ဖူးခက်မြေပြိုမှုမှာ ထားဝယ်ဒေသခံ ၈ ဦးသေဆုံးတဲ့အပြင် ပျောက်ဆုံးသူတွေလည်းရှိနေ

ဖူးခက်မြေပြိုမှုမှာ ထားဝယ်ဒေသခံ ၈ ဦးသေဆုံးတဲ့အပြင် ပျောက်ဆုံးသူတွေလည်းရှိနေ

ဓာတ်ပုံ - เหยี่ยวข่าว ภูเก็ต Newshawk Phuke

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်အတွင်းမြေပြိုကျမှုမှာ ထားဝယ်ဒေသခံ ၈ ဦးရဲ့အလောင်းတွေကို တွေ့ရှိထားတယ်လို့ ကူညီလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

မနေ့က မနက် ၅ နာရီလောက်မှာ ဖူးခက်ခရိုင်၊ ကရွန်မြို့နယ်မှာ မိုးသည်းထန်တာကြောင့် တောင်ပေါ်ကမြေတွေ လူနေအိမ်တွေနဲ့ စျေးဆိုင်တွေပေါ်ကို ပြိုကျခဲ့တာပါ။

“မိုးကဆက်တိုက်ရွာနေတော့ တောင်ပေါ်မှာရေအုံနေလားမသိဘူ။ တောင်ပေါ်က ရေတွေအရင်ဆင်းလာတယ်။ ပြီးတော့မှမြေနဲ့‌ ရေနဲ့‌ရောပြီး ပြိုကျလာတာ” လို့ ဖူးခက်မြို့မှာနေထိုင်တဲ့ ကော့သောင်းဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီမြေပြိုမှုကြောင့် တောင်စောင်းတစ်လျောက်နဲ့ လမ်းပေါ်က နေအိမ်တွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာနေထိုင်သူတွေ မြေနဲ့ဖုံးသွားတာဖြစ်တယ်လို့ ဖူးခက်မြို့မှာနေထိုင်သူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ ထားဝယ်ဒေသခံ အမျိုးသမီးငါးဦး နဲ့ အမျိုးသားသုံးဦး စုစုပေါင်း ရှစ်ဦး၊ ရုရှားနိုင်ငံသား နှစ်ဦးနဲ့ ထိုင်းနိုင်ငံသား တစ်ဦးတို့ရဲ့အလောင်းတွေကို တွေ့ရှိထားတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ Andaman Friendship Association (AFA) အဖွဲ့ဆီကသိရပါတယ်။

“အခုလက်ရှိအချိန်ထိ တွေ့တာက ရှစ်လောင်းပါ။ အဲဒီထဲက နှစ်ယောက်က ဒီမနက်မှတွေ့တာ။ မိသားစုဝင်တွေကို အတည်ပြုတာနဲ့ လိုအပ်တာတွေဆက်လုပ်နေတယ်” လို့ Andaman Friendship Association (AFA)အဖွဲ့ရဲ့ ဒါရိုက်တာကပြောပါတယ်။

သေဆုံးသူတွေကတော့ ကိုအောင်ပိုင်ဖြိုး၊ မလဲ့လဲ့စန်း၊ မချိုရင်သန်း၊ မမျိုးမြတ်မြတ်အေး၊ မအိအိစန်း၊ မအိအိဖြိုးလှိုင်၊ ကိုကျော်လွင်နဲ့ ကိုရာဇာထက်တို့ဖြစ်တယ်လို့ AFA ဒါရိုက်တာကဆိုပါတယ်။

မြန်မာနိုင်ငံသားတွေထဲမှာ သေဆုံးသူတွေအားလုံးဟာ ထားဝယ်ခရိုင်အတွင်းကဖြစ်ပြီး အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ကူညီလုပ်ဆောင်ပေးနေသူတွေနဲ့ ဖူးခက်မြို့မှာနေထိုင်သူတွေက ဆိုပါတယ်။

သူတို့ရဲ့အလောင်းတွေကတော့ အခုလက်ရှိဆေးရုံမှာပဲရှိသေးတယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

နောက်ထပ်ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ကူညီလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

Andaman Friendship Association (AFA)အဖွဲ့ရဲ့ ဒါရိုက်တာကလည်း “လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေးတွေဆက်လုပ်နေဆဲပါပဲ။ ပျောက်ဆုံးနေလို့ အကြောင်းကြားထားတာတွေလည်းရှိတယ်။ အရေအတွက်ကိုတော့ ကျနော်တို့မပြောသေးဘူးပေါ့” လို့ဆိုပါတယ်။

အခုမြေပြိုမှုကြောင့် ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိပြီး နေအိမ်တွေ၊ စျေးဆိုင်တွေနဲ့ ကားလမ်းတွေလည်း အများအပြားပျက်စီးခဲ့တယ်လို့ ဖူးခက်မြို့မှာ နေထိုင်သူတွရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times