြိုက် သေနတ်မြည်သံတို့ ထွက်ကြရပါသည်။
အလားတူပင် ရပ်ကွက်ထဲက ကျနော့်သူငယ်ချင်းများသည် တစ်ယောက်မကျန် သေနတ်ကိုင်ခဲ့ကြပါသည်။ တချို့တွေ၏ သေနတ်များဆိုလျှင် ကျနော် တစ်ခါမှ မဝယ်နိုင်ခဲ့ဖူးခဲ့သော အကြီးစားကြီးများ ဖြစ်ပါသည်။
မည်သည့်အတွက်ကြောင့် ကလေးများသည် သေနတ်ဖြင့် ဆော့ကစားရသည်ကို ခုံမင်နှစ်ခြိုက်ကြပါသနည်း။ လူကြီးတွေကရော ဘယ့်အတွက်ကြောင့် ကလေးများကို သေနတ်ဝယ်ပေးပြီး ဆော့ကစားစေခဲ့ကြပါသနည်း။
ကျနော်တို့ကလေးများသည် စစ်ပွဲများကိုလည်း ဆင်နွှဲခဲ့ကြပြန်ပါသေးသည်။ ဟိုဘက်၊ သည်ဘက် အုပ်စုနှစ်ခုခွဲပြီး လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား၊ သစ်ပင်ခြုံနွယ်များကြားထဲတွင် ပြေးလွှား၊ ပုန်းအောင်း၊ ချောင်းမြောင်း၍ တစ်ဖက်အုပ်စုကလူကို မြင်လိုက်သည်နှင့်တပြိုင်နက် “ဒိုင်း” ခနဲ ပစ်ချလိုက်ကြပါသည်။ ပါးစပ်ကနေပဲ “ဒိုင်း” ဟူ၍ အော်ကြခြင်းသာ။ ထို “ဒိုင်း” ဟူသော အသံကိုကြားသည့်အခါ တစ်ဖက်ကလူကလည်း သေပေးကြရပါသည်။ ထိုအခါ ရန်သူတစ်ယောက်ကို နှိမ်နင်းလိုက်နိုင်မှုအတွက် ကျေနပ်သွားရပါသည်။ တချို့ကျတော့လည်း “မင်း ပစ်တာ မမှန်ဘူးကွ” ဟု ဆိုကာ ပြန်လည်ပစ်ခတ်တတ်ပါသည်။ ထိုအခါမျိုးတွင်မူ အငြင်းပွားရပြန်ပါသည်။
အမှန်စင်စစ်တွင် ကျနော်တို့သည် စိတ်ကူးယဉ်စစ်ပွဲကို ဆင်နွှဲနေခဲ့ကြခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် စစ်ပွဲအတုများ ဖြစ်၏။ ကလေးဘဝ၌ ပျော်စရာ အတော်ကောင်းသည့် ကစားနည်းတစ်ခု ဖြစ်ပါသည်။
အဘယ်ကြောင့် ကလေးများ စိတ်ကူးယဉ်စစ်ပွဲတို့ကို ဆင်နွှဲခဲ့ကြပါသနည်း။
ဘာကြောင့်ဆိုသည့် မှတ်ချက်ပြုပြောဆိုမှုတချို့ကိုလည်း ကျနော် ဖတ်ရပါသည်။ သေနတ်ဖြင့် ဆော့ကစားခြင်းသည် ကလေးငယ်အနေနှင့် သူ့ကိုယ်သူ ယောက်ျားပီသသည်ဟု ခံစားရမိတတ်သည်။ သူရဲကောင်းတစ်ယောက်ဟုလည်း ထင်မြင်နေတတ်သည်။ သို့မဟုတ် မိမိကိုယ်ကိုယ် လုံခြုံစိတ်ချစေသည်။
အမှန်တကယ်တွင်မူ ကလေးတွေချည်းသာ မဟုတ်ပါ။ လူကြီးများသည်လည်း စိတ်ကူးယဉ်စစ်ပွဲများကို ဖန်တီးကြပါသည်။ ရုပ်ရှင်နှင့် ဗီဒီယိုများက ထင်သာသော သာဓကများဖြစ်၏။ ဇာတ်လမ်းရေးသားသူ၊ စီစဉ်ရိုက်ကူးသူ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်သူ ထိုသူတို့သည်လည်း စိတ်ကူးယဉ်စစ်ပွဲများ ဖန်တီးရခြင်းကို ပျော်မွှေ့ကြပုံပေါ်ပါသည်။ မရေအတွက်နိုင်သော ပရိသတ်ပေါင်းများစွာကလည်း သဘောကျကြပုံရပါသည်။ ထို့ကြောင့် ထိုသို့သောဇာတ်ကားများ အများအပြား ရှိနေခြင်း ဖြစ်၏။
