ထားဝယ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး လောင်းလုံးမှာ ပစ်သတ်ခံရ
ထားဝယ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး လောင်းလုံးမှာ ပစ်သတ်ခံရ
လောင်းလုံးမြို့နယ်မှာ ထောက်လှမ်းရေးလုပ်နေတဲ့ ထားဝယ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ပစ်သတ်ခံရသူကတော့ အမှတ်(၇)အလုပ်ရုံတပ်စု (လျှပ်/စက်)က တပ်သား စိုးပိုင်ဖြစ်ပြီး ပြီးခဲ့တဲ့လ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က လောင်းလုံးမြို့နယ်အောက်ပိုင်းမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။
“သူကအရပ်ဝတ်နဲ့တစ်ယောက်တည်းသွားနေတာပါ။ မိုးလည်းချုပ်နေတော့ ကင်းသမားနဲ့တိုးပြီး ဖမ်းစစ်လိုက်တာ။ လက်နက်ယူလာတာတော့မရှိဘူးဗျ။” လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားကို တွေ့ရှိခဲ့တဲ့အချိန်ဟာ ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက နေအိမ်အများအပြားကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး နောက်တစ်ရက်မှာဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ အဆိုပါစစ်ကောင်စီတပ်သားဟာ အဲဒီအချိန်က သကျက်တောနဲ့ရဘဲရွာတွေဘက်ကိုရောက်နေတဲ့စစ်ကြောင်းကလို့ ယူဆရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုပစ်သတ်ခံရသူဟာ ထားဝယ်သားတစ်ဦးဖြစ်ပြီး သိမ်းဆည်းရမိတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့စာရွက်မှာတော့ သူ့ရဲ့နေရပ်လိပ်စာ မြိတ်မြို့နယ်၊ စန္ဒဝတ်ရွာလို့ရေးသားထားပါတယ်။
The Tanintharyi Times

