မလေးရှားသွားမဲ့ ထားဝယ်နဲ့မြိတ်ဒေသခံ အပါအဝင် မြန်မာနိုင်ငံသား ၂၀ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ
မလေးရှားသွားမဲ့ ထားဝယ်နဲ့မြိတ်ဒေသခံ အပါအဝင် မြန်မာနိုင်ငံသား ၂၀ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ
မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်မဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်မှာ မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မနေ့ကညနေ ၄ နာရီလောက်က လာခေါ်မဲ့ပွဲစားကို အုန်းတောတစ်ခုအတွင်း စောင့်ဆိုင်းနေချိန် ငါးဖမ်းဖို့ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကို ပွဲစားထင်ပြီး သွားတွေ့ရာကနေ ထိုင်းနိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် အခုလိုဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထားဝယ်၊ မြိတ်၊ ရခိုင်နဲ့ မန္တလေးမြို့တွေက လာရောက်သူတွေဖြစ်ကြပြီး အသက် ၁၆ နှစ်ကနေ ၅၃ နှစ်အထိပါဝင်တယ်လို့သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးကတော့ ၁ ဦးသာပါဝင်ပြီး ကျန်တဲ့ ၂၆ ယောက်စလုံးကအမျိုးသားတွေဖြစ်ပါတယ်။
သူတို့ဟာ ပွဲစားခအဖြစ် တစ်ယောက်ကို ထိုင်းဘတ်ငွေ ၄၅၀၀၀ ကနေ ၅၀၀၀၀ အထိပေးဆောင်ရမှာဖြစ်ပြီး ကနဦးအနေနဲ့ ဘတ်ငွေ ၂၀၀၀၀ ပေးဆောင်ကာ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်ဖက်ကနေ ထိုင်းဖက်ကို တရားမဝင် လမ်းကြောင်းကနေဝင်ရောက်လာတာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို လက်ရှိမှာ ခလောင်ဝါတိုက်နယ်ရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
အခုလ ၁၀ ရက်နေ့ကလည်း မလေးရှားကိုသွားမယ့် မွန်ပြည်နယ်ကဒေသခံ ၂၁ ဦး ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီမတိုင်ခင် ၇ ရက်နေ့ကလည်း ထိုင်းကနေ မလေးရှားကို တရားမဝင်ရွှေ့ပြောင်းလုပ်သားပို့ဆောင်နေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ်။
The Tanintharyi Times