ကျနော် တွေးကြည့်နေမိပါသည်။ လူတော်တော်များများအနေနှင့် စိတ်ကူးထဲမှာ လူတွေသတ်ဖူးကြပါလိမ့်မည်။ (ရုပ်ရှင်နှင့် ဝတ္ထုများထဲကအတိုင်း လူဆိုးများကို ဖြစ်ပါလိမ့်မည်။)ထို့အတူပင် စစ်ပွဲတွင် ဝင်နွှဲနေသည်မျိုးကိုလည်း စိတ်ကူးကြည့်မိဖူးပါလိမ့်မည်။
ယင်းက ဘာကြောင့်ပါနည်း။ လူသားများသည် သတ်ဖြတ်တိုက်ခိုက်ရသည်ကို သာယာနေကြသလော။ မသိစိတ်ထဲမှ ဖြစ်ဖြစ်။ သို့မဟုတ် နှလုံးသား၏ အတွင်းထဲ၌ ထိုဆန္ဒကလေးသည် ခိုအောင်းနေနေသလော။
လက်တွေ့ ဖြစ်နိုင်ခြေ၊ လုပ်နိုင်ခြေ မရှိသောအခါမျိုးတွင် လူသားတို့သည် စိတ်ကူးဖြင့် ကျေနပ်ကြသည်မဟုတ်လား။ သို့ဆိုလျှင် သူသူကိုယ်ကိုယ် လူသားများ၏ ဗီဇစိတ်၌ပင်လျှင် ရန်လိုတိုက်ခိုက်လိုမှုတွေ ကိန်းအောင်းတွယ်ကပ်နေပါသလော။
ကလေးတစ်ယောက် သေနတ်ဖြင့် ဆော့ကစားခြင်း၏ အကျိုးဆက်သည် မည်သို့ ရှိနိုင်မည်နည်း။ တိတိပပ ပြောရန် ကျနော့်အတွင် အဖြေမရှိပါ။
စိုးရိမ်ကြသည့် မိဘများလည်း ရှိကြပါသည်။ ကြီးပြင်းလာလျှင် ဆိုးသွမ်းရက်စက် အကြမ်းဖက်သူများ ဖြစ်လာလေမည်လောဟု စိုးရိမ်ကြခြင်း ဖြစ်၏။ နိုင်ငံတကာ၌ စာသင်ကျောင်းများတွင် သေနတ်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသည်ဖြစ်ရာ ထိုကိစ္စသည် လေ့လာဆွေးနွေးဖွယ်ရာကောင်းသော အကြောင်းအရာလည်း ဖြစ်ပြန်ပါသည်။
အကယ်၍ ကလေးများကို သေနတ်တို့ဖြင့် ဆော့ကစားခြင်းမပြုအောင် တားမြစ်ပိတ်ပင်ခဲ့လျှင်ကော အနာဂတ်လူ့အဖွဲ့အစည်းတွင် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပပျောက်သွားမည်လော။ သို့သော် တစ်ခုသတိပြုမိသည်မှာ အရွယ်ရောက်လာချိန်တွင်မူ လူပေါင်းများစွာသည် သူတို့၏ ဘဝတွင် သေနတ်များမပါဘဲ သေသည်အထိ နေထိုင်သွားနိုင်ခဲ့ကြပါသည်။ ကလေးတို့၏ စိတ်ကူးယဉ်ကမ္ဘာကို ကလေးဘဝတွင်ပင် ထားခဲ့နိုင်ခဲ့ကြပါသည်။
လူသားတို့၏ သမိုင်းကို ပြန်ကြည့်မိသည့်အခါတွင်မူ တစ်ခုကို တွေ့ရပါသည်။ လူသားတို့သည် တိုက်ခိုက်သတ်ဖြတ်ရခြင်းအပေါ်တွင် ရူးသွပ်ကြသည်ဟု ဆိုပါသည်။ ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ဆိုလျှင် ယခုလိုပင် ဆိုထားပါသည်။ လူသားတို့အနေနှင့် ကမ္ဘာကြီးတွင် စိုက်ပျိုးရေးမရှိလည်း ရှင်သန်နိုင်ခဲ့ကြသည်၊ ဘာသာတရားမရှိလည်း ဖြစ်ကြပါသည်၊ သီချင်းများ မရှိလျှင်လည်း ဖြစ်ကြပါသေးသည်။ သို့သော် လက်နက်မရှိဘဲနှင့်မူ တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ကြပါဟူသတတ်။
ကမ္ဘာဦးလူသားသည် ကျောက်တုံးကို လက်နက်အဖြစ် အသုံးပြုခဲ့လေသည်။ သားရဲတို့၏ ဘေးရန်မှ ကာကွယ်နိုင်ရန်အတွက် ဖြစ်၏။ ထိုမှ ကျောက်တုံးကျောက်ခဲများကို ချွန်ထက်အောင် လုပ်နိုင်ခဲ့ပြီး သားရဲတွေကိုပင် ပြန်လည်တိုက်ခိုက် အမဲလိုက်နိုင်ခဲ့ပါသည်။ သို့နှင့် လက်နက်များ အဆင့်မြင့်လာခဲ့သည်မှာ ယနေ့အခြေအနေသို့ပင် ဆိုက်ရောက်လာခဲ့သည်။
