တနင်္သာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရ

တနင်္သာရီမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရ

ပုံစာ - စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့တဲ့ လယ်တောင်ယာရွာက နေအိမ်။(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်လို့ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့ည ၇ နာရီခွဲလောက်က လက်နက်ကြီးပစ်ခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် ဒေါ်ပိန်ရဲ့ ဝမ်းဗိုက်မှာ ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ပိန် ဟာ ရေကြီးလို့ပျက်စီးဆုံးရှုံးသွားတဲ့ သူ့ရဲ့လယ်တွေကို ပြန်လည်စိုက်ပျိုးပြီး လယ်တဲထဲအနားယူနေတဲ့အချိန် အခုလိုကျည်စထိမှန်ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“လယ်တဲထဲမှာ ထမင်းစားပြီးထိုင်နေတုန်းမှာထိတာ။ ထိတာကလည်း ပထမဆုံးပစ်တဲ့ကျည်။ ပထမဆုံးကျည်ဆိုတော့ ရှောင်ချိန်လည်းမရ ပုန်းချိန်လည်းမရဘူး။” လို့ လယ်တောင်ယာရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရထားတဲ့ ဒေါ်ပိန် ဟာ ချက်ချင်းဆေးကုသမှုခံဖိုလိုအပ်ခဲ့ပေမယ့် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဆီကနေ ခွင့်ပြုချက်ယူနေရတဲ့အတွက် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံကို နောက်ကျမှရောက်ပြီး ဆေးကုသခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အူမကြီးအလုပ်မလုပ်တော့ဘူးဆိုတဲ့ စစ်ချက်အဖြေကြောင့် ဒီကနေ့မနက်မှာတော့ မြိတ်ပြည်သူ့ဆေးရုံမှာ သွားရောက် ကုသမှုခံယူနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ လက်နက်ကြီးရမ်းသန်းပစ်ခတ်ပြီး ဒီကနေ့မနက်မှာတော့ တင်္သာရီမြို့နယ်ထဲက ခြောက်မိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေနှစ်ဖက်ပစ်နေကြတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

“ပုံမှန်စစ်ကြောင်းထိုးရင် လက်နက်ကြီးပစ်ပြီးလမ်းရှင်းလေ့ရှိတယ်လေ။ အခုလည်း လယ်တောင်ယာဘက်ကို စစ်ကြောင်းထိုးမယ့်ပုံနဲ့ လက်နက်ကြီးတွေပစ်ပြီး ခြောက်မိုင်ဘက်ကိုတိုးသွားတာ။” လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ကနဦးသိရပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ တတိယပတ်ကတည်းကနေ တနင်္သာရီမြို့နယ်ထဲက နေရာသုံးခုလောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြားတိုက်ပွဲဖြစ်ပြီး ဒီကနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

The Tanintharyi Times