သည်တော့လည်း မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းဆက်ခံလာခဲ့သော လူသားတို့၏ ဗီဇတွင် သေနတ်တို့၊ တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ဆိုသည်က ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ဖြစ်ပါလိမ့်မည်။ ယင်းကြောင့်လည်း ကလေးများအနေနှင့် သေနတ်ဖြင့် ဆော့ကစားရခြင်းကို ကြိုက်နေကြခြင်း ဖြစ်ပါလိမ့်မည်။ တချို့လူကြီးများသည်လည်း စိတ်ကူးယဉ်စစ်ပွဲများကို ဖန်တီးရခြင်း၊ ကြည့်ရှုရခြင်းတို့ကို အရသာတွေ့နေခြင်း ဖြစ်ပါလိမ့်မည်။ ယင်းက ပြဿနာတစ်ရပ်ပေလော။ သို့မဟုတ် စိတ်ဖြေဆေးတစ်ခုပေလော။
လက်တွေ့မြေပြင်တွင် တကယ့်စစ်ပွဲအစစ်များ၊ အကြမ်းဖက်မှုများကို ဆင်နွှဲနေကြသူတို့ကရော မည်သို့သော သူများ ဖြစ်ပါသနည်း။ ငယ်စဉ်က စိတ်ကူးယဉ်ကမ္ဘာထဲတွင် မနေထိုင်၊ မပျော်ပိုက်ခဲ့ရသူများလော။ သို့မဟုတ် စိတ်ကူးယဉ်ရုံနှင့် ကျေနပ်တင်းတိမ်နိုင်ခြင်းမရှိသော လက်တွေ့သမားများ ဖြစ်နေကြပါသလော။
လွန်ခဲ့သည့် နှစ်များစွာက မြန်မာဝတ္ထုတိုလေးတစ်ပုဒ်ကို ကျနော် ဖတ်ခဲ့ရရာ ယခုအထိမှတ်မိနေသေးသော ဇာတ်ကောင်၏ စရိုက်ကလေးတစ်ခုရှိပါသည်။ သမီးရည်းစားနှစ်ယောက် ဘုရားပွဲဈေးကို လျှောက်လည်ကြသည့်အခါ ချစ်သူကောင်မလေးက သူ့ရည်းစားကို “ဘာလက်ဆောင် ဝယ်ပေးရမလဲ” ဟု မေးပါသည်။ ထိုအခါ ချစ်သူကောင်လေးသည် အရုပ်ဆိုင်တွင် ချိတ်ဆွဲထားသော ကလေးကစားစရာ သေနတ်တစ်လက်ကို လက်ညှိုးထိုးပြလေ၏။ ယင်းသည် ဇာတ်လမ်း၏ အသက်ပင် ဖြစ်တော့သည်။
ယခုအရွယ်ကျမှ ဘယ့်အတွက်ကြောင့် ကလေးကစားစရာ သေနတ်ကို လိုချင်ရပါသနည်း။ ချစ်သူကောင်မလေးမှာ နားမလည်နိုင်အောင် ဖြစ်သွားပါသည်။ ထိုတော့မှ ကောင်လေးက ပြောပြ၏။ သူငယ်စဉ်က ထိုကဲ့သို့သော သေနတ်နဲ့ သေနတ်ကလေးများဖြင့် ဆော့ကစားချင်ခဲ့သော်လည်း ဆင်းရဲလွန်းသဖြင့် မဝယ်နိုင်ခဲ့ကြောင်း။ ထိုဆန္ဒကလေးသည် ပျောက်မသွားခဲ့ဘဲ ကြီးပြင်းချိန်အထိ ရှိနေခဲ့သည်။ ကောင်မလေးက ထိုသေနတ်ကလေးကို ဝယ်ပေးလိုက်ပါသည်။ ကောင်ကလေးသည်လည်း အတော်ကလေးကို ပျော်ရွှင်သွားခဲ့ပါသည်။
အဲသည်ဝတ္ထုတိုကလေးကို ကျနော်လည်း များစွာ သဘောကျနေခဲ့ပါသည်။
ငယ်ငယ်က မဆော့ခဲ့ရသည့်တိုင် ကြီးသော်လည်း ဆန္ဒမပျောက်သွားခဲ့ပါ။ သို့သော် ဖြူစင်ပါသည်။ သူ လိုချင်သည်က ကစားစရာအရုပ်သာ။
အဲသည်လို အရုပ်သေနတ်ကလေးများဖြင့် ဆော့ကစားခြင်းက အပြစ်ကင်းသည်မဟုတ်ပါသလော။
ငြိမ့်လွင့်
The Tanintharyi Times
